Unicode
အပိုင်း (၂၃)
"နှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုပိုင်ထက်ယံ...ကျွန်မတို့ အတူရှိခဲ့တဲ့အချိန်တွေက နည်းတယ်ဆိုပေမယ့် ရှင်နဲ့ ရှိနေခဲ့တဲ့တစ်လျှောက်လုံး တကယ်ပျော်ခဲ့ရပါတယ်"
"ဆူး..ဘာတွေပြောနေတာလဲ...ဒါက နှုတ်ဆက်စကားပြောနေတာတော့ မဟုတ်ပါဘူးနော်"
"အမှန်ပဲ...ကျွန်မ ရှင့်ကို နှုတ်ဆက်နေတာ"
"ဟာ...မဟုတ်ဘူး...ခြူး..."
တီ!!..
"ဟာ..ဟယ်လို..ဟယ်လို..."
တစ်ဖက်က ဖုန်းချသွားတာကြောင့် သူ့တစ်ကိုယ်လုံး ပူထူသွားသည်။ ခြူး ဘာတွေဖြစ်နေတာလဲ။ မေမေ့ကိုလည်း ပိုင်းလုံးမဟုထင်သွားပုံရသည်။
"ခြူး...မဖြစ်ပါဘူး"
စက်ပိတ်လိုက်တဲ့ဖုန်းကို ထပ်ခေါ်လည်း ဘာမှမထူးတော့တာမို့ သူ ဟော့ပေါ့ဆိုင်ထဲမှ အမြန်ပြေးထွက်လာခဲ့သည်။
"ဟင်!!..ပိုင်..ဘာဖြစ်တာလဲ"
ဆိုင်ကယ်မောင်းထွက်သွားပြီဖြစ်တဲ့ ပိုင်ထက်ယံကို နှင်းက ကြောင်တောင်တောင်လေး ရပ်ကြည့်နေမိတာကိုတော့ သူ မမြင်သွားမိပါ။
"ခြူးရာ...ကျေးဇူးပြုပြီး မကောင်းတဲ့အတွေးတွေကို မတွေးစမ်းပါနဲ့...မင်း ဘာတွေလျှောက်လုပ်နေတာလဲကွာ"
ဆိုင်ကယ်ကို တိုက်ခန်းဆီသို့ ဦးတည်ကာ တစ်ခါမှမမောင်းဖူးသော အမြန်နှုန်းဖြင့် မောင်းလာလိုက်သည်။ တော်သေးသည်ဟု ဆိုရမည်။ သူ နှင်းနဲ့အတူ ဟော့ပေါ့စားဖို့ လာခဲ့တဲ့ဆိုင်က သူနေတဲ့တိုက်ခန်းနဲ့ သိပ်မဝေးလို့။
ဓာတ်လှေကားက မအားတာမို့ လှေကားထစ်တွေကို အထစ်ကျော်တက်လာတာကြောင့် ခြူးအခန်းဆီကို ရောက်တော့ လူက ဟောဟဲဆိုက်နေပြီ။
"pin က ဘာပါလိမ့်...ခြူးမွေးနေ့လား"
ခြူးမွေးနေ့နဲ့ မွေးလကို နှိပ်လိုက်ပေမယ့် pin က error ဖြစ်နေသည်။ မွေးတဲ့ခုနှစ်ကို နှိပ်လိုက်တော့လည်း ပွင့်မလာတာကြောင့် သူ ခေါင်းကျိန်းလာမိသည်။
"မေမေ့မွေးနေ့လား"
မရပြန်ပါ။ သူ့မှာ စဉ်းစားနိုင်စွမ်းဆိုတာပျောက်လုနီးနီးဖြစ်နေပြီ။ နဖူးစက ချွေးစက်တွေက နားထင်ပေါ် စီးကျလာပေမယ့် ဒါတွေကို အာရုံမစိုက်အားသေး။
"မဟုတ်မှလွဲရော..."
အတွေးတစ်ခုနဲ့အတူ လက်က ခလုတ်လေးတွေပေါ်မှာ လှုပ်ရှားသွားတော့ ချောက်ဆိုတဲ့အသံနဲ့အတူ တံခါးပွင့်သွားသည်။
"ဆူး..."
