Ep 29

1.5K 66 2
                                    

Unicode

အပိုင်း (၂၉)

ဆိုင်ကယ်ကို ခြံထဲထိ မောင်းဝင်လာခဲ့ပြီး သော့လေးတရမ်းရမ်းနဲ့ အိမ်ထဲဝင်လာမိတော့ မွေးမိခင် မယ်တော်က ဧည့်ခန်းမှာ မိန့်မိန့်ကြီး ထိုင်စောင့်နေလေသည်။

"ပန်းလေး သွားဝယ်ခိုင်းမိပါတယ်... ဘယ်မှာလဲ ပန်းက...စကားကို တော်တော်နားထောင်တာပဲ"

"ပါပါတယ် မေမေရ...ဟမ်..အဲ..နေပါဦး... ပန်းက... ဟာ..မေ့ခဲ့ပြီ"

မေသိမ့်က ပိုင်ထက်ဆီ လိုက်ပို့ခိုင်း၍ လိုက်ပို့ပေးရင်း မေမေက ပန်းအတုဝယ်လာဖို့ လမ်းကြုံခိုင်းလိုက်တာကြောင့် ဝင်ဝယ်ခဲ့ရသေးသည်။ သို့သော် ပန်းက ပါမလာ။ ဖိနပ်ဘူးလေးကိုတော့ မှတ်မှတ်ရရနဲ့ ယူလာခဲ့ပြီး ပန်းစည်းကိုတော့ စုအိမ့်စံရဲ့ ဖိနပ်ဆိုင်မှာ မေ့ကျန်ခဲ့လေပြီ။

"ဟွန်း..မပြောချင်ဘူး... ပြောတော့ဖြင့် မကြိုက်ပါဘူးလေး ဘာလေးနဲ့.. ခုတော့ နောက်တစ်ခါ ပြန်သွားရအောင် ပန်းစည်းကို ထားခဲ့တာပေါ့လေ"

"ဟာ..မေမေ ဘာတွေပြောနေတာလဲ... ကျွန်တော် တစ်ခုမှကို နားမလည်ဘူး"

"အိပ်ချင်ယောင်ဆောင်တဲ့သူက နှိုးရခက်တယ်တဲ့...နင့်ပန်း ဘယ်မှာကျန်ခဲ့လဲဆိုတာ နင်မှတ်မိတယ်မလား"

"ဗျာ..!! မေမေ..မဟုတ်မှလွဲရော ကျွန်တော့်ကို နောက်ယောင်ခံ လိုက်နေတာများလား"

"အားအားယားယား ငါက နင့်နောက် ဘာလိုက်လုပ်ရမှာလဲ...နင်နဲ့ အိမ့်လေးကို တွဲတွေ့လိုက်တဲ့သူ ရှိလို့ပေါ့"

"ဟာ..!!"

သွားပြီ။ နဂိုကမှ အဲ့ဒီ စပ်စလူးမနဲ့ သဘောတူနေပါတယ်ဆိုမှ ဘယ်သူက ထပ်ညှောင့်လိုက်ပြန်ပြီလဲ မသိ။

"မေမေ့ကို ဘယ်သူပြောတာလဲ"

"ဘယ်သူပြောပြော အဲ့ဒါ အရေးမကြီးဘူး...အရေးကြီးတာက နင်နဲ့ အိမ့်လေး ဘယ်အခြေအနေ ရောက်ပြီလဲဆိုတာပဲ...ငါ လိုက်တောင်းပေးရတော့မလား"

"ဟာဗျာ...မေမေကတစ်မျိုး... စိတ်ညစ်လိုက်တာ...နှင်းရော..?? ဘယ်သွားလဲ"

"ဘယ်သိမှာလဲ...သူက ဒီအိမ်မှာ နေတာမှ မဟုတ်တာ"

"အဲ..ဟုတ်သားပဲ... ယောင်သွားလို့...ဟီး... ကျွန်တော် ဟိုဘက်သွားလိုက်ဦးမယ်"

"ကြွ..ကြွ"

ပန်းစည်းကို နောက်မှ ပြန်သွားယူရမည်။ လောလောဆယ်တော့ ဖိနပ်လေးကို ပိုင်ရှင်သစ်ဆီ သွားပေးရဦးမည်။

"အန်တီ..နှင်းရှိလား"

"အေး..ရှိတယ်...သူ့အခန်းထဲမယ်"

"ခေါ်ပေးပါလားဟင်"

"တက်သာ သွားတော့...ကျုပ် မအားလို့"

"ဟုတ်"

MRTV-4 ကလွှင့်တဲ့ ကိုရီးယားဇာတ်လမ်းတွဲကို သဲကြီးမဲကြီး ကြည့်နေတဲ့ နှင်းရဲ့မေမေကို ဘာမှ ဆက်မပြောတော့ဘဲ အပေါ်ထပ်သို့ တက်လာခဲ့လိုက်တော့သည်။

ဒေါက်..ဒေါက်..

