Chapter 5
ရှဲ့လင်အသံကိုကြားလိုက်ရသည့်အခါ ယွမ်ယဲ့ကလှည့်ကြည့်သည်။ တဖက်လူက လှေကားအောက်သို့ဆင်းလာပြီး ဖုယွမ်ကျိုးဘက်သို့လှည့်မေးလာ၏။
"မင်းနဲ့သူနဲ့သိကြလား..."
"အင်း..."
ဖုယွမ်ကျိုးကခေါင်းညိတ်ပြပြီး ရှဲ့လင်၏အေးစက်နေသည့် မျက်ခုံးများကိုမြင်လိုက်ရသည့်အခါ အန္တရာယ်တစ်ခုကနီးကပ်လာသလိုခံစားလိုက်ရတော့သည်။
မဟုတ်သေးပါဘူး။ သူတို့အခုလေးတင် ဘာမှလည်းမလုပ်ရသေးပဲနဲ့။ ဘာလို့အပြစ်ရှိသလိုခံစားနေရတာလဲ ။
ထိုသို့တွေးလိုက်မိသည့်တိုင် ဖုယွမ်ကျိုးမှာ ယွမ်ယဲ့ဘေးမှအမြန်ခွာလိုက်ပြီး ရှဲ့လင်အားပြုံးပြလိုက်ချေသည်။"တိုက်ဆိုင်လိုက်တာ...မင်းဘယ်လိုလုပ်ပြီးဒီနေရာကိုရောက်လာရတာလဲ..."
"ကျောင်းသားသမ္မဂကို ကျောင်းသားတစ်ယောက်နှစ်ယောက်သွားအပ်ရမှာမလို့..."
ရှဲ့လင်က စကားပြောနေရင်း ယွမ်ယဲ့ဘက်သို့ အပြုံးမမည်သောအပြုံးဖြင့် လှမ်းကြည့်လိုက်ပြီး ယွမ်ယဲ့ကလည်းသူ့အားပြန်ကြည့်နေလေသည်။
နှစ်ယောက်လုံးကိုယှဥ်ကြည့်ရလျှင် ရှဲ့လင်သည်ကား ခပ်မတ်မတ်ကိုယ်ဟန်အနေအထားနှင့် သပ်ရပ်နေလေသည်။ ရှပ်အဖြူကိုပင် ထိပ်ဆုံးအထိကြယ်သီးတပ်ထားပြီး အေးစက်ကြော့ရှင်းနေသည့်ကျောင်းသားတစ်ယောက်အသွင်ဖြစ်နေလေ၏။
ယွမ်ယဲ့ကမူ လက်ပိုက်ပြီး နံရံကိုမှီထားသည်။ ခြေထောက်နှစ်ချောင်းကို ပျင်းရိပျင်းတွဲဖြင့်ကွေးထားကာ ခေါင်းလှည့်လိုက်ချိန်တွင် အနက်ရောင်နားကပ်လေးက ထင်ရှားလာ၏၊ သူ၏အုန်းခွံရောင်ခေါင်းက နေရောင်အောက်တွင် တဖျတ်ဖျတ်လက်နေခဲ့သည်။ ရှဲ့လင်နှင့်ယှဥ်ကြည့်လိုက်ပါက ထိုသူသည်ကားတကယ်ကို ကျောင်းသားဆိုးတစ်ယောက်ပုံစံပင်။
ရှဲ့လင် အကြည့်ပြန်ရုတ်ပြီး ဖုယွမ်ကျိုးကိုမေးလိုက်သည်။
"မင်းရဲ့အတန်းဖော်လား..."
"အေး...အတန်းထဲကိုအသစ်ရောက်လာတာလေ...ယွမ်ယဲ့တဲ့.."
YOU ARE READING
အိုမီဂါအဖြစ် မွေးဖွားလာပြီးနောက် အားလုံးက ငါ့ကိုလိုချင်နေကြတယ်
FantasyBL, Omegaverse story