ဒီတစ်ခါတော့ သတိလွတ်လို့မဖြစ်။ ခြူးဆီမှ ဖုန်းဝင်လာတုန်းက သူ ဝမ်းသာလွန်းပြီး ရုတ်တရက် ခြူးလို့ခေါ်မိသွားပေမယ့် ခြူးကတော့ နားကြားမှားသည်ဟု သတ်မှတ်လိုက်ပုံရသည်။
"ဟာ!!..ဆူး..."
အိပ်ခန်းထဲကို ဝင်ရှာမိတော့ ကြမ်းပြင်ပေါ်မှာ ခွေခွေလေး လဲကျငြိမ်သက်နေတဲ့ခြူးကို တွေ့လိုက်ရတော့ ခြေလှမ်းတွေက ခြူးဆီကို အလိုလိုလျှောက်သွားသည်။
"ဆူး...ဆူး..."
ကြမ်းပြင်ပေါ်မှာပြန့်ကျဲနေတဲ့ ဆေးပြားဖြူဖြူတွေကြောင့် သူ့ရင်ထဲ ထိတ်သွားရသည်။
"ဆူး..ဆူး...ကိုယ်ခေါ်နေတာကို ကြားလား...ဆူးပန်းနီ..!!"
သူကသာ အော်ခေါ်နေပေမယ့် ခြူးကတော့ မျက်လုံးပင် ပွင့်မလာ။ ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းလေး ၂ ခုက ခုထိ မခြောက်သေး။
"ခြူး..ဘာမှမဖြစ်ရဘူးနော်"
ပျော့ခွေနေတဲ့ခြူးကိုယ်လေးက သူပွေ့ရာကို စွေ့ခနဲ ပါလာသည်။ လိုလိုမယ်မယ် ဆေးဘူးနဲ့ ဆေးပြားတချို့ကို ကောက်ယူလာလိုက်သည်။ ဓာတ်လှေကားက လွတ်နေ၍ ပိုအဆင်ပြေသွားရသည်။
သတိမေ့နေတဲ့ခြူးကို ဆိုင်ကယ်နဲ့တင်ခေါ်လာရတာက သိပ်တော့ အဆင်မပြေ။ ခြူးကို သူ့ရှေ့မှာတင်ပြီး သူ့ရင်ခွင်ကို ခေါင်းမှီစေကာ သတိနဲ့ထိန်း၍ မောင်းလာရသည်။
သူတို့နေတဲ့ရပ်ကွက်ရဲ့ ၂ လမ်းကျော်မှာ ၂၄ နာရီဆေးခန်းလေးရှိနေ၍ ထိုကိုပဲ အားကိုးတကြီး မောင်းသွားလိုက်သည်။ ရုံးပိတ်ရက်ဖြစ်ပေမယ့် ဆေးခန်းဖွင့်ထား၍ ကံကောင်းသွားသည်။
"ဆရာမ..လူနာက အရေးပေါ်ပါ"
"ဟင်!!..ဘာဖြစ်တာလဲ"
"suicide ပါ"
"ဟယ်..လာ..လာ..အထဲကို"
ဆေးခန်းမှာ လူရှင်းနေသဖြင့် ခြူးကို ပွေ့လျက်နဲ့ပင် အတွင်းခန်းသို့ ဝင်သွားလိုက်သည်။ သူနာပြုဆရာမက အတွင်းခန်းထဲရောက်သည်နှင့် ဆရာဝန်ကို ပိုင်ထက်ယံပြောသည့်အတိုင်း ပြောပြလိုက်သည်။
"ဆရာ..suicide တဲ့"
"ဟုတ်လား...လူနာကို ခုတင်ပေါ်တင်လိုက်ပါ"
ပိုင်ထက်ယံလည်း ဆရာဝန်ပြောတဲ့အတိုင်း ခြူးကို ခုတင်ပေါ် အသာတင်ပေးလိုက်သည်။
"ဆရာမ..vital signs လေး တစ်ချက်စစ်ပေးပါ"
"ဟုတ်ကဲ့"
