မုန်းမာန်ပြေ
"ဆက်တက်ရအောင်လေ"
မငြိမ်သက်နိုင်သေးတဲ့စိတ်ကိုထိန်းကာ ဘာမှမဖြစ်သလိုမျက်နှာပေးနဲ့ဝသုန်ကိုပြောလိုက်ပြီး တောင်ပေါ်ဆက်တက်ခဲ့ရသည်။ ဝသုန်ကတော့သူပြောချင်နေတာတွေကိုဆက်ပြောနေဆဲ။
"ဖေဖော်ဝါရီလတုန်းက ကျွန်တော်တစ်ခေါက်ရောက်ခဲ့သေးတယ်။ အဲတုန်းကအရွက်မမြင်ရအောင် ခဲခဲလှုပ်ပွင်နေတာသိပ်လှတာပဲ သိလားပြေရဲ့..."
"..."
"ကျွန်တော့်ကိုစိတ်ဆိုးနေတာလားဗျာ၊ စကားပြန်ပြောပါဦးပြေရဲ့"
"..."
"ကျွန်တော်နဲ့ဘာဆိုင်လို့လဲပြေရယ်။ အဲကောင်ကသူ့ဘာသာပြန်ဆင်းလာတာကို၊ ကျွန်တော့်ဆီကပလိုင်းလာယူတာတဲ့"
ထိုအခါမှဝသုန့်ကျောမှာပလိုင်းမရှိတော့တာကို မုန်းမာန်သိလိုက်၏။ ဘာမှပြန်ပြောမနေတော့ဘဲ တောင်ပေါ်ကိုဆက်တက်လာမိတော့...။
"ပြေ၊ ကျွန်တော့်ကိုဆွဲခေါ်ပါဦးဗျာ၊ အားမရှိတော့လို့..."
"..."
အနောက်ကနေလိုက်စနေတဲ့ဝသုန့်ကြောင့် မောနေတဲ့ကြားကနေတောက်လျှောက်တက်လာခဲ့မိတာတောင်ထိပ်ရောက်လာတဲ့အထိ။
တောင်ပေါ်ရောက်မှအမောထိုင်ဖြေနေမိတော့ ဘေးမှာလာထိုင်တဲ့ဝသုန်က မုန်းမာန်ပေါင်ပေါ်ခေါင်းတင်ကာလှဲချလိုက်ခြင်းကြောင့် ဘေးဘီဝဲယာကိုလိုက်ကြည့်မိ၏။
ခပ်လှမ်းလှမ်းမှာနေရာထိုင်ခင်းအဆင်သင့်ပြင်ထားပုံနဲ့ ထိုနေရာဘေးမှာမုန်းမာန်တို့ကိုကျောပေးထိုင်နေတဲ့ဗန်ကျုံးကဘာတွေလုပ်နေမှန်းမသိ။ သက်ပြင်းကိုချလိုက်ရင်း တောင်ပေါ်ကနေတောင်အောက်မြင်ကွင်းကိုလှမ်းငေးကြည့်နေမိသည်။
"ပြေ"
"..."
"တောင်းပန်ပါတယ်နော်၊ ကျွန်တော်စိတ်လွတ်သွားလို့ပါ"
ဂေါက်ကွင်းတုန်းကလည်း ဒီစကားပဲပြောခဲ့တာလို့တွေးလိုက်မိပြီး မျက်နှာကိုအရည်ထူထူသာထားလိုက်ရ၏။
"ပြေကသိပ်ချစ်စရာကောင်းနေတာကိုး"
ဒီတော့မုန်းမာန်အပြစ်ပေါ့၊ သူ့မှာအပြစ်မရှိဘူးဆိုတဲ့သဘောပေါ့။ လုပ်ချင်ရာလုပ်ပြီးရင် ခပ်တည်တည်စကားတွေပြောတတ်ပုံကိုမုန်းမာန်မအံ့ဩတော့ပါ။
