ရူးသွပ်မှု။
နာကျင်ရလွန်းလှပါ၏။
အလိမ်အလည် စာချုပ်၊ ရှဲ့ရွှယ်နှင့် ပတ်သက်သော အမှန်တရား၊ ရှဲ့ချင်းချန်၏ တစ်ပတ်ရိုက်မှု၊ အကြင်သူ့၏ နောက်မလှည့်ကြည့်စတမ်း ထွက်ပြေးသွားခဲ့မှု ......
ဆယ့်ကိုးနှစ်တာဟာ အိပ်မက်ထဲ၌ ရှိနေခဲ့ရသည့်နှယ်။ သူ့ကိုယ်သူ ဟန်ဆောင်ကောင်းလှပြီ၊ လူတိုင်းကို လိမ်လည်ထားနိုင်ခဲ့လှပြီ ဟု သူ ထင်ထားခဲ့မိလေ၏။ သို့တိုင် စင်စစ်တွင်ဖြင့် သူသည်ကသာ လိမ်လည်ထားခံခဲ့ရသော သနားချင့်စဖွယ် အကောင်းဆုံး အရူးတစ်ယောက် ဖြစ်နေခဲ့ပေ၏။
ဟော့ယွီဟာ ခေါင်းကို အုပ်၍ ဆွဲဆွဲငင်ငင် ဟစ်ကြွေးမိလိုက်သည်မှာ ညွှတ်ကွင်းထဲသို့ ကျရောက်သွားခဲ့သည့် တစ်ကိုယ်လုံးမှသည် သွေးအလိမ်းလိမ်း ထွက်နေရှာသော ချောင်ပိတ်မိနေသည့် သားရဲကောင်သို့နှယ်။ သူ၏ အသံဟာ ယိုယွင်းကွဲအက်နေခဲ့ရသည်မှာ လူသားမျိုးနွယ်ထံမှ ထွက်လာသော အသံ မဟုတ်ရပါသည့် အလား။ မျက်လုံးများထဲတွင်မူ မချင့်မရဲ ဖြစ်ရမှုများနှင့် ရူးသွမ်းမှုတို့က တစ်ဝက်စီ ရောထွေးနေခဲ့ရလျက်။ သူသည် ထိုအတိုင်းတိုင်းဖြင့်သာ အအေးဓာတ်ကို ကြောက်ရွံ့နေရသည့် အလား ထောင့်ကလေးထဲ၌ သူ့ကိုယ်သူ ကွေးကွေးကလေး ပိုက်၍ ထိုင်နေမိခဲ့ပါလေ၏။
ဘာကို အယူဝါဒများပါနည်း?အလိမ်အညာတို့ချည်းပေသာ!
ဘာကို အနွေးဓာတ်များပါနည်း?
စိတ်၏ တံလျှပ်ရိပ်တို့ပေသာ!
သူကား စိတ်ဝေဒနာသည် တစ်ယောက်၊ ထင်ယောင်ထင်မှား ဝေဒနာကို ခံစားနေရသည့် ရောဂါသည် တစ်ယောက်၊ အကျည်းတန်သော၊ ရယ်ချင့်စဖွယ် ကောင်းသော၊ ယုတ္တိမရှိသော၊ ပြက်ရယ်ပြုဖွယ် ကောင်းသော၊ လူသူရှေ့မှောက်၌ ဒဏ်ရာအနာတရတို့ကို ထုတ်လှစ်ပြသထားမိခဲ့သည်ကိုပင် မရိပ်စားခဲ့မိသော အရူးတစ်ယောက်!
အနှီ တဒင်္ဂ၌ သူဟာ လွန်စွာ သနားချင့်စဖွယ်ကောင်းနေရပါသလို။ သူဟာ မိခင်ဝမ်းထဲတွင်ပင် သေဆုံးရတော့မည့် ကလေးငယ်သဖွယ်သို့နှယ် အပြင်လောကနှင့် ကမ္ဘာခြားနေခဲ့လေ၏။ အချင်းတိုင်ဟာ အဖြတ်တောက်ခံခဲ့ရသကဲ့သို့ အသက်ရှူ၍လည်း မရတော့ပါပေ။ သူဟာ အဆုံးအစမဲ့၍ မွန်းသိပ်နေသော နေရာထဲ၌ နစ်မြုပ်နေခဲ့လေကာ၊ ရေအောက်ထဲမှသည် ငိုကြွေးရုံသာ တတ်နိုင်ရှာပါတော့၏။ ကမ်းစပ်မှ လူများသည်ကတော့ မကြားရှိနိုင်ကြပါပေ။
သူဟာ သူ့ကိုယ်သူ ခပ်တင်းတင်း ထွေးပွေ့ထားရုံသာ တတ်နိုင်ခဲ့ပေ၏။ ခပ်သိမ်းသော အနွေးဓာတ်တို့ဟာ သူ့ကိုယ်၌ထံမှ အခြေပြုလာခဲ့သည့် အရာများပေသာ ......
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။