Unicode
အပိုင်း (၃၅)(ဇာတ်သိမ်းပိုင်း)
“ဟင်..!! ကို...”
“မင်းပြောတာတွေက အမှန်တွေပဲလား ဒေစီကျော်”
“ကိုစိုး”
“ဖေဖေ”
“ကို.. ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ”
ဒေါ်ဒေစီကျော်မှာ ဦးစိုးမိုးနိုင်ကို အလန့်တကြား မေးလိုက်ပေမယ့် အဖြေပြန်မလာဘဲ ခပ်စိမ်းစိမ်း အကြည့်တွေနဲ့သာ ရင်ဆိုင်လိုက်ရသည်။ ခြူးနဲ့ ဒေါ်သိမ့်နွယ်လည်း သူတို့ ၂ ယောက်ကို ကြည့်ရင်း အံ့အားသင့်နေကြသည်။
“မင်းနဲ့ငါ ရှင်းစရာရှိတယ်.. လာ”
ဒေါ်ဒေစီကျော်မှာ ဦးစိုးမိုးနိုင် ဆွဲခေါ်ရာနောက်သို့ ဒရွတ်မဆွဲရုံတမယ် ပါသွားရတော့သည်။ ခြူးနဲ့ ဒေါ်သိမ့်နွယ်ကတော့ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ရင်း ပြိုင်တူ ခေါင်းရမ်းမိကြကာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့ကြသည်။
“မေမေ.. ကိုကိုက တကယ်ပဲ သူ့သားလားဟင်”
“မေမေလည်း သူပြောမှ သိတာပါ သမီးရယ်.. ဒါပေမယ့် ဒီလိုကိစ္စတွေ ဖြစ်သွားလည်း သားက မေမေ့သားပါပဲ.. သမီးလည်း သားအပေါ် သဘောထား မပြောင်းလဲရဘူးနော်”ဒေါ်သိမ့်နွယ်စကားကြောင့် ခြူး ခေါင်းရမ်းပြရင်း
“မပြောင်းလဲပါဘူး မေမေ.. သမီး ကိုကို့ကို အရင်လို ဆက်ချစ်နေဦးမှာပါ.. သူက ဒေါ်ဒေစီကျော်လို မိန်းမဆိုးရဲ့သား ဖြစ်နေတာကိုတော့ စိတ်မကောင်းဘူး.. ကိုကိုလည်း အဖြစ်မှန်တွေကို သိသွားရင် ဘယ်လောက်တောင် စိတ်ထိခိုက်သွားမလဲ မသိဘူး”
ခြူး ကိုကို့ကို စိတ်ပူစွာဖြင့်ပင် သက်ပြင်းကို အခါခါ ချမိတော့သည်။ ဒီကိစ္စလေးအတွက်နဲ့တော့ ကိုကို့အပြုံးတွေ ပျောက်ကွယ်မသွားပါစေနဲလို့ ဆုတောင်းနေမိသည်။|•|•|•|•|•|•|•|•|•|
“မင်းဟာ မေတ္တာတရားခေါင်းပါးတဲ့ မိန်းမပဲ ဒေစီကျော်.. ကိုယ့်သားအရင်းကိုတောင် စွန့်ပစ်ရက်တယ်ဆိုတော့ မင်းက လူမှ ဟုတ်ရဲ့လား.. ဟမ်!”
“အဲ့တုန်းက ဒေါ်စီလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိလို့ပါ.. ဒေစီ့ဘဝမှာ သူက အနှောင့်အယှက် ဖြစ်နေတာမို့...”
“ဘာ..!! အနှောင့်အယှက်..? ဟက်.. အဲ့ဒါ မင်းဘက်က ယူဆတာလေ.. မင်းအတွက်ပဲ ကြည့်ပီး ဒီကလေးကိုတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး စွန့်ပစ်တယ်.. ဒါ လုပ်သင့်လား”
“ဒေစီ ကလေးကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပါတယ် ကိုရယ်.. ဒါပေမယ့် ကလေးကို သူများမွေးစားသွားလို့...”
ဒေါ်ဒေစီကျော်မှာ ဦးစိုးမိုးနိုင်ရဲ့ အထင်သေးစွာ စိုက်ကြည့်နေတဲ့ အကြည့်တွေကြား ပြောစရာ စကားလုံးများ ပျောက်ရှကုန်သည်။
“မနက်ဖြန် မင်းဘက်ကနေ ရပ်တည်ပေးမယ့် ရှေ့နေတစ်ယောက် ခေါ်လာခဲ့.. ငါတို့ အသိသက်သေတွေရှေ့မှာ ကွာရှင်းကြတာပေါ့”
“ကို.. ဒေစီ့အပေါ် အဲ့လောက်ထိ ရက်စက်ဖို့ လိုလို့လား”
“အေး.. ရက်စက်တယ်.. ဒါပေမယ့် ငါရက်စက်တာ မင်းကိုမမီဘူး.. မင်းလိုနောက်ကြောင်းမရှင်းတဲ့ မိန်းမကိုမှ ငမ်းငမ်းတက်လိုချင်မိပြီး ခုချိန်ထိ ပေါင်းလာမိတဲ့အတွက် ငါ့ကိုငါလည်း အပြစ်တင်လို့ မဆုံးဘူး.. ခုတစ်ခါတည်း အပြတ်ပြောလိုက်မယ်.. ကွာရှင်းပြီးတာနဲ့ ငါ့အိမ်ကဆင်းဖို့ အထုပ်အပိုး ပြင်ထား.. မင်းလိုချင်တဲ့ ပမာဏကို ကွာရှင်းပြီးတဲ့အခါ မင်းအကောင့်ထဲကို လွှဲပေးမယ်”
ပြောပြောဆိုဆို ရပ်ထားတဲ့ ကားဆီကို ခပ်သွက်သွက် လှမ်းလျှောက်သွားတဲ့ ဦးစိုးမိုးနိုင်ကို ကြည့်ပြီး ဒေါ်ဒေစီကျော်တစ်ယောက် ကြိတ်မနိုင် ခဲမရဖြစ်ကာ ကျန်ခဲ့ရတော့သည်။ အရင်ကတော့ ချစ်လွန်းလို့ ဘာကြီးပဲ မှားခဲ့မှားခဲ့ ခွင့်လွှတ်နိုင်တယ်ဆိုတဲ့ သူကြီးက ခုတော့ လူကို ၂ ပြားမတန်အောင် ပြောပြီး ကွာရှင်းခိုင်းနေလေရဲ့။
ယောက်ျားဆိုတာ မိန်းမတွေကို ပီကေတစ်ခုလိုများ သဘောထားလေသလား။ အချိုရှိနေတုန်းတော့ သွားပိုးစားလည်း ဝါးမှာပဲ။ အချိုကုန်သွားရင်တော့ ဘယ်လောက်ပဲ ဝါးလို့ကောင်းနေနေ ပါးညောင်းခံမနေဘဲ ထွေးထုတ်ပစ်ချင်ကြသည်။