သူ စည်းကမ်းဖောက်ခဲ့တယ်။
ရက်အနည်းငယ် ကြာပြီးနောက်၊ ဟုကျိုးဆေးတက္ကသိုလ်ဝယ်။
ရှဲ့ချင်းချန်၏ ရုံးခန်းထဲ၌။“ ဝူးဝူးဝူး ပါမောက္ခ-ရှဲ့၊ ကျွန်တော် မှားပါတယ်!ကျွန်တော် တကယ်ကို မှားသွားခဲ့မိပါတယ်!ကျွန်တော် နှလုံးသားမဲ့ခဲ့မိပါတယ်!ကျွန်တော် လူမဆန်ခဲ့ပါဘူး! ဆရာ့ရဲ့ ယုံကြည်မှုတွေနဲ့ ကျွန်တော်က မထိုက်တန်ခဲ့ပါဘူး၊ နိုင်ငံ့အကြီးအကဲတွေနဲ့ တိုင်းပြည်ရဲ့ ကျွန်တော့် အပေါ် ထားတဲ့ မျှော်လင့်ချက်တွေကို နိမ့်ကျစေခဲ့မိပါတယ်။ ကျွန်တော် အနာဂတ်မှာ ထပ်ပြီး အတန်းမပျက်တော့ပါဘူး ဝူးဝူးဝူး...... ”
ရှဲ့ချင်းချန်မှာ ရုံးစားပွဲရှေ့၌ ထိုင်နေရင်းမှ စာရွက်ထက်တွင် ကလောင်သွားလေးဖြင့် ထောက်ရှာလိုက်လျက် နာမည်စာရင်းထက်၌ အမှန်ခြစ်တစ်ခု ခြစ်ဆွဲလိုက်လေကာ၊ မျက်လုံးပင် မဝံ့ပါဘဲ တစ်ဖက်လူအား ပြောလိုက်ပေ၏:“ ကောင်းပြီ၊ ပြန်သွားချေတော့ ”
ကျောင်းသားလေးမှာ ရှိုက်ကြီးတငင် ငိုကြွေးလျက် ထွက်သွားပါလေတော့၏။
ခဲကတ်လှသော ကျောင်းသားများအား ကိုင်တွယ်ဖို့ရာ အတွက် သူ့၌ နည်းလမ်းပေါင်းများစွာ ရှိသည်ပေ။ ဤ လက်တွေ့အသုံးချဆေးပညာ အထူးပြုကျောင်းသားသည်ပင်လျှင် ထောင်လွှားစွာ ဝင်ရောက်လာခဲ့သည့်တိုင် မျက်ရည်လည်ရွှဲဖြင့်သာ ထွက်သွားရသည်ပင် မဟုတ်ပါလား?မထွက်သွားခင်၌ ရှဲ့ချင်းချန်ကိုပင် အဖန်တလဲလဲ ဦးညွတ်ရင်းက သူသည် ကျိန်းသေပေါက် အစအဆုံး ပြုပြင်ပြောင်းလဲ၍ စိတ်သစ်လူသစ်ဖြင့် ပြန်လည်စတင်တော့မည် ဖြစ်ကြောင်း၊ အနာဂတ်တွင် ထပ်ပြီး အတန်းပျက်တော့မည် မဟုတ်ပါကြောင်း၊ အတန်းပျက်လျှင်တောင်မှ ပါမောက္ခ-ရှဲ့၏ အတန်းကိုတော့ ပျက်ကွက်မည် မဟုတ်ပါကြောင်း ရှိုက်တငင်ငင်ဖြင့် အာမခံသွားသေး၏။
ရှဲ့ချင်းချန်သည် မှတ်စုစာအုပ်ကို ပိတ်လိုက်လေတော့ကာ၊ ကိုယ်ရှေ့တွင် လက်ချောင်းများကို ယှက်ဖြာလိုက်ပေတော့၏။
သင်ကြားရေး အပေါ်၌ အတိုက်အခံ သဘောထားမျိုး ရှိခဲ့ကြသော ကျောင်းသားများ အားလုံးဘက်မှ နောင်တွင် သူတို့ကိုယ်သူတို့အား ကျိန်းသေပေါက် ပြုပြင်ပါတော့မည်ဟု ရှဲ့ချင်းချန်ထံသို့ အာမခံသွားခဲ့ကြပြီးလေပြီ။ ဟော့ယွီ အနေဖြင့် အခြားသော စာရင်းဇယားထက်ရှိ မိန်းကလေးများ အားလုံးအား လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်အောင် တိုက်တွန်းနိုင်ခဲ့ဖို့ရန်မှ လွှဲလျှင် ဤ ပွဲ၌ သူ့ကို စင်စစ် မနိုင်နိုင်တော့ပါပေ။
သူသည် ရုံးခန်းထဲမှ ထိုင်ခုံထက်တွင် ကိုယ်ဟန်အမူအရာ ဖြောင့်တန်းစွာဖြင့် ထိုင်နေခဲ့လေကာ၊ ဧကန်မုချ အနိုင်ရမည် ဟုသာ အတပ်ခံစားနေရလေတော့၏။ သို့ဖြင့် ရှုံးနိမ့်တော့မည့် ရွှယ်ပါ့အား မည်သို့နှယ် ထိန်းကျောင်း၊ လေ့ကျင့်ပေးရမည်လဲကို မထုံတက်သေးဖြင့် တစ်ခဏမျှ တွေးတောနေမိလိုက်ပါလေတော့၏။
စိတ်အာရုံလွင့်ပါးစွာ တဒင်္ဂမျှ တွေးတောနေမိခဲ့ပြီးနောက် လက်ကိုင်ဖုန်းဟာ ရုတ်တရက် ဆိုသလို အသံမြည်လာပါလေတော့၏။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။