Chapter 17 (U)

1K 47 2
                                    

အပိုင်း ၁၇

မှောင်ရီပျိုးလာပြီးသည့်နောက်တွင် ခါဆယ်ရ်က ရဲတိုက်သို့ ပြန်လာခဲ့သည်။ ဒီနေ့လောက် ရဲတိုက်သို့ မြန်မြန်ပြန်ရန် စိတ်စောမိခြင်းမျိုး တစ်ခါမှမဖြစ်ဖူးခဲ့။ သို့သော် ဒီနေ့မှ ထူးထူးခြားခြား သူ့အား ဆွဲထားသည့်ကိစ္စများကလည်း အများအပြားရှိနေခဲ့သည်။

ညဉ့်နက်နေပြီဖြစ်သော်လည်း သူက ဧကန္တများဆိုပြီး ဆောင်တော်ထိန်းအား မိဖုရား ညစာစားပြီးပြီးလား၊ မစားရသေးဘူးလား မေးလိုက်သည်။ ဆောင်တော်ထိန်း၏ အဖြေကား စိတ်ပျက်စရာပင်။

"မိဖုရားက ညစာစောစောသုံးဆောင်ပြီး သေရည်သောက်ခဲ့ပါတယ်။"

ခါဆယ်ရ်က အထိန်းတော်ချုပ်ကို အခေါ်ပါးလိုက်သည်။

"မိဖုရား အဆင်ပြေရဲ့လား။ အကြာကြီး တစ်ရေးအိပ်ပြီးတော့ အိပ်ရာတောင်ဝင်သွားပြီဆို၊ ဟုတ်လား။"

မိဖုရား တစ်ရေးအိပ်သည့်အကြောင်း ဘုရင်က သိနေသည့်အတွက် ဆာရာတစ်ယောက် အံ့ဩသွားသော်လည်း ထိုအဖြစ်ကို မပေါ်လွင်စေဘဲ ပြန်ဖြေခဲ့သည်။

"ဒီနေ့ တော်တော်လေး ပင်ပန်းနွမ်းနယ်နေတဲ့ပုံပါပဲ။ သမားတော်ခေါ်လိုက်ရမလားလို့ မေးကြည့်သေးပေမဲ့ ရတယ်လို့ပြောတဲ့အတွက် မိဖုရားရဲ့ဆန္ဒအတိုင်း လိုက်နာခဲ့ပါတယ်။ မနက်ဖြန်ရောက်လို့မှ ဒီနေ့လိုပဲဖြစ်နေဦးမယ်ဆိုရင်တော့ သမားတော် ခေါ်လိုက်ပါ့မယ်။"

"သိပြီ။"

အထိန်းတော်ချုပ် ထွက်သွားပြီးသည့်နောက်တွင် ဆောင်တော်ထိန်းက သမားတော် စောင့်နေသည့်အကြောင်း ကြေညာမောင်းခတ်ခဲ့သည်။ သမားတော်က စောစောကတည်းက ဘုရင်မင်းမြတ် အခေါ်ပါးမည်ကို စောင့်နေခဲ့ခြင်းပင်။ ခါဆယ်ရ်က အတိတ်မေ့ခြင်း၏ လက္ခဏာများအကြောင်း သိချင်သဖြင့် ဒီမနက် ရဲတိုက်မှမထွက်ခင် သမားတော်ခေါ်ထားရန် မှာကြားထားခဲ့သည်။

လက်ရှိတွင် ဘုရင်မင်းမြတ်အပါအဝင် လူအနည်းငယ်သာ မိဖုရား မှတ်ဉာဏ်ပျောက်သွားသည့်အဖြစ်ကို သိထားကြ၏။ ထိုလက္ခဏာများ​အတွက် မိဖုရားမှာ ယခုထိ သမားတော်နှင့် မတွေ့ရသေးချေ။

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now