ကပ်ဘေးကို သူတို့ ကျော်လွှားနိုင်ခဲ့ကြတယ်။
ရှဲ့ချင်းချန်ကား မီးသတ်သမားများနှင့်အတူ ကြိုးလှေကားမှ နောက်ဆုံး ဆင်းလာသော သူ ဖြစ်ပါ၏။
သူ ဆင်းသွားသည့် အချိန်၌ မီးအဟုန်မှာ သူတို့ရှိရာ အရပ်ဆီသို့ စတင်၍ ချဉ်းကပ်လာနေခဲ့ပြီပင်။ တလိပ်လိပ် တက်လာသော မီးခိုးလုံးထူထူတို့မှာ မျက်လုံးပင် ဖွင့်ထား၍ မရစေတော့မတတ်။ ခက်ခက်ခဲခဲနှင့် မြေပြင်ပေါ်သို့ ဆိုက်မြိုက်ရောက်ရှိလာရပြီးသည့် နောက်တွင်တော့ ကယ်ဆယ်ရေး ဝန်ထမ်းလေးက သူ၏ ဒဏ်ရာ အခြေအနေကို စစ်ဆေးဖို့ရာ ပြေးလာလေ၏။
ရှဲ့ချင်းချန်သည် လူအုပ်အလယ်မှ ဆရာဝန်များနှင့် သူနာပြုများ ဝန်းရံလျက်ရှိသော ရှဲ့ရွှယ်ကို မြင်သွားပြီး သူ(မ)ထံသို့ ခပ်သော့သော့ သွားလိုက်လေ၏:“ သူ ဘယ်လိုနေသေးလဲ? ”
“ လူကြီးမင်းက ...... ”
“ ကျွန်တော်က သူ့အစ်ကိုပါ ”
“ အာ၊ လူကြီးမင်း စိတ်ချပါ၊ သူ အဆင်ပြေပါတယ်၊ အသက်လက္ခဏာတွေ အကုန်ငြိမ်တာမို့လို့ ဆေးပြယ်သွားတာနဲ့ နိုးလာပါလိမ့်မယ် ”
ရှဲ့ချင်းချန်မှာ ထိုအခါမှသာ သက်ပြင်းချနိုင်သွားတော့၏။
ဆေးဘက်အကူ ဝန်ထမ်းလေးများမှာ ဤ အပေါ်ပိုင်း ဗလာဖြစ်နေသော မြင့်မားတောင့်တင်းသည့် အမျိုးသားကို အထက်အောက် စုန်ဆန်ကြည့်လိုက်မိကြလေ၏။ အစားအသောက်နှင့် လိင်မှုကိစ္စများအား စုံမက်ခြင်းသည် သဘာဝပင် ဖြစ်လေရာ အချိန်သင့်အခါသင့် ဖြစ်မနေလျှင်တောင်မှ ဤမျှ ကြည့်ကောင်းသော အမျိုးသားအား အကြိမ်အရေအတွက် အနည်းငယ်မျှ ပိုကြည့်လိုက်မိရုံမျှဖြင့် အလုပ်များကို ပို၍မြန်မြန်ဆန်ဆန်၊ သေသေသပ်သပ် လုပ်နိုင်သွားကြလေပြီ။
သို့သော် ရှဲ့ချင်းချန်မှာမူ သူ၏ ချောမွတ်နေသော ပခုံးသားများနှင့် ငွေရောင်လည်သာခါးပတ်ထဲတွင် နစ်မြုပ်နေသော ခပ်သိမ်သိမ် ခါးလျားရှည်ရှည်တို့က မည်မျှပင် ဆွဲဆောင်မှု ရှိနေမှန်းကို သတိမူမိခြင်း မရှိရှာ။ သူသည်က အေးစက်စက်နှင့် ရှေးရိုးဆန်ပြီး၊ ပုံမှန်အားဖြင့် သူ၏ အသွင်အပြင်ကို သိပ်ပြီး ထည့်တွက်လေ့ မရှိသလို၊ ဘေးလူများ၏ အမြင်ကိုလည်း အရေးသိပ်မစိုက်လှသည့် လူမျိုး ဖြစ်ပါ၏။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။