Ep 28

1.5K 69 0
                                    

Unicode

အပိုင်း (၂၈)

ဒေါက်..ဒေါက်..

"ဝင်ခဲ့"

"ဆရာ..ဒါက ဒီတစ်ပတ်အတွင်း ဆရာကတော်သွားခဲ့တဲ့ နေရာစာရင်းပါ"

"စားပွဲပေါ် တင်ခဲ့"

"ဟုတ်"

သူ့အတွင်းရေးမှူး ပြန်ထွက်သွားတော့ ဦးစိုးမိုးနိုင် အပြင်ဘက်ကို ငေးကြည့်နေရာမှ စားပွဲပေါ်က စာရွက်လေးဆီသို့ အကြည့်ရွှေ့လိုက်သည်။

"အေးရိပ်မေတ္တာ မိဘမဲ့ကျောင်း...သူက အဲ့ဒီကို ဘာလို့သွားတာပါလိမ့်"

ခုတလော ဒေါ်ဒေစီကျော်ရဲ့ အပြုအမူတွေက ထူးဆန်းနေတာမို့ သူမ သွားခဲ့တဲ့ နေရာတွေကို တိတ်တဆိတ် စုံစမ်းစေခဲ့သည်။ အေးရိပ်မေတ္တာ မိဘမဲ့ကျောင်းကလည်း သူမ သွားခဲ့သည့် နေရာတစ်ခု။

အလှူလုပ်ဖို့ သွားခဲ့တာလား။ အလည်သက်သက်တော့ ဘယ်လိုမှ မဖြစ်နိုင်။ လက်ထဲက စာရွက်လေးကို စူးစိုက်ကြည့်ရင်း ဖြစ်နိုင်ခြေရှိသည့် အကြောင်းရင်းတွေကို စဉ်းစားနေမိတော့သည်။

|•|•|•|•|•|•|•|•|•|

ခြူး ဝရန်တာကနေ အခြေအနေကို အကဲခတ်နေတာ အတော်ကြာသွားပြီ။ မနက်မိုးလင်းကတည်းက ကိုကို သူ့အခန်းထဲက ထွက်မလာသေး။ ကိုကိုက နေဖင်ထိုးချိန်အထိ အိပ်တတ်တဲ့လူလည်း မဟုတ်တာကြောင့် နေမကောင်းဖြစ်နေလားဆိုပြီး စိတ်ပူမိသွားသည်။

တင်းတောင်..တင်းတောင်..

ဘဲလ်တီးသံကြောင့် တဆစ်ဆစ် ထိုးကိုက်နေတဲ့ နားထင် ၂ ဖက်ကို လက်နဲ့ ဖိထောက်ရင်း ခုတင်ပေါ်မှ ဆင်းလာခဲ့လိုက်သည်။

"ဟင်..!!ခြူး..."

တံခါးလာဖွင့်ပေးတော့ ထင်တဲ့အတိုင်းပင်။ ဆွယ်တာအဖြူကို လည်ပင်းဖုံးအောင် ဝတ်ထားတဲ့ ကိုကို့မျက်နှာက အနည်းငယ် နီရဲနေသည်။

"ကိုကို နေမကောင်းဘူးလား"

"ကောင်းပါတယ်"

"ဒါလား ကောင်းတာ... ကိုယ့်ရုပ်ကိုယ်လည်း မှန်ထဲ ပြန်ကြည့်ဦး... လူမမာမှန်း သိသာလွန်းတယ်"

"ဟင်..!!"