"ဘယ်လိုဖြစ်လဲဆိုတာ ပြောပြပေးပါ"
ဆရာမနဲ့ ပြောနေရင်း သူ့ဘက်လှည့်လာတော့ ပိုင်ထက်ယံ မဆိုင်းမတွပင် ဖြေပေးလိုက်သည်။
"ဆေးသောက်လိုက်တာပါ...ဒါက သူသောက်လိုက်တဲ့ဆေးပါ"
သူလည်း ယူလာတဲ့ဘူးလေးကို ဆရာ့ထံ ပြလိုက်သည်။
"သူ ဘယ်တုန်းက သောက်လိုက်လဲဆိုတာ သိလား"
"ဟို..လွန်ခဲ့တဲ့ နာရီဝက်လောက်ကတော့ ကျွန်တော်နဲ့ ဖုန်းပြောခဲ့ပါသေးတယ်... ကျွန်တော် သူ့ကို တွေ့တဲ့အချိန်မှာ သတိလစ်နေပါပြီ"
"သူ အန်သေးလား"
"ဟင့်အင်း...အန်ထားတာတော့ မတွေ့ခဲ့ပါဘူး"
"BP က 80/50 ပဲ ရှိတယ် ဆရာ... heart rate က 108"
ဆရာမရဲ့စကားကို ဒေါက်တာက ခေါင်းညိတ်ပြရင်း ခြူးရင်ဘတ်နဲ့ ဝမ်းဗိုက်ပေါ်ကို stethoscope ဖြင့် ထောက်၍ နားထောင်ကြည့်ပြန်သည်။ ခြေဖျား လက်ဖျားတွေကို တစ်ချက်ကြည့်၍ ခြူးရဲ့လက်ကို တစ်ချက်စမ်းကြည့်ပြန်သည်။ ထို့နောက်မှာတော့ စိုးရိမ်တကြီးဖြစ်နေတဲ့ သူ့ကို ပြုံးပြရင်း
"စိုးရိမ်စရာ မရှိတော့ပါဘူး...သူ ဆေးကို မသောက်ရသေးပါဘူး"
"ဗျာ...ဒါဆို သူမေ့လဲသွားတာက...?"
"စိတ်ဖိစီးမှုများတာရော ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နည်းနေတာရောကြောင့် စုဖြစ်သွားတဲ့ သဘောပါ... ဆေးသွင်းပေးရမှာမို့ ဖြစ်နိုင်မယ်ဆိုရင် သူသတိရလာတဲ့အထိ အနားမှာ နေပေးပါ"
"ဟုတ်ကဲ့...ရပါတယ် ဆရာ...ကျေးဇူးတင်ပါတယ် ဆရာ"
ဒေါက်တာက သူ့ကို နွေးထွေးစွာ ပြုံးပြရင်း ဆရာမဘက်လှည့်ကာ မှာစရာရှိတာတွေကို မှာလေသည်။
"ဆရာမ NS တစ်လုံး run မယ်နော်... NS ကုန်လို့မှ vital sign က stable မဖြစ်ရင် Ringer (Ringer's lactate) ထပ်ချိတ်ပေးလိုက်ပါ"
"ဟုတ်ကဲ့"
သူရောက်လာပြီးမှ တခြားလူနာတွေထပ်ရောက်လာတာမို့ ခြူးကို တခြားခုတင်ပေါ် ပြောင်းတင်ပေးလိုက်ရသည်။ ဆရာမက ခြူးလက်ဖျံကို scalp vein (အရပ်ခေါ် လိပ်ပြာအပ်) ထိုးတော့ ခြူးအစား သူက နာပေးနေမိပြန်သည်။
"လူနာနာမည်က...?"
"ဆူးပန်းနီပါ"
ခုနက အရေးပေါ်ဖြစ်နေ၍ ခုမှ ကိုယ်ရေးရာဇဝင်ကို မေးရတော့သည်။
"အသက်က...?"
