တွင်းဆုံးကျခြင်း။
ပုံမှန်အချိန်များ၌ ဆိုလျှင် ဟော့ယွီဟာ ဤသို့နှယ် မိတ်ကပ်နံ့၊ ရေမွှေးနံ့တို့ မွှန်ထူနေတတ်သော ငွေဖြုန်းတီးရာ နေရာများကို သိပ်သဘောမတွေ့လှပါပေ။ သို့တိုင် ယနေ့၌မူ သူ့အဖို့ ဤ နေရာတွင်သာ လူ့လောကနှင့် သက်ဆိုင်သော သွေးသားအနွေးဓာတ် အနည်းငယ်ကို ရှာတွေ့နိုင်ပါပေ၏။
“ သခင်လေး-ဟော့ ”
“ မင်္ဂလာပါ၊ သခင်လေး-ဟော့ ”
ပျော်တော်ဆက်ကလေးက သီးသန့်ခန်း တံခါးကို တရိုတသေဖြင့် ခပ်ကျယ်ကျယ် ဖွင့်ပေးလိုက်ရင်း သူ့ကို ကြိုဆိုသမှု ပြုလာခဲ့လေ၏။ သူ(မ)ကား ခေါင်းကို ငုံ့၍၊ ကိုယ်ကို ကိုင်းထားခဲ့လေကာ၊ မျက်လွှာပင် မဝင့်ရဲချေရှာ။
ညဉ့်ကောင်းကင်ယံ ကလပ်ကား ကာမရာဂနှင့် အသောက်အစား၊ အပျော်အပါး ကြူးလွန်လိုက်စားရာ စည်းစိမ်နန်းပင်။ အပန်းဖြေရုံများ၏ စည်းမျဉ်းများနှင့် အညီ စီမံလည်ပတ်နေပါသည့်တိုင် ထိုထဲမှ ပျော်တော်ဆက် တစ်ဦးချင်းစီတိုင်းမှာတော့မူ ချောမောလှပ၍ ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ကြကာ အကင်းလည်းပါးကြ၏။ အကကြမ်းပြင်ထဲ၌ သာယာမှု လာရောက်ရှာဖွေကြသူများကားလည်း အများအားဖြင့် ချောချောလှလှ အမျိုးသား၊ အမျိုးသမီးများသာ ဖြစ်ကြ၍ ၎င်းတို့ထဲမှ အများစုဟာ သီးသန့်ခေါ်ထုတ်သွားခံကြရဖို့ရာ ဆန္ဒရှိကြပါပေ၏။ ကိုယ်ရေးကိုယ်တာ ဆက်နွယ်မှု အဆင့်သို့ ရောက်သွားကြသည်နှင့် ၎င်းမှာ ညဉ့်ယံခင်းထဲမှ သာမန် ချစ်တင်းနှောမှုမျှသာ ဖြစ်ကာ၊ ချိန်းတွေ့ဖြစ်ခဲ့ကြသည် ဖြစ်စေ၊ တွဲခုတ်ဖြစ်ခဲ့ကြသည် ဖြစ်စေ မည်သူမှ ဝင်စွက်ဖက်ခွင့် မရှိပါပေ။
ထို့ကြောင့်ပင် ညဉ့်ကောင်းကင်ယံ၏ တံခါးအပြင်ဘက်၌ အမြဲတစေ ဆိုသလို ဇိမ်ခံကားများနှင့် ပြည့်နေရခြင်း ဖြစ်ပါ၏။ ညဉ့်နက်လာသည်နှင့် နုမွတ်ဝင်းဖန့်သော ခြေတံသွယ်လေး အများစုဟာ သူဌေးအများစု၏ ကားထိုင်ခုံထက်သို့ တက်သွားတတ်ကြလေ့ရှိကာ၊ ၎င်းတို့ဟာ ပြုံးရွှင်ကာဖြင့် အကြင်သူတို့ နံဘေးတွင် ပူးကပ်တိုးဝှေ့ရင်း အပြင်းမောင်းထွက်သွားတတ်ကြပေ၏။
YOU ARE READING
ဆေးမှတ်တမ်းချုပ်
Romanceစီအာ ရှောင်ဖို့ အပိုင်းတစ်ကနေ လေးအထိကို ပီဒီအက်ဖ်ဖိုင် သီးသန့်ထုတ်ပေးထားပါတယ်။ တယ်လီဂရမ် (binganbenarchives) ချန်နယ်ထဲက pin post #3 ကနေ ဖတ်လို့ ရပါတယ်။