ရူးသွပ်သွားရပါသည့်နှယ်။
ရှဲ့ချင်းချန်မှာ ခေါင်းထဲတွင် အုန်းခနဲ ဖြစ်သွားသလိုသာ ခံစားလိုက်ရ၏။
တစ်စုံတစ်ရာဟာ အုန်းခနဲ ကွဲထွက်သွားရပါသလို၊ ပြင်းထန်စွာ ပေါက်ကွဲ၍ မီးကျွမ်းလောင်လာရတော့ပါသလို။
သူ၏ မျက်လုံးများက ပြူးကျယ်သွားကြပြီး၊ ဦးနှောက်ထဲမှ ဆင်ခြင်တုံတရား မည်သော ကြိုးဟာတော့ ဤ အခိုက်အတန့်တွင် ပြတ်တောက်သွားခဲ့လျက်သား။
ဤသို့သော ကိစ္စမျိုးကို ဟော့ယွီဘက်က လုပ်ချလာနိုင်ခဲ့လိမ့်မည် ဟု သူ လုံးလုံးလျားလျား မယုံကြည်နိုင်ခဲ့။
ဟော့ယွီဟာ တစ်ပါးသူများက သူ့ကို ဂေးဟု သမုတ်မည်ကို မနှစ်မြို့ဆုံး ဖြစ်ကာ၊ ဂျူနီယာ အထက်တန်းတုန်းက ဆိုလျှင် ကျောင်းသား တစ်ယောက်မှ သူ့ထံ ချစ်ရေးဆိုကာ၊ နှင်းဆီပန်းများ ပို့လာခဲ့၍ သူဟာ တစ်ဖက်လူ၏ ခြေသလုံးရိုးကိုပင် ချိုးခဲ့သေးလေ၏။
သို့တိုင် ယခုမူ အကြင်သူဟာ လူပေါင်းများစွာ၏ စူးစမ်းနေသော အကြည့်များအောက် ဝိုင်နီရောင် တလဲ့လဲ့ ကြားမှသည် ဧည့်သည်များ၊ စားပွဲထိုးများ၊ ဘားတန်ဒါများ ရှေ့ ...... လူတကာ၏ ရှေ့မှောက်၌ပင် သူ့ကို နမ်းရှိုက်လာခဲ့၏။
ရှဲ့ချင်းချန်ဟာ တည်ငြိမ်လွန်းသူ တစ်ယောက် ဖြစ်ပါသော်ငြား ဤသည်မှာတော့ စင်စစ် သူ သည်းခံနိုင်သော အတိုင်းအတာကို ကျော်လွန်သွားခဲ့ရလေပြီ။
အလွန်အမင်း အံ့အားသင့်တုန်လှုပ်သွားရမှုကြောင့် သူ၏ မျက်နှာဟာ ပူထူလာရတော့စွာ။
သို့သော် ဟော့ယွီဟာတော့ သူ့ကို အကြမ်းပတမ်းပင် အရူးအမူး နမ်းရှိုက်နေခဲ့လေ၏။ နှုတ်ခမ်းပွင့်လွှာတို့က အချင်းချင်း ယှက်တွယ်နေခဲ့ကြပြီး၊ စိုမြသော လျှာက သူ၏ ခံတွင်းထဲသို့ ကျူးကျော်လာကာ မဆုတ်မနစ် စုပ်ယူနေခဲ့လျက်သား။ အကြင်သူ့၏ အနမ်းနည်းပညာများနှင့် အရှက်မဲ့မှုတို့ဟာ ရှဲ့ချင်းချန်အတွက် အလုံးစုံ စိမ်းသက်နေခဲ့ရစွာ။ သူ၏ ခေါင်းက မူးဝေနေခဲ့ပြီး၊ ပြင်းပြနက်ရှိုင်းသော အနမ်းများကြား နှစ်ဦးသား၏ နှုတ်ခမ်းတို့ ခေတ္တတဒင်္ဂမျှ ကွဲကွာသွားချိန်မှသာ သူဟာ ဆတ်ခနဲ အသိပြန်ဝင်လာရတော့၏။ ထို အခွင့်အရေးကို အသုံးချ၍ ခေါင်းလှည့်ဖို့ရာ ကြိုးစားလိုက်ရုံသာ ရှိသေး၊ ဟော့ယွီက သူ၏ ဆံနွယ်များမှ ဆုပ်ကိုင်၍ ပြန်ဆွဲယူသွားခဲ့ကာ၊ ပိုမို အားမာန်ပြင်းပြ၍၊ ပို၍ နက်ရှိုင်းစွာဖြင့် ရစ်ပတ်ယူငင်၊ နမ်းရှိုက်လာခဲ့လေ၏။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။