- ၃၃ -

109 21 5
                                    

သူ ထောင်ချောက်ထဲကို တန်းတန်းမတ်မတ် ဝင်သွားခဲ့တယ်။

သင်ရိုးဖိုင်တွင် အချွတ်အချော်များ ဖြစ်ပေါ်သွားခဲ့ရပြီး နောက်ပိုင်း၌ ဟော့ယွီသည် ရှဲ့ချင်းချန်ကို အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ပါ၏။

သို့သော် ရှဲ့ချင်းချန်၏ အဘိုးကြီးဆန်သည့် စရိုက်မှာ ပြင်းထန်လွန်းလှသည့်အပြင် ပါမောက္ခ တစ်ယောက်လည်း ဖြစ်နေရသေးပြန်လေရာ အခြားသော ကျီစယ်မှုများကို ဖြစ်ပြီးခဲ့တာတွေပဲ၊ ရှိစေတော့ဟု သဘောထားပေးလိုက်နိုင်သည့်တိုင် ဤ ကိစ္စကိုမူ သူ့အတွက် မေ့ဖျောက်၍ မရနိုင်ခဲ့ပါပေ။ ရက်အနည်းငယ် ကြာသွားသည့် နောက်မှာပင် ရှဲ့ချင်းချန်အဖို့ အကြင်သူ့အား အသိအမှတ်ပြုဖို့ရာ ဆန္ဒသိပ်မရှိလှဆဲပင်။

ဟော့ယွီ၏ စိတ်အခြေအနေကို ကူညီထိန်းညှိပေးခြင်းကား တစ်ကဏ္ဍ ဖြစ်သကဲ့သို့၊ ဟော့ယွီဘက်က သူ့ကို ရန်စသွားခြင်းသည်ကလည်း တစ်ကဏ္ဍသာ။ ရှဲ့ချင်းချန်အဖို့ မိုင်းမြေ တက်အနင်းခံလိုက်ရသဖြင့် တစ်ဖက်လူအား ပညာမပြဘဲ နေဖို့ ရန်ဟူသည်မှာ မဖြစ်နိုင်သော ကိစ္စရပ်ပါပေ။

ကောင်းကင်ဘုံ၏ ကြည့်ရှုစောင်မပေးမှုဖြင့် ပညာပေးဖို့ရန် အခွင့်အရေးမှာ မရှေးမနှောင်းတွင်ပင် ရောက်ရှိလာရတော့၏။

ယနေ့၌ ရှဲ့ရွှယ်သည် ရှဲ့ချင်းချန်ထံသို့ ဖုန်းခေါ်လာခဲ့၏။

" ကောရေ၊ ဟုကျိုးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်က နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနား လုပ်ကြမှာတဲ့၊ အဲ့ကိစ္စကို ကော သိပြီးပြီလား? "

" ဘာဖြစ်လို့လဲ? "

" ဩ၊ ပွဲထဲမှာ အစီအစဉ်တစ်ခု ပါတယ်လေ။ ညီမလေးတို့ ကျောင်းနှစ်ကျောင်း ပေါင်းပြီး ဇာတ်လမ်းတစ်ခု ရိုက်ကြမှာ၊ ထုတ်လွှင့်မဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ဘူးရယ်။ အချိန်ကျလာ လို့ရှိရင် ကျောင်းတွင်းဝက်ဘ်ဆိုက်ပေါ်မှာ တင်ပေးမှာ၊ ပြီးတော့ အထိမ်းအမှတ်အနေနဲ့ ပြသဖို့လည်း စီစဉ်ထားကြတယ်ရယ် "

အစ်ကိုဖြစ်သူဘက်မှ သူ(မ)ကို ဖြတ်မပြောလာသည်ကို မြင်ရာ၌ ရှဲ့ရွှယ်က စကားအမျှင်မပြတ်ဘဲ ဆက်ပြောလာပါလေ၏:" အပျော်တမ်း ရိုက်ကြမဲ့ လေ့ကျင့်ရုံ ဇာတ်လမ်းလေးလောက်ပဲ ဆိုပေမဲ့ ဟုသာ့နဲ့ ဆေးတက္ကသိုလ် နှစ်ကျောင်းလုံးရဲ့ ရာပြည့်ရတု အခမ်းအနား ဆိုတော့ ကျောင်းက တာဝန်ရှိသူတွေကတော့ အတော်လေးကို အလေးထားထားကြတယ်ရယ်။ ရန်ပုံငွေတွေလည်း အများကြီး ချပေးထားပြီးတော့ ညီမလေးတို့ ဆရာ၊ ဆရာမတွေကို အထူးပြုဘာသာရပ်နဲ့ စပ်ဆက်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ သေသေချာချာလေး ရိုက်ပေးဖို့ စီစဉ်ခိုင်းထားကြတာ။ ညီမလေးလည်း ဒီလို အခွင့်အရေးက ကြုံတောင်ကြုံခဲလို့ ခံစားရတာနဲ့ ဇာတ်ညွှန်းကို စိတ်နှစ်ပြီး စရေးနေပြီရယ်၊ ဆေးပညာပိုင်း အတွက် ကိုကြီး အတိုင်ပင်ခံ လုပ်ပေးလို့ ရလား? "

ဆေးမှတ်တမ်းချုပ်Where stories live. Discover now