Unicode
အပိုင်း (၂၄)
ရွှေရည်မိုးတစ်ယောက် မျက်လုံးပွင့်ပြီး နိုးထလာသည်အထိ သူမအဖြစ်ကို မယုံကြည်နိုင်သေးပါ။ သူမ မင်းဝဏ္ဏနဲ့ တကယ်ပဲ ငြိစွန်းခဲ့မိပြီ။ သူ့ဘက်က အနိုင်ကျင့်ခြင်းမဟုတ်သလို သူမဘက်ကလည်း ခါးခါးသီးသီး ငြင်းဆန်တာမျိုးလည်း မဟုတ်ခဲ့ပါ။ ဒီလိုဆို ၂ ဦး သဘောတူ လွန်ကျူးခဲ့မိသည်ပေါ့။
ချစ်လားဆိုတော့လည်း ဟင့်အင်းဟုသာ ဖြေရပေမည်။ ဒီလိုဆို နေ့ခင်းကဖြစ်ခဲ့သည့်ကိစ္စကို မေ့ပျောက်ပစ်လိုက်ရမည်လား။
သူမကသာ အတွေးကမ္ဘာထဲ ဝဲလည်လည်ဖြစ်နေမိပေမယ့် အခန်းထဲမှာ သူမတစ်ယောက်တည်း။ မင်းဝဏ္ဏက အနားမှာ ရှိမနေ။
"ဟင်!!"
သူရှိမနေတဲ့ ခေါင်းအုံးပေါ်မှာ တင်ထားတဲ့ဆေးက ဘာအတွက်လဲ။
"တောက်!!"
သေချာကြည့်လိုက်တော့မှ အရေးပေါ်ကိုယ်ဝန်တားဆေး။ ခံပြင်းဒေါသနဲ့အတူ တောက်တစ်ချက်ကို ကျယ်ကျယ်ခေါက်မိရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ မို့အစ်အစ်မျက်လုံးတစ်စုံမှ မျက်ရည်စကြီးငယ်တို့က ပေါက်ခနဲ ပေါက်ခနဲ ကျဆင်းလာကြသည်။
ခြေသံပြင်းပြင်းနဲ့ လျှောက်ရင်း တစ်အိမ်လုံးကို ပတ်ရှာကြည့်ပေမယ့် မင်းဝဏ္ဏမပြောနဲ့၊ အခြား သက်ရှိ တစ်မျိုးတစ်လေကိုမှ မတွေ့ရ။ လက်ကိုင်ဖုန်းကို ထုတ်ဆက်ကြည့်တော့ ဖုန်းဝင်သွားပေမယ့် တော်တော်နဲ့ မကိုင်။
"မင်းဝဏ္ဏ..!!! နင် ဘာအချိုးမျိုး ချိုးတာလဲ... ငါ့ကို ဘယ်လိုအစားမျိုးမှန်း မှတ်နေလဲ...နင်ယောက်ျားဆို နင်လုပ်ခဲ့တဲ့ကိစ္စတစ်ခုကို ခုလို မျက်နှာလွှဲခဲပစ် မလုပ်သင့်ဘူး"
တစ်ဖက်က ဖုန်းကိုင်ပြီဆိုတာနဲ့ ရင်ထဲမှာ ပြည့်ကြပ်နေတဲ့ စကားတွေကို ကရားရေလွှတ် ပြောပစ်လိုက်မိသည်။
"ဟယ်လို..ဘယ်သူလဲ မသိဘူး"
"ဟင်!!.."
တစ်ဖက်မှ မိန်းကလေးတစ်ယောက်ရဲ့ အသံကြောင့် ဖုန်း screen ကို ပြန်ကြည့်လိုက်မိတော့ မင်းဝဏ္ဏရဲ့ဖုန်းဆိုတာ သေချာပါသည်။
"ခုပြောနေတာ ဘယ်သူလဲ"
"ရှင့်ကို မေးနေတာ... ရှင်ပြောနေတာတွေကို တစ်ခုမှ နားမလည်ဘူး"
"နင်နားလည်ဖို့ မလိုဘူး... မင်းဝဏ္ဏနားလည်ရင် ရပြီ...သူ အနားမှာ ရှိတယ်မလား...သူ့ကို ဖုန်းပေးလိုက်"
"ဘာလို့ပေးရမှာလဲ...ကိုကိုက ကျွန်မနဲ့ တစ်ချိန်လုံး အတူရှိနေတာ...သူနဲ့ ရှိနေချိန်ဆို သူ့ဖုန်းက ကျွန်မအပိုင်ပဲ...ဒါကြောင့် အားနေတိုင်း လာပြီး မနှောင့်ယှက်ပါနဲ့"
"ဘာ..!!ဟဲ့..ငါက အားနေလို့ ဆက်တယ်များ မှတ်နေလား...ဒီမှာ သူက..."
တီ...
"ဟာ..ဟယ်လို..ဟယ်လို..ဟဲ့..!!"
တစ်ဖက်မှ မပြောမဆို ဖုန်းချသွားတော့ ရွှေရည်မိုးတစ်ယောက် ဒေါသအိုးပေါက်ကွဲလေတော့သည်။
"နင်က ဒီလိုခေါင်းရှောင်ဖို့ ကြိုးစားတယ်ပေါ့...ရတယ်လေ...ငါ့မှာ နင်နဲ့ရတဲ့ကိုယ်ဝန်သာ ရှိလာရင် ရအောင်မွေးပြီး လူသိရှင်ကြား ထုတ်ပြောမယ်...နင် ငါ့ကို တာဝန်ယူရမယ် မင်းဝဏ္ဏ"
တစ်ယောက်တည်း ကြုံးဝါးရင်း အိမ်ကြီးထဲမှ ထွက်လာလိုက်တော့သည်။ ရင်ထဲမှာတော့ ဒေါသအပူမီးတွေ တဟုန်းဟုန်း တောက်လောင်လျက်။