"မေမေလား"

"..."

"ဘယ်သူလဲ"

"ငါပါ"

"အောင်မြတ်လား"

"အေး"

"ခဏ.."

အထဲမှာ ဘာလုပ်နေလဲ မသိပေမယ့် ခဏဆိုလို့ စောင့်နေလိုက်ရသည်။ ၁၀ မိနစ်လောက်ကြာတော့ တံခါးလာဖွင့်ပေးသည်။

"ဟင်..!!နှင်း..."

"ဘာ..ဘာလဲဟ"

"နင့်မျက်နှာကို ဘာလုပ်ထားသေးလဲ"

"ဘာဖြစ်လို့လဲ...ငါ့မျက်နှာကြီး အန်းနေလို့လား"

"ဟာ..မဟုတ်ဘူး...တစ်မျိုးတော့ တစ်မျိုးပဲ...အရင်ကနဲ့ သိပ်မတူသလိုပဲ"

အောင်မြတ်မှာ နှင်းမျက်နှာကို သေချာစိုက်ကြည့်ရင်း

"နင်..ပိုလှလာတယ်"

"ဟင်..!!တကယ်လား"

သူ့စကားကြောင့် ပြုံးရွှင်သွားတဲ့ နှင်းမျက်နှာလေးကို အောင်မြတ် သတိလက်လွတ် ငေးကြည့်နေမိသည်။

"အောင်မြတ်..ဟဲ့..အယ်..ဟဲ့.. ခေါ်နေတယ်လေ"

"အား..!!အ..နာတာဟ"

ဆရာမဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်လွန်းသည့် နှင်းပါလေ။ ခေါ်တာကို မထူးရကောင်းလားဆိုပြီး ဆွဲလိမ်လိုက်သဖြင့် အောင်မြတ်နားရွက်လေး ရဲရဲနီသွားရသည်။ အများရှေ့မှာ ခပ်အေးအေးနေတတ်တဲ့ နှင်းက ထစ်ခနဲဆို လက်ပါတတ်တာကို သူတစ်ယောက်သာ အသိဆုံးပါလေ။

"နင်က ခေါ်တာကိုမှ အရေးမလုပ်တာ"

"နင့်မျက်နှာက ပေါင်းတင်ထားတာလား"

"အင်း...facemask နဲ့ လုပ်ထားတာ... တစ်ခါမှ မလုပ်ဖူးတော့ အဆင်ပြေပါ့မလားလို့ စိတ်ပူနေတာ... နင့်ဆီက feedback ကောင်းကောင်းလေး ရလိုက်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိသွားသလိုပဲ"

"အေးပါ...နေပါဦး...facemask နဲ့ ပေါင်းတင်တယ်ဆိုတော့ နင် ဒီနေ့မှ သွားဝယ်ထားတာမလား"

"အေး"

"ဒါဆို အပြင်သွားသေးတယ်ပေါ့"

"အင်း...သွားတယ်"

"မဟုတ်မှလွဲရော...ငါနဲ့ အိမ့်ကို တွဲတွေ့လိုက်တာ နင်လား"

"အင်း"

လက်လေးပိုက်ရင်း ခပ်တည်တည်ဖြေလိုက်တဲ့ နှင်းကြောင့် အောင်မြတ်တစ်ယောက် ဟာခနဲ ဖြစ်သွားရသည်။

"ဒါဆို နင်..မေမေ့ကို သွားပြောလိုက်တာပေါ့"

"ငါ သွားပြောတာ မဟုတ်ပါဘူး... အန်တီမာက မေးလို့ ဖြေပေးလိုက်တာ"

"ဟမ်..!!မေမေက ဘယ်လိုမေးလို့လဲ"