"၂၄ ပါ"
"ဆေးသွင်းထားတာက နောက်တစ်နာရီလောက်ဆို ပြီးပါပြီ... ဒီကြားထဲမှာ လူနာက ပြန်သတိလည်လာပြီး သက်သာလာတယ်ဆိုရင် ပြန်လို့ရပါပြီ...တကယ်လို့ ထပ်ပြီး မူးတာ အန်ချင်တာ တခြားနေလို့ထိုင်လို့မကောင်းတာမျိုးတွေ ဖြစ်တယ်ဆိုရင်တော့ ဒီစာအုပ်လေးနဲ့အတူ ပြန်လာခဲ့ပါ"
"ဟုတ်ကဲ့"
ဆေးမှတ်တမ်းစာအုပ်လေးကို သူ့ဆီကမ်းပေးလာတော့ ယူထားလိုက်ရသည်။ ခြူးကတော့ ခုထိ နိုးမလာသေး။ ခြူးလက်လေးကို ခပ်ဖွဖွဆုပ်ကိုင်ရင်း ပါးပြင်ပေါ်အထိနယ်ကျော်လာတဲ့ ဆံနွယ်တွေကို ဘေးသို့ သပ်ချပေးလိုက်သည်။
Ring~~Ring~~~
"ဟာ...နှင်း..."
နှင်းဆိုတဲ့ contact name လေးကြောင့် နှင်းကို ဟော့ပေါ့ဆိုင်မှာ တစ်ယောက်တည်းထားခဲ့မှန်း ခုမှ သတိရမိသွားသည်။
"ဟယ်လို နှင်း"
"ပိုင်..ဘယ်ကိုထွက်သွားတာလဲဟင်... နှင်း ပိုင့်ကို စောင့်နေတာ...တော်တော်နဲ့ပြန်မလာလို့ ဖုန်းဆက်လိုက်တာ"
နှင်းအပေါ် အားနာစရာ ထပ်လုပ်မိပြန်တာမို့ သူ့ကိုယ်သူသာ အပြစ်တင်လိုက်မိတော့သည်။
"နှင်း..ကိုယ် တောင်းပန်ပါတယ်ကွာ... ကိုယ်လည်း ရုတ်တရက်ဆိုတော့ နှင်းကို ပြောမသွားလိုက်ရဘူး"
"ပိုင်..ဘယ်သွားတာလဲဟင်...အရမ်းအရေးကြီးတဲ့ ကိစ္စမို့လား"
တစ်ဖက်ကနှင်းအမေးကြောင့် သူ ခြူးကို စောင်းငဲ့ကြည့်ရင်း
"အင်း...အရေးကြီးကိစ္စ ပေါ်လာလို့"
"နှင်း သိခွင့်ရှိမလား"
အင်းလေ။ နှင်းက ဆိုင်သူဆိုတော့ သူမကိုတောင် ပစ်ထားနိုင်ခဲ့ရတဲ့အကြောင်းရင်းကို သိချင်မှာပေါ့လေ။ သူကရော။ ခြူးကြောင့်လို့ ဖြေလိုက်ရမလား။
"ကိုယ်တို့ဆိုက်ထဲမှာ အလုပ်သမားတစ်ယောက် မတော်တဆဖြစ်လို့...အခု ကိုယ် ဆေးခန်းမှာ"
သူ့အဖြေအဆုံးမှာ နှင်းဖက်မှ တုံ့ပြန်စကားကို စောင့်နေမိပေမယ့် အတော်နဲ့ စကားပြန်မလာ။
"ဟယ်လို...နှင်း..."
"ဟို...ပိုင်လည်း အလုပ်ကိစ္စနဲ့ စိတ်ညစ်နေမှာပဲ...နှင်းက အဆင်ပြေပါတယ်... နှင်းကို စိတ်မပူပါနဲ့"
"နှင်းတစ်ယောက်တည်း ပြန်ဖို့ကျ အဆင်ပြေပါ့မလား"
"ရ..ရပါတယ် ပိုင်...ဒါပဲနော်...နှင်း ဖုန်းချလိုက်တော့မယ်"
"နှင်း...ဟယ်လို..."
