- ၇ -

136 28 0
                                    

သူက ကျွန်​တော့် ယာဉ်မောင်းစွမ်းရည်ကို မေးခွန်းထုတ်လေသတဲ့။

ဆရာဝန် ဖြစ်ခဲ့ဖူးသည့် ရှဲ့ချင်းချန်မှာ တစ်ခဏအတွင်း တုံ့ပြန်သမှု ပြုလာကာ၊ ပိုင်ကျင်း၏ လက်ကောက်ဝတ်ကို လွှတ်ချလိုက်ပြီး ကိုယ်ကို နှိမ့်ချ၍ အဘိုးအို၏ အခြေအနေကို စစ်ဆေးလိုက်လေသည်။

ဆေးပညာတွင် ပြင်းထန်သော Myocardial Infarction(နှလုံးကြွက်သားများဆီသို့ သွေးစီးဆင်းမှု ရုတ်တရက် ရပ်တန့်ကာ အောက်စီဂျင် ပြတ်လပ်သွားခြင်း) မှာ သေဆုံးနိုင်ခြေ အလွန်မြင့်သော အထူး စိုးရိမ်ဖွယ်ရာ နှလုံးသွေးကြောဆိုင်ရာ ရောဂါပင်။ ထို့ပြင် ရုတ်တရက်ဆန်သော ပြင်းထန်သည့် စိတ်ခံစားချက်တို့မှာ အသက်ကြီးသူတို့ အဖို့ ဤသို့သော ရောဂါမျိုး ဖောက်သွားစေနိုင်သည့် အရင်းခံ အကြောင်းတရား တစ်ချက် ဖြစ်ပါ၏။

ပိုင်ကျင်းကား သတိပြုမိခြင်း မရှိသေးဘဲ တဗျစ်တောက်တောက်နှင့် အယုတ္တ၊ အနတ္တတို့ကို ပြောဆိုဆဲရေးနေဆဲ။

ရှဲ့ချင်းချန်က အင်္ကျီလက်ကို ခေါက်တင်လိုက်လျက် ရှေးဦးသူနာပြုနည်းကို စလုပ်လိုက်ရင်း သူ(မ)ထံသို့ ခေါင်းလှည့်၍ ဒေါသတကြီး အော်ပြောလိုက်‌လေ၏။

“ အခုထက်ထိ ကြောင်ပြီး ဘာ ရပ်လုပ်နေသေးတာလဲ! လူနာက နှလုံး အမောဖောက်သွားတာကွ!အရေးပေါ် ဖုန်းကို ဆက်လေ!မြန်မြန်! ”

“ နှလုံး အမောဖောက်သွားတာက ဘာပြဿနာရှိ ...... နှလုံး အမောဖောက်သွားတာ?!! ”

ပိုင်ကျင်းမှာ ရုတ်တရက် ကြောင်အသွားရရှာလေသည်။

သူ(မ) ခြယ်မှုန်းထားသော ရွှေမှုန်လိုင်နာတို့သည်ပင် မျက်လုံးများထဲမှ ထိတ်လန့်အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုတို့အား ထိန်းမထားနိုင်ခဲ့ပါချေ။ မျက်တစ်ခတ်ခန့် အချိန်အတွင်းမှာပင် အမျိုးသမီးငယ်လေး၏ မျက်နှာအသွေးအရောင်မှာ အသေကောင်ပမာ ဖြူဆုတ်သွားရပြီး၊ ထိုနေရာတွင် ခပ်ထုံထုံ ဘဲငန်း တစ်ကောင်နှယ် ရပ်နေခဲ့ကာ၊ အရှေ့သို့လည်း တက်မလာသလို၊ အနောက်ကိုလည်း ဆုတ်မသွားခဲ့ချေ။

ရှဲ့ချင်းချန်:“ အရေးပေါ် ဖုန်းနံပါတ်ကို မသိဘူးလား?! ”

ပိုင်ကျင်းခမျာ အစကတော့ သိကောင်းသိနိုင်ခဲ့​လောက်ပါ၏။ သို့သော် ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေများကြောင့် ဦးနှောက်က အတိ ဗလာကျင်းသွားလေရာ:“ ဘယ်၊ ဘယ်လောက်လဲ? ”

ဆေးမှတ်တမ်းချုပ်Where stories live. Discover now