အပိုင်း ၅၂

456 61 2
                                    

အပိုင်း ၅၂ - သနားစရာကောင်းသော စာရင်းငှားလယ်သမားများ

ကုန်သွယ်ပစ္စည်းများကို လက်ဝယ်ပိုင်ဆိုင်ထားသော ချင်းယွမ်အနေဖြင့် အချိန်တစ်ခုကြာသည်အထိ အလျင်လိုစရာမလိုပေ။ သူ ပြန်သယ်လာခဲ့သော ပစ္စည်းအားလုံးမှာ သိုလှောင်၍ ရသောပစ္စည်းများ ဖြစ်ပြီး သိုလှောင်၍ မရသော ပစ္စည်းများကိုမူ သူ့၏ နေရာလွတ်ထဲ၌ ထည့်ထားခဲ့သည်။

ယခုနှစ် ကောက်စိုက်ရာသီက နီးကပ်လာပြီ ဖြစ်သည်။လယ်ကွင်းများကို မြန်နိုင်သမျှ မြန်မြန်ဝယ်ယူ၍ နွေဦးအကုန်တွင်  မျိုးစေ့များ စိုက်ပျိုးရန်မှာ အရေးအကြီးဆုံးကိစ္စ ဖြစ်သည်။ ထိုသို့ မဟုတ်ပါက ယခုနှစ်တွင် သူ့၏ အချိန်များကို ဖြုန်းတီးမိသလို ဖြစ်သွားပေလိမ့်မည်။

 

လယ်ကွင်းများကို ဝယ်ယူမည့်ကိစ္စမှာ ကိုင်တွယ်ရန် လွယ်ကူပေသည်။သူ့အနေဖြင့် ရွာခေါင်းဆောင်ကို တိုက်ရိုက်ပြောရန်သာ လိုအပ်သည်။ သို့သော်လည်း အရေအတွက် အမြောက်အမြား ဝယ်ယူချင်သောကြောင့် လျိုရှုရွာရှိ မြေကောင်းမြေသန့်များမှာ သူ့ကို ရောင်းချရန် မလုံလောက်ပေ။ ချင်းယွမ်မှာ စွန့်ပစ်မြေတစ်ခုကို ကိုယ်တိုင်ဝယ်ယူခြင်း သို့မဟုတ် အနီးအနားရှိ ရွာများမှ ဝယ်ယူခြင်းကိုသာ လုပ်ဆောင်နိုင်ပေလိမ့်မည်။

နောက်ဆုံးတွင် ဆွေးနွေးတိုင်ပင်လိုက်ပြီးနောက် ချင်းယွမ်သည် လျိုရှုရွာထဲရှိ ကျန်ရှိသမျှ မြေကောင်းမြေသန့် ၅၀ဧကလုံးကို ဝယ်ယူလိုက်သည်။ ထို့ပြင် ရွာအနောက်ဘက်ရှိ တောင်ခြေနှင့် စွန့်ပစ်မြေ တစ်ရာဧကနီးနီးကိုလည်း ဝယ်ယူခဲ့သောကြောင့် ငွေ လျန်သုံးရာနီးပါးမျှ ကုန်ကျခဲ့သည်။ မြေကောင်းမြေသန့်က စျေးများသည်မှ လွဲ၍ စွန့်ပစ်မြေများနှင့် တောင်ခြေမြေကွက်သည် အလွန်တရာ စျေးချိုလှ၏။

စွန့်ပစ်မြေ တစ်ရာဧကနီးပါးနှင့် တောင်ခြေရှိ ခြောက်သွေ့မြေကို ဝယ်ယူခဲ့ခြင်းအတွက်မူ ရွာခေါင်းဆောင်က ချင်းယွမ်ကို မေးခွန်းအချို့ ထုတ်မေးလာတော့သည်။

"ဝူမိသားစုက ကောင်လေး...မင်းကို ကြည့်ရတာ လယ်သမား လုပ်ဖူးတဲ့ပုံ မပေါ်ဘူး...ရှင်းရှင်းလင်းလင်းမသိဘူး ဆိုပေမယ့် ဒီလူအိုကြီးက မင်းကို အကြံနည်းနည်းလောက် ပေးရဦးမယ်...ဒီ စွန့်ပစ်မြေ တစ်ရာဧကနဲ့ တောင်ခြေမြေကွက်ကို မင်း ဝယ်ချင်နေတာနဲ့ ပတ်သတ်ပြီး ငါ ​သတိပေးချင်ရုံပါ...မင်းလက်ထဲမှာ တကယ်လိုချင်တာနဲ့ပတ်သတ်ပြီး သေချာတော့ စဥ်းစားရမယ်"

 ကမ္ဘာပျက်ကပ်မှ စွမ်းရည်ပိုင်ရှင်Where stories live. Discover now