သူ့ဖက်က ဘာမှဆက်မပြောနိုင်ခင် နှင်းက ဖုန်းချလိုက်တာမို့ စိတ်ဆိုးသွားတာလားလို့ တွေးလိုက်မိပေမယ့် ဒါက မဖြစ်နိုင်တဲ့အရာတစ်ခု။ နှင်းက စိတ်မှ မဆိုးတတ်ဘဲ။
နှင်း သူနဲ့ စကားဆက်ပြောရင် ငိုချမိတော့မှာမို့ ဖုန်းကို အမြန်ချပစ်လိုက်ရသည်။
သူ ဘာလို့လိမ်ရတာလဲ။ တကယ်ဆို နှင်း သူဖုန်းပြောနေတာကို တစ်စွန်းတစ်စကြားခဲ့ရပါသည်။ ခြူးနဲ့ သာမန်အတိုင်း ပြောနေတယ်လို့ ထင်ခဲ့ပေမယ့် သူ ဆိုင်ပြင်ကို ပြေးထွက်သွားတော့မှ ဘာလို့လဲဆိုတာကို မေးဖို့ပြင်လိုက်ပေမယ့် တားချိန်တောင် မရလိုက်။ အမှန်အတိုင်းပြောလိုက်ရင် ဘာဖြစ်မှာမို့ လိမ်ရတာလဲဆိုတာကို မစဉ်းစားတတ်တော့။
'နှင်း..နင် စိတ်သဘောထား သေးသိမ်လို့မဖြစ်ဘူးလေ... ပိုင် နင့်ကို အထင်သေးသွားလို့ မဖြစ်ဘူး...ဒါပေမယ့်...အို..!!'
ကိုယ့်ကိုယ်ကိုယ်အားပေးနေတဲ့ကြားမှ မျက်ရည်တစ်စက်က စီးကျလာတာမို့ အမြန်သုတ်ပစ်လိုက်ရသည်။ ဆိုင်ထဲကလူတွေ သူမကို သတိပြုမိသွားရင် မကောင်းဘူးလေ။
ဒီအနီးတစ်ဝိုက်မှာ အသိဆိုတာလည်းမရှိသလို ဘယ်ကိုမှ တစ်ယောက်တည်းမသွားဖူး၊ မလာဖူးတာကြောင့် အားငယ်စိတ်တို့က ပိုတိုးလာရသည်။ ဒီတော့ ခေါ်တဲ့အကြိမ်ရေများလွန်း၍ favorite list ထဲရောက်နေတဲ့ နံပါတ်တစ်ခုကို နှိပ်လိုက်ရတော့သည်။
"ဟယ်လို..အောင်မြတ်...ငါ ဟော့ပေါ့ဆိုင်မှာ... လာခေါ်ပေးဦး... မြန်မြန်လာနော်"
စားချင်စိတ်လည်းမရှိတော့တာမို့ စားပွဲမှာထိုင်နေရင်းက အောင်မြတ်အလာကို စောင့်နေလိုက်သည်။ တစ်အောင့်လောက်နေတော့ အိမ်နေရင်း စွပ်ကျယ်လက်တိုနဲ့ ပုဆိုးကွက်စိပ်ဝတ်ထားတဲ့ အောင်မြတ်က မှုန်ကုပ်ကုပ်နဲ့ ဆိုင်ထဲကိုဝင်လာသည်။
"နင်ကလည်း နေပူတာကို လက်ရှည်လည်း ဝတ်မလာဘူး"
"သြ...ဝတ်ချိန်တောင် မရဘူးလေ... ခင်ဗျားလေးက မြန်မြန်ဆိုလို့ အိပ်ရာက ကုန်းထပြီး ထွက်လာတာ...ဘယ်မလဲ ပိုင်ထက်က"
"အရေးကြီးကိစ္စပေါ်လာလို့ အရင်ပြန်နှင့်တယ်... ငါ့ကိုတော့ ပြန်လာကြိုမယ်လို့ ပြောတယ်ဟ...ငါက တမင် မကြိုခိုင်းလိုက်တာ"
"နင့်ဟာကလည်း ရှားရှားပါးပါး ၂ ယောက်တည်း သွားရတုန်းလေးကို ဆွဲထားတာတော့ မဟုတ်ဘူး...သူ့အလုပ်က နင့်လို နာလန်ထလောက် အရေးကြီးလို့လား"
"အင်း...ကြီးလို့ပေါ့ဟာ"
"ဟွန်း..မပြောတော့ဘူး...ဒါနဲ့ နင် ဘာမှမစားရသေးဘူးမလား"
နှင်း ခေါင်းညိတ်ပြလိုက်သည်။
