အပိုင်း ၁၉ - ဂရုတစိုက် စဥ်းစားခြင်း
အိမ်ကို ပြင်ဆင်သည့် အလုပ်သည် တက်တက်ကြွကြွ ရှိလှသည်။ ထို့ကြောင့် ရွာခေါင်းဆောင်ဆီမှ ဝယ်ထားသော ပျက်စီးနေသည့် ခြံဝန်းငယ်လေးကို အသစ်အတိုင်းဖြစ်ရန်နှင့် လူများ အဆင်သင့်နေထိုင်နိုင်ရန် အတွက် ငါးရက် မှ ခြောက်ရက် အထိသာ အချိန်ယူ လုပ်ဆောင် ခဲ့ရသည်။
အိမ်က ကောင်းမွန်သွားသော်လည်း အချိန်ကြာမြင့်စွာ စွန့်ပစ်ခံထားရသောကြောင့် အိမ်ထဲရှိ ပရိဘောဂများသည် အသုံးပြု၍ မရတော့ပေ။ ထို့အပြင် နေ့စဥ် အသုံးပြုသည့် ပစ္စည်းများမှာလည်း နည်းပါးလှပြီး အရာရာတိုင်းကိုသူကိုယ်တိုင် ပြင်ဆင်ရပေမည်။ အခြေချနေထိုင်ခြင်းနှင့် ရွှေ့ပြောင်းခြင်းသည် အလွန်ပင် ဒုက္ခများလှသည်။
ကံကောင်းစွာဖြင့် လင်းလောင်ကန်၏ အကူအညီဖြင့် ပရိဘောဂ ပြဿနာကို အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့သည်။ လင်းလောင်ကန် က သူ့ကို ရွာထဲရှိ လက်သမား တစ်ယောက်ကို ကူညီ ရှာဖွေပေးခဲ့သည်။ သူ့အနေဖြင့် လက်သမား၏ ဆိုင်တွင် လှပသော ကနုတ်ပန်းများနှင့် အထက်တန်းကျသည့် ပရိဘောဂများကို ပြုလုပ်နိုင်ခြင်း မရှိသော်လည်း ထိုပရိဘောဂများမှာ တောင့်တင်းခိုင်မာ၍ အကြမ်းခံလှပေသည်။ အရေးကြီးဆုံး အရာမှာကား ရွာထဲရှိ လက်သမားများသည် မြို့ထဲကထက်ပို၍ စျေးသက်သာလှပြီး လင်းလောင်ကန်က ကြင်ကြင်နာနာဖြင့် သူ့၏ ငွေကြေးများကို ကူညီ၍ ချွေတာပေးခဲ့သည်။
ချင်းယွမ်၌ ငွေကြေး ပြတ်လပ်မှု မရှိသော်လည်း ဤအိမ်တွင် ကာလကြာရှည် နေထိုင်ရန် အစီအစဥ် မရှိခဲ့ပေ။
သူတို့၏ ပရိဘောဂပြဿနာကို ဖြေရှင်းပြီးနောက် လိုအပ်သည့် အရာများကို ဝယ်ယူရပေမည်။ လိုအပ်သည့်ပစ္စည်းများဖြစ်သော စောင်၊ မွေ့ယာ၊ အိပ်ယာ၊ အိုးနှင့် ဒယ်ပြားများ၊ စသည်များအပြင် ဆီ၊ ဆား၊ ဆော့၊ ရှာလကာရည် စသည်အားလုံးကို ဝယ်ယူရပေမည်။
စေ့စေ့စပ်စပ် တွေးတောပြီးနောက် ချင်းယွမ်သည် ကျိုးကောအာကိုသာ မြို့ထဲသို့ခေါ်ဆောင်သွားရန် ရိုးရိုးရှင်းရှင်း တွေးတောလိုက်သည်။ ငယ်ရွယ်စဥ် ကတည်းက လက်ထပ်ရန်နှင့် မိသားစုအပေါ် ဂရုစိုက်ရန် သင်ကြားပေးခံထားရသော ကောတစ်ယောက် အနေဖြင့် သူသည် ဤ နယ်ပယ်တွင် ချင်းယွမ်ထက် ဗဟုသုတ ရှိပေလိမ့်မည်။ အဆုံး၌ အဖိုးကျိုး သည် သူ့အပေါ် အလွန်တရာကောင်းမွန်ပေးခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် ဤညီလေးကို သူ့၏ အခွင့်အရေးများနှင့် ပတ်သတ်၍ အသားကျစေရန် ကူညီပေးရပေမည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...