Chapter 18 (U)

826 49 2
                                    

အပိုင်း ၁၈

"...တကယ်ပဲ စာအုပ်တွေကို ကြိုက်တာလား။"

ယူဂျင်းက ဟိုဟိုဒီဒီ အကဲခတ်ကြည့်ကာ အထဲသို့ ဝင်လိုက်သည်။ အတွင်းပိုင်းက ဆဋ္ဌဂံပုံစံ တည်ဆောက်မှုရှိ၏။ အလယ်တွင် ဆိုဖာအရှည်ကြီးနှင့် စားပွဲတစ်လုံး ရှိနေသည်။

ယူဂျင်းက မျက်လုံးဖြင့် အပေါ်ယံ စနည်းနာရင်း စာအုပ်စင်တန်းတစ်လျှောက် ဖြတ်လျှောက်လာခဲ့သည်။ ထို့နောက် နံရံတွင် တံခါးတစ်ချပ်ကဲ့သို့ ဟနေသည့် စာအုပ်စင်၏ တစ်စိတ်တစ်ပိုင်းကို သတိထားမိသွား၏။

"လျှို့ဝှက်နေရာများလား။"

ယူဂျင်း၏နှလုံးက တဒုတ်ဒုတ် ခုန်လာတော့သည်။ တံခါးဖွင့်ရန်အတွက် ယန္တရားတစ်ခုတလေများ ရှိမလားဟု လှည့်ပတ်ရှာဖွေကြည့်သော်လည်း ဘာမှမတွေ့ခဲ့ရပေ။

ယူဂျင်းက အရင်ဆုံး အားနှင့်တွန်းလိုက်သည်။ သော့ခတ်ထားလောက်သည်ဟု ထင်လိုက်မိသော်လည်း ထို့နောက် ကျွီခနဲအသံနှင့်အတူ ဆုံလည်တံခါးကဲ့သို့ လည်ပြီးပွင့်သွားခဲ့သည်။

တွန်းဖွင့်လိုက်သည့် တံခါး၏အနောက်တွင် အခန်းသေးသေးလေးတစ်ခန်းရှိ၏။ အခန်းထဲရှိနံရံများတွင် စာအုပ်စင်တွေချည်းရှိနေကာ စာအုပ်များလည်း အပြည့်ပင်။

ယူဂျင်းက မျက်စိကျမိသည့် စာအုပ်တစ်အုပ်အား ယူထုတ်လိုက်သည်။ လက်တစ်ဖက်တည်းဖြင့် ဆွဲထုတ်ရန်လုပ်ခဲ့သော်လည်း အင်မတန် လေးလံလှသောကြောင့် နှစ်ဖက်စလုံးဖြင့် ဆွဲခဲ့ရ၏။ စာအုပ်စင်မှ ယူထုတ်လိုက်သည်ဆိုလျှင်ပဲ သူ၏ခန္ဓာကိုယ်က အောက်သို့ဝပ်သွားရသည်။

"ဘာလို့ ဒီလောက်တောင် လေးနေရတာလဲ။"

ယူဂျင်းက စာအုပ်နှင့်အတူ အခန်းလေးထဲမှ ထွက်လာကာ စားပွဲပေါ်သို့ တင်လိုက်၏။ ထို့နောက် အဖုံးမှစ၍ စာအုပ်ကိုဖွင့်ကာ အနီးကပ် စူးစမ်းစစ်ဆေးကြည့်ခဲ့သည်။

"အဖုံးကတော့ သားရေပဲ။ ဒီအလှဆင်ထားတဲ့ ကျောက်တုံးက ရတနာမဟုတ်လား။ အတွင်းပိုင်းက စက္ကူနဲ့လုပ်ထားတာ တစ်မျိုးထူးဆန်းနေတယ်။ အာ၊ ဧကန္တ ပေရွက်လိုမျိုးများလား။"

နောက်ဆုံးခရီး နိဋ္ဌိတံသော် (MM Translation)Where stories live. Discover now