Unicode
အပိုင်း (၃၀)
"ဟင့်အင်း...ဒီည မားဆီမှာပဲ အိပ်မှာ... ခြူးက အိပ်ရာထ နောက်ကျတတ်တယ်...ဒါကြောင့် မားဆီမှာ အိပ်ပြီး Studio ကို တန်းသွားမှာ"
"မနှင်းကိုလည်း ပြောပေးပါ...စေ့စပ်ပွဲကို မလာနိုင်တဲ့အတွက် တောင်းပန်ပါတယ်လို့"
"..."
"ကိုကို ပြောစရာ မရှိတော့ရင် ဖုန်းချလိုက်တော့မယ်နော်"
ခြူးဖုန်းပြောတာကို ခိုးနားထောင်ရင်း ရွှေရည်မိုးတစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် ပြုံးလိုက်မိသည်။
ပိုင်ထက်ယံနဲ့ လက်ထပ်မယ့်သူက ခြူးမဟုတ်ဘဲ တခြားသူတဲ့။ ဒါကြောင့် သူလက်ထပ်တော့မှာလို့ပြောတုန်းက ခြူးမျက်နှာက ညှိုးနေခဲ့တာကိုး။
ဒီည ခြူး အိမ်ပြန်မလာဘူးဆို၍ ပိုင်ထက်ယံနဲ့ လွတ်လွတ်လပ်လပ်တွေ့ရအောင် ရွှေရည်မိုးတစ်ယောက် သူနေတဲ့ တိုက်ရှေ့မှာ ရပ်စောင့်နေမိသည်။
မနက်ဖြန် စေ့စပ်ပွဲဆိုတော့ သူတော့ တော်တော်ပျော်နေမှာပဲလို့ တွေးလိုက်မိပေမယ့် ခြံထဲကို ဒယိမ်းဒယိုင်နဲ့ ဝင်လာတဲ့ ပိုင်ထက်ယံကြောင့် သူမအတွေး မှားနေမှန်း သိလိုက်ရသည်။ တစ်ချိန်တည်းမှာပဲ ခေါင်းထဲကို ဝင်ရောက်လာတဲ့ အတွေးတစ်ခုကြောင့် ကျေနပ်စွာ ပြုံးလိုက်သည်။
"ကိုကို"
"ခြူးလား...ခြူး..."
ထင်သည့်အတိုင်းပင်။ ပိုင်ထက်ယံက သူမကို ခြူးဟု ထင်သွားပုံရသည်။ ခြူးအထင်နဲ့ မိမိဆီ အမြန်လျှောက်လာတာကြောင့် ကိုယ်ကပဲ သူ့ဆီ အမြန်ပြေးပြီး ဖက်ထားလိုက်မိသည်။ မျက်နှာကို ကွဲကွဲပြားပြားမြင်သွားရင် အစီအစဉ်တွေ ပျက်သွားနိုင်သည်လေ။
"ခြူး..."
သူက ရင်ခွင်ထဲက မိမိကို ဖယ်ခွာဖို့ ကြိုးစားနေတာမို့ အတင်း ဖက်တွယ်ထားမိသည်။
"ဟင့်အင်း...မလွှတ်ဘူး ကိုကို... ဒီအတိုင်းလေး နေချင်တယ်... မနက်ဖြန်ဆို ကိုကိုက စေ့စပ်ရတော့မှာ... ခြူးနဲ့ အရင်လို လွတ်လွတ်လပ်လပ် တွေ့နိုင်တော့မှာ မဟုတ်ဘူး"
"ခြူးရယ်"
တုံ့ပြန်ဖက်တွယ်လာတဲ့ သူ့လက်တွေကြောင့် မဲ့ပြုံးတစ်ခုက သူ့အလိုလို ဖြစ်ပေါ်လာခဲ့သည်။ ဘယ်လိုဖြစ်တာလဲ။ ကိုပိုင်ကလည်း ခြူးကို ချစ်နေတာလား။ လောကကြီးက ရယ်စရာကောင်းလိုက်တာ။
သူမကျောပြင်ပေါ်က သူ့လက်တွေ ပြေလျော့သွားတော့ အိပ်ပျော်သွားမှန်း သိလိုက်ရသည်။ သူ့ကိုယ်ကြီးကို မနိုင့်တနိုင် တွဲရင်း သူနေတဲ့ ၄ လွှာသို့ တက်လာခဲ့လိုက်သည်။ တော်ပါသေးရဲ့။ ဓာတ်လှေကားက အသုံးပြုလို့ ရလို့။
သူ့အခန်းကို တစ်ခါရောက်ဖူးထား၍ သိပ်တော့ စိမ်းမနေပါ။ အိပ်ခန်းထဲထိ သူ့ကို တွဲပို့ပြီး ကုတင်ပေါ် ပစ်တင်လိုက်ရသည်။ တစ်လျှောက်လုံး တွဲလာခဲ့လို့ ညောင်းသွားတဲ့ ပုခုံးရိုးကို လက်နဲ့ အသာနှိပ်ပြီး သူ့ခေါင်းအောက်ကို ခေါင်းအုံး ခုပေးလိုက်သည်။
အရက်နံ့တွေ မွှန်ထူနေတဲ့ သူ့အင်္ကျီကို ချွတ်ပေးလိုက်တော့ လှစ်ခနဲ ပေါ်လာတဲ့ ရင်ဘတ်ဖွေးဖွေးနဲ့ ကြွက်သားအဖုအထစ်တွေကြောင့် ကြယ်သီးဖြုတ်နေတဲ့ လက်တွေပင် တုန်လာရသည်။ ရင်ထဲမှာ တဒုန်းဒုန်း ခုန်နေတာမို့ စိတ်ကို ငြိမ်အောင်ထားရင်း အင်္ကျီကို လုံးဝ ချွတ်ပစ်လိုက်သည်။
