Chapter 12 (U)

1.3K 50 3
                                    

အပိုင်း ၁၂

"အခုလည်း နည်းနည်း ထူးဆန်းသလို ခံစားနေရတုန်းပဲ။"

"လေက လေးလံလာသလို ခံစားချက်မဟုတ်လား။"

"ဟုတ်တယ်။ ကွက်တိ အဲ့ဒီအတိုင်းပါပဲ။"

"အသားကျသွားတာနဲ့ အဆင်ပြေသွားလိမ့်မယ်။ ဒါပေမဲ့ ထူးဆန်းနေတယ်။ စွမ်းအားကို ထိန်းချုပ်တာက မြင်းစီးတာနဲ့ အတူတူပဲလေ။ တစ်ခါသင်ထားပြီးရင် စိတ်ထဲမှာ စွဲမြဲနေတာဆိုတော့ မေ့သွားစရာ အကြောင်းမရှိရမှာကို။"

ယူဂျင်းက ခါဆယ်ရ်၏ စကားကို မကြားချင်ယောင်ဆောင်လိုက်သည်။

"တောင်းဆိုစရာ တစ်ခုရှိပါတယ်။"

ယူဂျင်းက သူ၏ရင်ခွင်တွင် မှီထားသည့် ဦးခေါင်းကိုပင့်ပြီး မေးစေ့ကို မှေးတင်ထားလိုက်သည်။

"ဒီလိုရှိတယ်၊ ဟိုလိုရှိတယ်။ အဲ့ဒီလေသံမျိုးကို မသုံးဘဲနေလို့ မရဘူးလားဟင်။"

နန်းတွင်းဒရာမာထဲမှ ထွက်လာသလို လေသံမျိုးကို ကြားရသည့်အခါတွင် ယူဂျင်းတစ်ယောက် ကြက်သီးများပင် ထခဲ့ရသည်။ စာရေးဆရာ ကြုံတွေ့သင်ယူထားသည့် ယဉ်ကျေးမှုက ဖန်တီးထားသည့် ဤကမ္ဘာအပေါ်ကို ဘယ်လိုမှမတတ်သာဘဲ ထင်ဟပ်နေသည့်အတွက်ကြောင့်ပဲ ဖြစ်လေမလား။ မဟာတွင် အသုံးပြုပြောဆိုသည့် ဘာသာစကားမှာ တစ်ဖက်လူ၏ အဆင့်အတန်း၊ သို့မဟုတ် အသက်အရွယ်ကိုလိုက်၍ အမျိုးမျိုးကွဲပြား၏။

"ဒီအတိုင်း သက်သောင့်သက်သာပဲ ပြောပါ။ ကျွန်မထက် အသက်ပိုကြီးတာပဲမို့လို့ အဲ့ဒီလောက်ကတော့ နားလည်ပေးလို့ရပါတယ်။"

ခါဆယ်ရ်က အတန်ကြာသည်အထိ ဘာမှမပြောခဲ့ပေ။ 'ငါက တော်တော်လေး ထူးဆန်းတာကိုများ တောင်းဆိုမိလိုက်တာလား' ဟု ယူဂျင်း တွေးလိုက်မိသည့် အခိုက်အတန့်တွင် သူက ခပ်တိုးတိုး ရေရွတ်ပြောဆိုခဲ့သည်။

"အခု ယုံပြီ။ မင်း တကယ်ပဲ မှတ်ဉာဏ်တွေ ပျောက်သွားတာကိုး။"

"နောက်ဆုံးတော့ ယုံကြည်ပြီပေါ့လေ။ အားတက်ရပါတယ်။"

သူက ယူဂျင်းကို ဘာမှမပြောဘဲ ကြည့်နေခဲ့သည်။ သတိထား၍ စနည်းနာနေသည့်အကြည့်ပင်။

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now