လွင့်ပါပေ့၊ သခင်လေး-ချန်။
“ ကျွန်တော် ခင်ဗျားကို မေးနေတယ်လေ! ဒီရက်ပိုင်းတွေ အတောအတွင်း ခင်ဗျား သူနဲ့ အတူတူ နေနေခဲ့တာလားလို့? ”
ဟော့ယွီ၏ မျက်နှာအသွေးအရောင်က အလွန်အမင်း အကျည်းတန်နေလေ၏။
သူဟာ ရောဂါ ပြန်ထလာပါတော့မည့်အလား။
သူ၏ ဒေါက်တာအသစ်ဟာ ဆယ်ရက်ကျော်မျှ အချိန်ယူပြီးမှသာ သူ၏ စိတ်အခြေအနေကို ထိန်းချုပ်ပေးနိုင်ခဲ့တာပင်။ သူ၏ ‘ဒေါက်တာဟောင်း’ ဟာတော့ သူ၏ ဆင်ခြင်တုံတရားကို တစ်စစီ ပြိုကွဲသွားစေဖို့ မျက်တစ်ခတ်ခန့်သာ လိုအပ်ခဲ့ပါသယောင်။
သူဟာ ရှဲ့ချင်းချန်ကို စေ့စေ့ စိုက်ကြည့်နေမိခဲ့ပါလေ၏။
ရှဲ့ချင်းချန်ဟာလည်း အရှုံးမခံဘဲ သူ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့လေသည်။
အဆုံးမူ ရှဲ့ချင်းချန်ဟာ ဆေးလိပ်ကို ကိုင်ထားရင်းက သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်လာပြီး:“ ဟော့ယွီ၊ မင်း ရှင်းအောင် လုပ်ထားတာ ကောင်းမယ် ”
လက်ချောင်းသွယ်လေး၏ တစ်ချက် အပုတ်တွင် ဆေးလိပ်ပြာတို့က ကျဆင်းသွားခဲ့လေ၏:“ ငါ ဘယ်သူနဲ့ အတူရှိရှိ မင်း အပူ တစ်ခုမှ မပါဘူး ”“ …… ”
ဟော့ယွီဟာ ယင်းအခိုက်အတန့်တွင် ရှဲ့ရွှယ်ကို ပြောမပြတတ်စွာ ပြန်တွေးမိလိုက်လေ၏။ သူဟာ ယခင်က ရှဲ့ရွှယ်ကို သဘောကျခဲ့ဖူးကာ၊ ရှဲ့ရွှယ်ဟာတော့ သူ့ကို သာမန် သူငယ်ချင်း တစ်ယောက် အဖြစ်သာ မှတ်ယူထားခဲ့လေသည်။
နောက်ပိုင်းတွင် သူဟာ ထင်မှတ်မထားသော အလှည့်အပြောင်းများကြောင့် ရှဲ့ချင်းချန်နှင့် ခုတင်ပေါ် ရောက်ဖြစ်ခဲ့လေ၏။ ထို့နောက်ပိုင်းတွင်တော့ သူဟာ မရေရာမှုများ အကြား သက်ဆင်းခဲ့ရကာ၊ ရှဲ့ချင်းချန်ဟာတော့ အသာစီးပြန်ရသွားခဲ့လေသည်။
သူ့ကိုယ်သူ ရှဲ့ချင်းချန်ကို ဆုတ်ဖြဲစားသောက်၍ ဝမ်းတွင်းသို့ မျိုချနိုင်ခဲ့ပြီ ဟု ထင်ခဲ့မိဖူး၏။ အဘယ်သူ သိမည်နည်း၊ သူ မျိုချခဲ့မိသည်မှာ မပျော်ရည်နိုင်သော နှင်းတစ်ဆုပ်၊ မပျော်ကျနိုင်သော ရေခဲတစ်တုံး ဖြစ်နေရလိမ့်မည် ဟု။
ရေခဲကို မျိုချဖို့က လွယ်ကူလွန်းခဲ့သည်။ ခံတွင်းထဲ ထည့်၍ ဗိုက်ထဲ ရောက်အောင် မျိုချလိုက်ပေရုံ။ သို့သော် အနှီ ရေခဲကို အစာမချက်နိုင်ခဲ့ဘဲ ဖီလာအားဖြင့် သူ၏ ကိုယ်တွင်းကလီစာများကိုပင် ခဲကျဉ်လာစေခဲ့ကာ၊ တစ်ကိုယ်လုံးရှိ သွေးနွေးနွေးတို့ကိုပါ အေးစက်လာစေခဲ့၏။
သူဟာ ရှဲ့-မျိုးရိုး၏ လက်ခုပ်ထဲသို့ ကျရောက်ဖို့ ကြမ္မာပါနေခဲ့ခြင်းပေလား?
လေထုဟာ တဒင်္ဂခန့် အလွန်တရာ တင်းမာသွားရစွာ။
နောက်ဆုံးမူ ချန်မန့်က နှုတ်ဟလာပါတော့၏။
ရဲအရာရှိချန်ဟာ အတန်ငယ် ကြက်သေသေသွားငြား ဟော့ယွီကိုတော့ မှတ်မိသွားသေးဆဲ:“ ...... ဟို ...... မင်္ဂလာပါဗျ။ ထပ်တွေ့ကြပြန်ပြီနော်၊ မင်းကလည်း ရိုက်ကူးရေး အဖွဲ့က ဖိတ်ထားတဲ့ အကြံပေးလား? ”
ဟော့ယွီက သူ့ကို အရေးပင် မစိုက်ခဲ့ပါပေ။ အေးစက်စွာ၊ မုန်းတီးစွာ၊ ခေါင်းမာစွာဖြင့် ရှဲ့ချင်းချန်ကိုသာ စိုက်ကြည့်နေခဲ့လေ၏။
ရှဲ့ချင်းချန်မှာတော့ ခေါင်းလှည့်သွားပြီး:“ ချန်မန့် မင်း လာတာနဲ့ အတော်ပဲ၊ ဒီတစ်ယောက် အများကြီး သောက်လာတာ၊ တစ်ကိုယ်လုံး အရက်နံ့တွေ ထောင်းနေတာပဲ။ မင်း သူ့ကို ကျေးဇူးပြုပြီး သူ့ အခန်းဆီ ပြန်ပို့ပေးလိုက်ပါဦး။ သူ့ကို ဒီနေရာမှာ မူးရူးမနေစေပါနဲ့ ”
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။