Chapter 5 (U)

1.4K 54 0
                                    

အပိုင်း ၅

"မြင့်မြတ်သူတို့စံရာမြို့တော်..."

ဘာသာရေးမြို့တော်၊ သို့မဟုတ် ဤကမ္ဘာ၏ ဗဟိုချက်။ တိုင်းပြည်တစ်ပြည်စီတွင် မြို့တော်နှင့် တော်ဝင်နန်းတော်များ ရှိကြသော်လည်း ထိုမြို့များကို မြို့တော်များဟု သတ်မှတ်ခေါ်ဆိုခြင်း အလျဉ်းမရှိပေ။

ဘာသာရေးမြို့တော်သည် ဆန်းဂျယ် တိုက်ရိုက်အုပ်ချုပ်သည့် တိုင်းပြည်အသေးစားလေးတစ်ခုဖြစ်သည်။ ဘာသာရေးတိုင်းပြည်ဖြစ်ပြီး နိုင်ငံရေးတိုင်းပြည်မဟုတ်ပေ။ ယူဂျင်း နေထိုင်ခဲ့သည့်ကမ္ဘာတွင် အလားတူပုဂ္ဂိုလ်ကို ရှာပြပါဆိုလျှင် ဆန်းဂျယ်ကို ပုပ်ရဟန်းမင်းကြီးနှင့် ယှဉ်ပြ၍ရနိုင်ပေမည်။

'ဆန်းဂျယ်ကတော့ ငါ့မှာဖြစ်နေတဲ့ ဒီအဖြစ်အပျက်ကို သိနိုင်လောက်မလားမသိဘူး။'

ဆန်းဂျယ်သည် လူသားတစ်ယောက် မဟုတ်ပေ။ ဆန်းဂျယ်၏ သရုပ်မှန်ကို သိထားသူက ယူဂျင်းတစ်ယောက်အပြင် ရှိမည်မဟုတ်သည့်ပုံပင်။ ယူဂျင်းက ဤကမ္ဘာကို ဖန်တီးခဲ့သူဖြစ်သောကြောင့်ဖြစ်၏။

'ဆန်းဂျယ်နဲ့ တွေ့ကြည့်လိုက်ရမလား။'

ယူဂျင်း ခေါင်းခါလိုက်သည်။ ထိုကဲ့သို့လုပ်ရန် ကောင်းသည်ဟု သိပ်မခံစားရပေ။

'ငါ့ရဲ့သရုပ်မှန်ကို သိသွားပြီးရင် ဆန်းဂျယ်က ငါ့အပေါ် ဖော်ရွေနှစ်လိုပါ့မယ်ဆိုပြီး အာမခံချက် မရှိဘူးလေ။'

ထို့အပြင် အဖြစ်အပျက်အားလုံး၏ ဗဟိုချက်ဖြစ်သည့် ဘာသာရေးမြို့တော်သို့ သွားလိုစိတ်မရှိပေ။

"အာနီခါ။"

ယူဂျင်း လှည့်ကြည့်လိုက်သည်။ တစ်ချက်ကြာပြီးသည့်နောက်တွင် အပြင်ဘက်မှ သတိထား၍ ထပ်ခေါ်လာခဲ့ပြန်၏။

"အာနီခါ၊ အသိပေးရမဲ့စကား ရှိပါတယ်။"

"ဝင်ခဲ့။"

ပထမဆုံးအနေဖြင့် ယူဂျင်းအား အများဆုံး စိတ်အနှောင့်အယှက် ပေးနေသည့်အရာမှာ လူများအား ပြောဆိုဆက်ဆံရသည့် အပြုအမူပင်။ မိဖုရားတစ်ပါးက သူ၏ လက်အောက်ငယ်သားများအပေါ် ယဉ်ကျေးသည့်စကားမျိုး သုံးနှုန်းလိမ့်မည်မဟုတ်။ သို့သော် ရာဇဝင်ဇာတ်လမ်းများထဲတွင်သာ တွေ့ရနိုင်သည့် လေသံက သူ့ပါးစပ်တွင် လုံးဝအသားကျမနေချေ။

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now