သူ ရေချိုးရန် အင်္ကျီ ချွတ်လိုက်ချိန် မှန်ထဲမှတစ်ဆင့် လက်မောင်းမှာမြင်လိုက်ရတဲ့ ဒဏ်ရာကို ကိုင်ကြည့်လိုက်မိတော့ ဟိုဆရာဝန်ကို မဆီမဆိုင် သတိရသွားမိသည်... သူခေါင်းကို တစ်ချက်ခါရမ်းပစ်လိုက်သည်... သူအခြားသူတစ်ယောက်အကြောင်းကို ကြာကြာစဉ်းစားဖို့ အချိန်မပေးနိုင် သူ့အတွက် အချိန်ကတန်ဖိုးရှိသည်...
သူရေချိုးပြီး အဝတ်စားလဲလိုက်သည်... သူနေထိုင်သည်က ဆိုးလ်မြို့ ရဲ့ ချောင်ကျကျ ရပ်ကွက်တစ်ခုက တိုက်ခန်းတစ်ခုရဲ့ ခေါင်မိုးခန်းဖြစ်သည်....
ဒီလောက်နေနိုင်တာပဲ ကံကောင်းလွန်းနေပြီ... ထိုခေါင်မိုးခန်းက သူ့တို့ညီအစ်ကိုနှစ်ယောက်အတွက်တော့ အတော်ကိုကျယ်လွန်းလေသည်... တစ်ခုတည်းသော အခန်းမှာတော့ hyungကိုနေစေပြီး သူကတော့ အပြင်က မီးဖိုချောင်နဲ့ တစ်ဆက်တည်းဖြစ်နေသော ဧည်ခန်းလို့ပြောရမလား ထမင်းစားခန်းလို့ပဲ သုံးနှုန်းရမလား မသိတဲ့ နေရာလေးကတော့ သူအိပ်ဖို့အတွက်လုံလောက်သည်လေ...
မနက်စောစော သတင်းစာလိုက်ပို့တဲ့ အလုပ်ကပြန်လာပြီးတော့ နောက်ထပ်အလုပ်တစ်ခုကို မသွားခင် hyungစားဖို့အတွက် မနက်စာလုပ်ပေးရန် သူပြင်ဆင်နေလိုက်သည်...
"အငယ်လေးရယ် သွားစရာရှိတာ သွားပါလား... hyungကိုယ့်ဘာသာကိုယ်လုပ်လိုက်မယ်..."
ဘေးနံရံကို လက်ကလေး တစမ်းစမ်းနဲ့ လျှောက်လာနေတဲ့ hyungအနားကို သူပြေးသွားလိုက်ကာ hyungလက်မောင်းတို့ကို တွဲကိုင်လိုက်သည်...
"Hyungရယ် ဘာလို့ထွက်လာတာလဲ အိပ်နေသေးတာမဟုတ်ဘူး... မိုးတောင်သေချာမလင်းသေးဘူး..."
"မိုး လင်းတယ် မလင်းဘူးဆိုတာ hyungနဲ့မှ မသက်ဆိုင်တာပဲ အငယ်လေးရယ်..."
ချက်ချင်းကိုငြိုးကျသွားတဲ့ hyungမျက်နှာကြောင့် သူစကားမှားသွားပြီမှန်းသိလိုက်သည်...