"သြော်..အောင်မြတ်ဆိုတဲ့ ကောင်စုတ်လေး..ပန်းလေး သွားဝယ်ခိုင်းမိပါတယ်...ခုထိကို ပေါ်မလာသေးဘူး...ဘယ်ချောင် ဝင်တိုးနေမှန်း မသိပါဘူးတဲ့...အဲ့တော့ ငါလည်း သိတာနဲ့ ဝင်ပြောပေးလိုက်တယ်...ဘယ်ချောင်မှ ဝင်မတိုးပါဘူး...စုအိမ့်စံနဲ့ ထမင်းလက်ဆုံ စားနေတာပါလို့"

"ဟာ..သေရောကွာ... နှင်းရာ..ဘာလို့ အဲ့လိုပြောလိုက်တာလဲ...မေမေကမှ သူနဲ့ ဇွတ်ပေးစားချင်နေပါတယ်ဆိုမှ"

"နင်လည်း သူ့ကို သဘောကျတယ်မလား... ထမင်းစားတာလား..သူ့နာမည်ကို ဇွဲကြီးကြီးနဲ့ ခေါ်တာလားကို မသိဘူး... အဝေးကကြည့်တာတောင် သိသာတယ်... နင်သူ့ကို တအိမ့်တည်း အိမ့်ပြီး ခေါ်နေတာ"

"ဟာ..အဲ့ဒါက..."

ဘယ်လိုရှင်းပြရမှာလဲ။ အိမ့်က ပါးစပ်ပိတ်စားလို့ ပြောလိုက်မိတဲ့ သူ့စကားကြောင့် သူခေါ်တာကို ပြန်မထူးလို့ ခဏခဏ ခေါ်မိခဲ့တာလေ။ ဒါကိုမြင်ပြီး အထင်လွဲသွားတာလား။ မြင်လည်း မြင်တတ်ပါ့ နှင်းရယ်။

"နင်ကလည်း..သူနဲ့ စားချင်လို့ စားတာ မဟုတ်ပါဘူး... သူက ငါ့ကို ဖိနပ်လက်ဆောင်ပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ ထမင်းဝယ်ကျွေးတာ...ဒီမှာလေ.. နင့်အတွက် ဖိနပ်လေး...နင် ဒီလိုပုံတော်ဖိနပ်မျိုးလေး လိုချင်တယ်လို့ ပြောခဲ့ဖူးတယ်လေ"

"ဟင်..!!"

မျက်စိရှေ့ရောက်လာသော ဖိနပ်ဘူးလေးထဲမှ ဖိနပ်ပန်းဆီရောင်လေးကြောင့် နှင်းမျက်လုံးလေးများ ဝိုင်းစက်သွားရသည်။

"ငါပြောခဲ့တာ ကြာပါပြီ...၂ လလောက် ရှိရောပေါ့...ခုကျမှ ဘာစိတ်ကူးပေါက်ပြီး ဝယ်လာတာလဲ... ဘာလဲ...အိမ့်နဲ့တွေ့ချင်လို့ အကြောင်းရှာပြီး ဝယ်လာတာမဟုတ်လား"

"ဟာ...နင်ကလည်း..ငါ့ကို အဲ့လိုကြီး စကားနာ မထိုးစမ်းပါနဲ့...ငါ ဒီဖိနပ်ကို မြင်တော့ နင့်ကိုသတိရပြီး ဝယ်လာမိတာ... ခုလိုစွပ်စွဲခံရမယ်မှန်းသိရင် ငေးတောင် မကြည့်ခဲ့ဘူး"

ပြောပြောဆိုဆို ဖိနပ်ဘူးလေးကို အဖုံးပိတ်ပြီး ပြန်ယူသွားတဲ့ အောင်မြတ်ကြောင့် နှင်းရင်ထဲ မကောင်းဖြစ်သွားရသည်။ သူ့စေတနာကို စော်ကားမိသလို ဖြစ်သွားပြီလား။

"ရော့"

"ဟင်..!!"

နောက်တစ်ခါ ပြန်လှည့်လာ၍ လက်ထဲကို ဖိနပ်ဘူးလေး ထည့်ပေးပြီးမှ ပြန်လှည့်ထွက်သွားတဲ့ အောင်မြတ်ကြောင့် နှင်းတစ်ယောက် အခန်းဝမှာတင် တောင့်တောင့်ကလေး ရပ်ကျန်ခဲ့ရတော့သည်။

ခိုနားရာHikayelerin yaşadığı yer. Şimdi keşfedin