အပိုင်း ၂၂ - လင်းမိသားစု
ဆောင်ကြာမြိုင်၏ အနောက်ဘက် တံခါးသည် လူသူ ကင်းမဲ့သော်လည်း လုံခြုံမှု မရှိသေးပေ။ နောက်ဆက်တွဲ ဖြစ်ရပ်များကို ကြုံတွေ့ရခြင်းမှ ရှောင်လွှဲရန် ချင်းယွမ်သည် သူ့၏ စွမ်းရည်ဖြင့် လင်းအားမို၏ ခြေထောက်ကို ကုသရန် အလျှင်အမြန် ကူညီလိုက်ကာ ထိုနေရာမှ ချက်ချင်းထွက်ခွာ လာခဲ့သည်။ သူက ကျိုးကောအာကို ရှာဖွေရန် အဝတ်အစား ဆိုင်ဆီသို့ ပြန်သွားလိုက်ပြီးနောက် အစားအစာများ စားသောက်လိုက်ကြသည်။ နေ့လည်စာ စားပြီးနောက် သူတို့သည် ရွာသို့ ဖြည်းဖြည်းချင်း ပြန်လာခဲ့ကြ၏။
သို့သော် သူ့၏ စွမ်းရည် များသည် ဖော်ထုတ်၍ မရသော အရာများ ဖြစ်သောကြောင့် လင်းအားမိုကို အပြည့်အဝကုသ ပေးခဲ့ခြင်း မရှိပေ။ သို့သော် ခြေကျင်းဝတ် လည်နေသည့် နေရာကို အနည်းငယ် ကုသပေးခဲ့ပြီး အနည်းငယ် မသက်မသာ ဖြစ်ခြင်းကိုသာ ချန်ရစ်ခဲ့သည်။ သူ့အနေဖြင့် မကောင်းဆိုးဝါး တစ်ကောင်သဖွယ်ဆက်ဆံမခံချင်ပေ။
ယနေ့တွင် သူတို့သည် ပစ္စည်းများစွာကို ဝယ်ယူရန် အတွက် မြို့ထဲသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ချင်းယွမ်သည် အဝတ်အထည်၊ ဆီ၊ ဆား၊ ဆော့နှင့် ရှာလကာရည် ကဲ့သို့သော နေ့စဥ် လိုအပ်သည့် အရာများကို ဝယ်ယူခဲ့သည်။ ထိုပစ္စည်းများမှာ များပြားလှသောကြောင့် သူ့၏ လက်နှစ်ဖက်ဖြင့် သယ်ဆောင်လာနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူသည် စျေးမှ နွားလှည်း တစ်စီးငှားရမ်း ခဲ့ရသည်။ နွားလှည်းဖြင့် ကစ္စည်းများကို သယ်ဆောင်ပြီး သူတို့ကမူ နွားလှည်း၏ အနောက်ဘက်မှ ထိုင်၍ လိုက်ပါ လာခဲ့သည်။
လျိုရှုရွာ သည် မြို့မှ များစွာ မဝေးကွာလှသော်လည်း အသွားအပြန် နှစ်နာရီ သို့မဟုတ် သုံးနာရီမျှ ကြာမြင့်သောကြောင့် များစွာအဆင်မပြေလှပေ။ ထို့ကြောင့် အသွားအပြန် လုပ်ရမည့် ပြဿနာကို ဖြေရှင်းရန်အတွက် ပစ္စည်းများကို တစ်ခါတည်းသာ သယ်ယူလာခြင်းဖြစ်သည်။
ရွာသို့ပြန်ရောက်သည့် အချိန်တွင် ချင်းယွမ်၏ နွားလှည်းပေါ် ရှိ ပစ္စည်းများက ရွာသားများ၏ အာရုံကို ဆွဲဆောင်သွားလေသည်။ အိမ်တစ်ခု တည်ဆောက်၍ အခြေချ ရွှေ့ပြောင်းနေထိုင်ခြင်းမှာ ပုံမှန်ဖြစ်သော်လည်း သာမန် လူတစ်ယောက် အတွက် ချင်းယွမ်၏ လှည်းပေါ်ရှိ ပစ္စည်းများသည် ပစ္စည်းကောင်းများပင် ဖြစ်သည်။
YOU ARE READING
ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်
FantasyTitle - there is an apocalyptic man in the village ~အကျဥ်းချုပ်~ ကမ္ဘာပျက်ကပ်မတိုင်ခင် နေ့ရက်များ၌ ပြန်လည် မွေးဖွားလာခဲ့ပြီးနောက် ဝူချင်းယွမ်သည် ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် လုံခြုံသည့်နေရာတစ်ခုအား ရှာဖွေချင်ခဲ့ရုံမျှသာ...။ အရင်ဘဝမှ မှတ်ဉာဏ်မ...