Unicode
အပိုင်း (၈)
ခြူး ဖိနပ်လေးကိုကြည့်ပြီး ဇဝေဇဝါ ဖြစ်နေမိသည်။
ဘယ်သူ ဖြစ်နိုင်လဲ။ သူမ ဘာလိုချင်လဲ ဆိုတာကို တပ်အပ်သိနေတဲ့ ထိုလူက ဘယ်သူများလဲ။
တွေးနေရင်း ခေါင်းတွေသာ ပူလာသည်။ အဖြေက
ထွက်မလာ။ ရှင်းပြောသလို အမိဖမ်းဖို့ကျတော့လည်း ပစ္စည်းကို မထင်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့သာ ပေးလာတာမို့ ဘယ်အချိန်မှာ ဘယ်လိုစောင့်ဖမ်းရမလဲ ဆိုတာက ခေါင်းကြိမ်းစရာ ဖြစ်လာလေပြီ။
"ဖေဖေများလား...မဖြစ်နိုင်ပါဘူး...ဖေဖေက ဒီလို
တစ်ခါမှ မှ မပေးဖူးတာ... သူပေးချင်ရင် ပေါ်တင်လာပေးတာပဲကို... ဘယ်သူများပါလိမ့်... အာ...ခေါင်းတောင် ကိုက်လာပြီ"
ဒေါက်~ဒေါက်~~
"သမီး..ခြူး"
"ရှင်..ဖေဖေ"
"သမီး..ထမင်းစားရအောင်လေ"
ထမင်းစားဖို့ကိုပင် ဖေဖေကိုယ်တိုင် လာခေါ်နေရတာ
ပါလား။ ဒီလိုဆို ဒေါ်ဒေစီကျော်က သူမနဲ့အတူ မစားချင်မှန်း သိသာနေပြီလေ။
"လာခဲ့မယ် ဖေဖေ"
"အင်း..ဖေဖေ စောင့်နေမယ်နော်"
"ဟုတ်"
ဦးစိုးမိုးနိုင် သက်ပြင်းတစ်ချက်ချရင်း အောက်ထပ်ကို ပြန်ဆင်းလာခဲ့သည်။ အလုပ်က ပြန်ရောက်တော့ ထွက်ကြိုတဲ့ဇနီးသည်ကို "ဒေစီ..ခြူးရော?"လို့ မေးကာရှိသေး မဲ့ရွဲ့ပြရင်း "သူ့အခန်းထဲမှာ" ပေါ့တဲ့။
ထမင်းစားချိန်ရောက်တဲ့အထိ သမီးက အောက်ထပ်ကို
ဆင်းမလာ။ သမီးကို မကြည်မှန်း သိနေမှတော့ ဒေစီကျော့်ကိုလည်း သွားခေါ်ဖို့ပြောမနေတော့ဘဲ ကိုယ်တိုင်သာ လာခေါ်ခဲ့လိုက်ရသည်။
"အဟင်း"
ခြူး ခပ်တည်တည် ရယ်လိုက်မိသည်။ စားပွဲပေါ်က
ဟင်းတွေက ရွှေရည်မိုးအကြိုက်တွေချည်း။ ခြူးကြိုက်တဲ့ဟင်းဆိုတာ တစ်ခွက်မှ မပါ။ ဒီနေ့မှ မဟုတ်ပါ။ နေ့စဉ် ဒီလိုပုံစံနဲ့ ဆိုတော့လည်း ခြူးဘက်က ပြန်ပြီး တုံ့ပြန်ရတော့မှာပေါ့။
ထမင်းကို တို့ထိ တို့ထိလေး စားနေရင်းမှ ရွှေရည်မိုးကို
မသိမသာ အကဲခတ်နေလိုက်သည်။ သူမ ဘာကို အများဆုံးစားနေသလဲဆိုတာကိုပေါ့။ ပြီးရင်တော့ ခြူးရဲ့ဗျူဟာ စတင်တော့သည်။
တန်...
ဇွန်း ၂ ချောင်း ထိသွားတဲ့အသံနဲ့အတူ စားပွဲဝိုင်းမှာ
ထိုင်နေကြတဲ့ လူ ၃ ယောက်ရဲ့အကြည့်တွေမှာ ခက်ထန်မာကျောမှုတွေ အထင်းသားပေါ်လာသည်။
"အန်တီက ဘယ်ဆိုးလို့လဲ..ပုစွန်ကို မန်ကျည်းသီးစိမ်းနဲ့ ချက်ထားတာများ..စားလို့ကောင်းချက်"
ပြောပြောဆိုဆို ဦးတိုက်နေတဲ့ ရွှေရည်မိုးရဲ့ဇွန်းကို
မသိမသာ တွန်းပြီး ပုစွန်တစ်ကောင်ကို ထပ်စားပြလိုက်သည်။
ဒေါ်ဒေစီကျော့်မျက်နှာမှာတော့ တင်းမာမှုတွေကို
အတိုင်းသားတွေ့နေရသည်။
ဦးစိုးမိုးနိုင်ကတော့ ရေခဲစိမ်စစ်ပွဲကို ဘာမှ ဝင်မပြော
တော့ဘဲ အသံတိတ်သာ စားနေလိုက်သည်။
"သမီး ပြီးပြီ မာမီ"
"အို..စားလေ သမီးရဲ့...သမီးအကြိုက်တွေ ချက်ထား
ပေးတာကို"
"တော်ပြီ...မစားချင်တော့ဘူး"
ခြူးကို မျက်စောင်းတစ်ချက်ထိုးရင်း ရွှေရည်မိုး
ထမင်းဝိုင်းမှ ထသွားသည်။ ဖေဖေ့ရှေ့မှာဆိုတော့ ပွဲကြမ်းတာမျိုးတော့ မလုပ်ပါ။
