အပိုင်း ၅- ကမ္ဘာကူးပြောင်းခြင်း
အဖိုးကျိုးသည် ခေါင်းမာလှပြီး ဝူချင်းယွမ်၌ ဖြောင်းဖြနိုင်စွမ်း မရှိသလို အဖိုးဝူကလည်း သူ့ကို မဖြောင်းဖြနိုင်ပေ။ နောက်ဆုံး၌ ထွက်ခွာသွားရမည့်သူမှာ ဝူချင်းယွမ် တစ်ယောက်တည်း ဖြစ်ကြောင်း ဆုံးဖြတ်လိုက်ကြသည်။
အမှန်တွင် အဖိုးကျိုးပြောသည်မှာ ကျိုးကြောင်းဆီလျှော်ပေသည်။ သူတို့ ၂ယောက်လုံးသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်ပြီး ပြီးခဲ့သည့် နှစ်များအတွင်းကောင်းမွန်စွာ နေထိုင်ခဲ့ရသည်။ အခြားတစ်နေရာသို့သွား၍ ဒုက္ခခံမည့်အစား သူတို့၏ ကျန်ရှိသည့် သက်တမ်းကို ဤခြံဝန်းထဲ၌ ကုန်ဆုံးခြင်းသည် ပိုကောင်းမွန်ပေလိမ့်မည်။
သို့သော်လည်း ဝူချင်းယွမ်သည် စိုးရိမ်ပူပန်နေဆဲပင်။ ကမ္ဘာပျက်ကပ်က လအနည်းအတွင်း ရောက်လာတော့မည် ဖြစ်သောကြောင့် အဖိုးအို ၂ ယောက် တည်း နေထိုင်ရန်မှာ အန္တာရယ်များလှပေသည်။ အကြီးအကဲ ၂ ယောက်က ထွက်ခွာမသွားချင်ကြသောကြောင့်သာ သူ့၌ ရွေးချယ်စရာမရှိဘဲ သူတို့ကို ဤနေရာ၌ ထားခဲ့ရခြင်းဖြစ်၏။ သူလုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာကား အကြီးအကဲ ၂ ယောက်၏ ကျန်ရှိသည့် နှစ်များအတွင်း လုံခြုံစွာ နေထိုင်နိုင်ရေးအတွက် နည်းလမ်းတစ်ခု ရှာဖွေရန် ဖြစ်သည်။
ထို့ကြောင့် ဤကိစ္စကို ဆုံးဖြတ်ပြီးသည်နှင့် နေမကြတ်ခင် အချိန်များစွာ ကျန်ရှိနေသေးသည်ကို အခွင့်ကောင်းယူကာ Y စီရင်စုမှ ချက်ချင်းထွက်ခွာမသွားသေးဘဲ အကြီးအကဲ ၂ယောက်၏ အိမ်တွင် ဆက်လက်နေထိုင်လိုက်၏။
ဝူစုဖန်းဆီမှ ညှစ်ထုတ်လာသော ယွမ် ၈ သိန်းနှင့် ငွေတိုးချေးစားသူများထံ အိမ်ရောင်းရာမှ ရရှိလာသော ယွမ်တစ်သန်းကျော်တို့သည် ယခုထိ မသုံးရသေးပေ။ ထိုငွေ ပမာဏက သိပ်မများလှသော်လည်း အကြီးအကဲ ၂ယောက်၏ အိမ်ကို ပြန်လည်ပြင်ဆင်ရန်နှင့် ကုန်ပစ္စည်း တစ်ချို့ ဝယ်ယူ သိမ်းဆည်းထားရန် အတွက်လုံလောက်ပေသည်။
အကြီးအကဲ ၂ ယောက်၏ အိမ်မှာ ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အိမ်ပုံစံက ခေတ်မှီ အဆောက်အဦးများနှင့် မယှဥ်နိုင်သော်လည်း ခိုင်မာမှုနှင့် ခုခံနိုင်စွမ်းမြင့်မားသောကြောင့် များစွာ ပြုပြင်ရန်မလိုအပ်ပေ။ ပြုပြင်ရန်လိုအပ်သည့် တစ်ခုတည်းသော အရာမှာကား ကာကွယ်ရေးပစ္စည်းများ တပ်ဆင်ရန်ဖြစ်သည်။ ကမ္ဘာပျက်ကပ်၌ ဇန်ဘီများသာမက လူများသည်လည်း အလွန်တရာ အန္တရာယ် များလှပေ၏။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...