- ၄၄ -

83 17 0
                                    

တစ်ချိန်က။

တဇွတ်ထိုးဆန်ခေါင်းမာစွာဖြင့် ကူကယ်ရာမဲ့စွာ သူ့ကို ကြည့်နေပါသည့်တိုင် ခံစားချက်တို့ကို အစွမ်းကုန် မျိုသိပ်ထားရှာသော အနှီ ဆယ့်သုံးနှစ်အရွယ် လူငယ်လေးဟာ မျက်စိရှေ့မှောက်၌ တစ်ဖန် ပြန်ပေါ်လာရသည့် အလား။
  
ဟော့အိမ်တော်အား သူ စွန့်ခွာလာဖြစ်ခဲ့သည့် အနှီနေ့က ထိုလူငယ်လေး၏ မျက်လုံးများထဲမှသည် လူနာတစ်ဦးနှင့် အနည်းငယ်မျှပင် မသက်ဆိုင်ပါသော အဖိုးတန်အရာ တစ်ခုအား သူ မြင်တွေ့ခဲ့ရပါသလို။
  
သို့တိုင် သူ၏ နှလုံးသားဟာ မာကြောလွန်းခဲ့ကာ၊ အချို့သော ခံစားချက်များ အပေါ်တွင် ဆိုလျှင် ထိုမျှ ထက်သိမခံစားတတ်ခဲ့ပါပေ။ ထို့ပြင် ထိုစဉ်က သူဟာ ကိစ္စရပ် မြောက်များစွာနှင့် ရှုပ်ထွေးနေခဲ့ရသဖြင့် ကလေးငယ် တစ်ဦး၏ ခံစားချက်တို့ကို အသေးစိတ် ခွဲခြားနေဖို့ရန်လည်း အတွေးမရှိခဲ့။ ထို့ကြောင့်ပင် သူသည် အနှီ မျက်ဝန်းတစ်စုံ အတွင်း၌ ဆရာဝန်-လူနာ ဆက်ဆံရေးပြင်ပ ခံစားချက်တို့ ရှိနေနိုင်လိမ့်မည် ဟု အလိုအလျောက်ပင် မယုံကြည်မိလိုက်ပါပေ။

သူဟာ ထွက်သွားဖို့ရန် လိုအပ်နေခဲ့ပေ၏။

ဟော့ယွီဟာ စင်စစ် သူ့ထံမှ အစတေးခံခဲ့ရသူ၊ သူ့ထံမှ စွန့်ပစ်ခံခဲ့ရသူပင်။

ချင်စီယန်အမှု၏ ကသောင်းကနင်း ဒီရေစီးကြောင်းထဲ၌ သူ့ထံမှ အသည်းမာစွာ လက်အလွှတ်ခံခဲ့ရသော ကလေး တစ်ယောက်ပါပေ .......
  
နာမကျန်းမှု၏ မြစ်ညာရေဆွဲထံမှ ဝဲဩဃထဲသို့ ရစ်ပတ်ဆွဲသွင်းသွားခံခဲ့ရစဉ် တစ်ချိန်ကလည်း ဤ ကလေးငယ်ဟာ သူ့ကို ထိုသို့နှယ်ပင် မမှိတ်မသုန် ကြည့်နေခဲ့ဖူးပါ၏။ အကြည့်ကလေးများဟာ လူသားမျိုးနွယ်အား ယုံကြည်၍ လက်ဖဝါးလေးကို ကမ်းပေးလိုက်မိသည့်တိုင် အဆုံးသတ်၌ လူသားမျိုးနွယ်ထံမှသည် အလှည့်ဖျားခံခဲ့ရလျက်၊ တောင်ပံ အချိုးခံခဲ့ရကာ၊ ကျောရိုးအား ထုတ်ယူသွားခံခဲ့ရပြီး၊ လက်သည်းလေးများအား အချိုးခံလိုက်ရသည့် နဂါးပေါက်လေး တစ်ကောင်သို့နှယ်။ ၎င်းကား ဒဏ်ရာအနာတရများဖြင့် ကျောက်ဆောင်ထက်၌ ထုံထိုင်းစွာ မှောက်လျက် လဲလျောင်းနေခဲ့ရရှာပါ၏။ အတောင်ပံလေးများနှင့် လက်ချောင်းလေးတို့ထက်၌ကား ခြောက်သွေ့သွားပြီ ဖြစ်သည့် သွေးများနှင့်ချည်းပေသာ။ သို့တိုင် နဂါး တစ်ကောင်၏ မာနကြောင့် ဆွဲဆွဲငင်ငင်လည်း မငိုကြွေးဝံ့ချေရှာ။
  
ဟော့ယွီဟာ မာနရှိလွန်းသူ တစ်ယောက် ဖြစ်သည့်အလျောက် သူသည် တတ်စွမ်းသမျှ ထိန်း၍သာ ပြောဆိုခဲ့ပါ၏——
  
“ ရှဲ့ချင်းချန် ကုန်လွန်ခဲ့တဲ့ ဒီနှစ်တွေထဲမှာ ကျွန်တော် ဆရာဝန်တွေ အများကြီးနဲ့ ကြုံတွေ့ခဲ့ရတယ်၊ သူတို့တွေက ကျွန်တော့်ကို ဆေးတွေ သောက်ခိုင်းကြတယ်၊ ဆေး‌တွေ ထိုးပေးကြတယ်၊ လူနာတစ်ယောက် အနေနဲ့ပဲ ကျွန်တော့်ကို ခွဲခြားခွဲခြား ရှုမြင်ဆက်ဆံခဲ့ကြတယ်၊ ခင်ဗျားတစ်ယောက်တည်းကသာ အဲ့လို မဟုတ်ခဲ့တာ ”
  
“ ဘာလို့ဆို ခင်ဗျားတစ်ယောက်တည်းကသာ ကျွန်တော့်ကို လူမှုအသိုင်းအဝိုင်းနဲ့ ရောရောနှောနှော နေသင့်တယ်လို့ မှတ်ယူထားခဲ့တာ၊ ခင်ဗျား ကျွန်တော့်ကို ပြောခဲ့တယ်၊ ဆေးထိုးတာတွေ၊ ဆေးသောက်တာတွေက အရေးအပါဆုံး မဟုတ်ဘဲနဲ့ တခြားသူတွေနဲ့ ဆက်ဆံ‌ရေးတွေ တည်ဆောက်တာမျိုး၊ ကြံ့ခိုင်တဲ့ နှလုံးသားကို ထူထောင်တာမျိုးကသာ ကျွန်တော့် အတွက် အထောက်အကူပြုနိုင်မဲ့ တစ်ခုတည်းသော လွတ်မြောက်ရာလမ်းပဲလို့လေ ”
 
“ ဒေါက်တာ-ရှဲ့၊ ခင်ဗျားနဲ့ ကျွန်တော်ဆိုတာ ရင်းနှီးလှခဲ့တယ်လို့ မှတ်ယူလို့ မရပေမဲ့၊ ကျွန်တော်လေ ....... ”

ဆေးမှတ်တမ်းချုပ်Where stories live. Discover now