ခြူးပြောမှ မှန်ထဲ ပြေးကြည့်ချင်စိတ် ပေါက်သွားရသည်။ သူ့ပုံစံက အဲ့လောက်တောင် ဆိုးဝါးနေပြီလား။

"ခြူး..ဒီကို ဘာကိစ္စရှိလို့လဲ"

"ဟမ်..အင်း...ဟို..မေမေ့ဆီ သွားဖြစ်လားလို့ လာမေးတာ"

အကြောင်းပြချက်ကောင်းတစ်ခုမို့ ခြူး အသုံးချလိုက်မိသည်။ ဘာကိစ္စရှိလို့လဲလို့ သူစိမ်းဆန်ဆန် မေးလိုက်တဲ့ ကိုကို့ကိုလည်း စိတ်ရှိလက်ရှိ ထုပစ်လိုက်ချင်သည်။ စိတ်ပူလို့ လာကြည့်တာလို့ ပြောဖို့ကျလည်း ကိုကိုအထင်သေးသွားမှာကို ကြောက်မိပြန်သည်။

"ကိုယ် ဒီနေ့တော့ သွားဖြစ်မယ် မထင်ဘူး"

"အရမ်းကြီး နေရဆိုးနေလားဟင်"

"ခေါင်းနည်းနည်း ကိုက်တာပါ... အရင်ရက်တွေက အလုပ်ပင်ပန်းထားတာတွေနဲ့ စုဖြစ်သွားတာ"

"ဆေးခန်းသွားမလား...ကျွန်မ လိုက်ပို့မယ်လေ"

"ရပါတယ်...ဆေးသောက်ပြီး ခဏ ထပ်အိပ်လိုက်ရင် သက်သာသွားမှာ"

ပြောပြောဆိုဆို အခန်းတံခါး ပြန်ပိတ်ဖို့ပြင်နေတဲ့ ကိုကို့ကြောင့် ခြူး တံခါးကို အမြန်ပဲ ဖမ်းဆွဲထားလိုက်ရသည်။

"မေမေ့ကို ခေါ်လိုက်ရမလားဟင်"

"ဟာ..မခေါ်နဲ့...ဘာမှလည်း မဟုတ်ဘဲ မေမေ စိတ်ပူနေရလိမ့်မယ်"

"ဒါဆို ခြူး နေပေးမယ်လေ"

"ဟင်..!!"

ခြူးတဲ့။ ခြူးက အရင်လို ကျွန်မလို့ မပြောတော့ဘဲ ခြူးလို့ သုံးနှုန်းလိုက်တာလား။

"ဟီး...ကျွန်မလို့ပြောရတာ နည်းနည်း တစ်မျိုးကြီးဖြစ်နေလို့"

သူအံ့သြသွားတာကို သိသည့်အလား ပြောလိုက်တဲ့ ခြူးကြောင့် နေမကောင်းဖြစ်နေလျက်မှ ပြုံးလိုက်မိသည်။ တကယ့်ကို ကလေးတစ်ယောက်လိုပါပဲလား ခြူးရယ်။

"ကိုကို..ကျ..အဲ..ခြူး အထဲဝင်မယ်နော်"

"ဟမ်..အင်း...ဝင်..ဝင်လေ"

သူလည်း ဝင်ခွင့်ပြုလိုက်ရော။ ခြူးတစ်ယောက် မီးဖိုချောင်သို့ တန်းသွားတော့သည်။

"ကိုကို ဘာစားပြီးပြီလဲ"

"ဘာမှ မစားရသေးဘူး"

"ဟုတ်လား...ဒါဆို ကိုကို့အတွက် ဆန်ပြုတ်လုပ်ပေးမယ်လေ"

သူ ပြုံးမိပြန်သည်။ ခြူးက သူ့အတွက် ဆန်ပြုတ်လုပ်ပေးမယ်တဲ့။

"ဘာလဲ...မလုပ်တတ်ဘူးလို့ ထင်နေတာလား"

သူပြုံးတာကို တလွဲတွေ အဓိပ္ပာယ်ကောက်နေတဲ့ ခြူးကြောင့် အမြန်ခေါင်းခါပြရတော့သည်။ တော်ကြာ စိတ်ဆိုးသွားမှဖြင့်။

"မဟုတ်ပါဘူး...ခြူးက လိမ္မာသားပဲလို့ တွေးမိသွားလို့ပါ"

"ဘယ်လို..?? ဒါဆို အရင်က ခြူးကို ဆိုးတယ်လို့ တွေးထားတာပေါ့"

"ဟာကွာ..ခြူးရာ..."

ခိုနားရာWhere stories live. Discover now