"မစားရသေးတာများ ဒီအတိုင်း ပြန်တော့မလို့လား... ပေးရမယ့်ပိုက်ဆံတွေ နှမြောစရာကြီး... ငါ့ဝယ်ကျွေး... ငါ နေ့လည်စာမစားရသေးဘူး...၁၀ နာရီလောက်ကတည်း အိပ်လိုက်တာ... နင်ဖုန်းခေါ်မှ နိုးတယ်"
ဗိုက်လေးပွတ်ရင်းပြောနေတဲ့ အောင်မြတ်ကိုကြည့်ပြီး နှင်း သနားမိသည်။ သူမ နေမကောင်းဖြစ်တော့ အနားကမခွာဘဲ အိပ်ရေးပျက်ခံပြီး စောင့်ပေးခဲ့ရှာသည်။ သူမကသာ ပိုင်ထက်ကို တွေ့ချင်လွန်းလို့ အောင်မြတ် အမြှုပ်ထမတက်ပြောတဲ့ကြားက ဆေးခန်းမသွားဘဲ ပေတေနေခဲ့သည်လေ။
ခုလည်း အိပ်ရေးပျက်လို့အိပ်နေတဲ့လူကို အလိုက်မသိဘဲ ခေါ်လိုက်မိပြန်သည်။
"ဟာ...နှင်း..ငါခေါ်နေတာ ကြာလှပြီ...ဘာတွေတွေးနေတာလဲ...ဘာလဲ...ငါ့ကို မကျွေးချင်လို့လား"
"ဟာ...မဟုတ်ပါဘူးဟ...မကျွေးဘဲ နေစရာလား... စားလေ...ငါ စောင့်ပေးမယ်"
"ဟွန်း..ငါတစ်ယောက်တည်းတော့ မစားပါဘူး... ၃ ယောက်စာတောင် ပေးထားရမှတော့ တန်အောင် စားရမှာပေါ့... နင်ရောစား"
"ငါမှ မစားချင်တာ"
"ငါ နင့်အတွက် အသားကင်ပေးမယ်... ပုဇွန်လည်း ကင်ပေးမယ်...စားနော်... နာလန်ထကာစဆိုတော့ ခံတွင်းပျက်နေဦးမှာ... ဟိုစပ်စပ် ဒီစပ်စပ် စားကြည့်... နော်လို့"
"အင်းပါဟာ"
"ဒါ နင်ယူထားတာတွေလား"
"အင်း"
"အသားပြားတွေချည်းပဲ...နင့်အကြိုက် ပုဇွန်လည်း မပါဘူး"
"ပိုင်က ပုဇွန်နဲ့မှ မတည့်တာ"
နှင်းစကားကြောင့် အောင်မြတ်ပါးစပ်စေ့သွားရသည်။ နှင်းက ဘာလုပ်လုပ် အဲ့ဒီရေခဲလူသားအတွက်ကိုပဲ စဉ်းစားပေးနေတာပါလား။
"အေးပါ...ခုတော့ ပုဇွန်သွားယူလိုက်ဦးမယ်"
"အွန်း"
အောင်မြတ်ကင်ပေးတဲ့ အသားကင်နဲ့ ပုဇွန်က ထင်သလောက် ခံတွင်းမတွေ့။ သူပြောသလို ခံတွင်းပျက်နေတုန်းမို့နဲ့ တူပါရဲ့။
"ရော့"
ပုဇွန်ကို အခွံခွာပြီး နှင်းပန်းကန်ထဲကို လာထည့်ပေးပြန်သည်။ တန်အောင်စားမယ်လို့သာ ကြွေးကြော်နေပြီး နှင်းအတွက်သာ လုပ်ပေးနေသည်။ ခုထိ သူ့ပါးစပ်ထဲ ဘာမှမထည့်ရသေး။
"နင်လည်း စားလေ"
"စားမှာပေါ့...နင့်ကို စားစေချင်လို့ သေချာဂရုစိုက်ပြီး ကျွေးနေရတာ...ငါက ဘယ်လိုဖြစ်ဖြစ် စားကောင်းပြီးသား"
"အေးပါဟာ...နင်ချည်း ကင်နေရတာ...ငါ တစ်လှည့် ကင်တယ်"
"နေ..နေ...နင့်ဟာနင် စားစရာရှိတာစား.. ကင်ဖို့က ငါ့တာဝန်ထားလိုက်"
အောင်မြတ်မှာ နှင်းကို ထိုင်ရာမှ မထစေဘဲ အစားကိုသာ စားခိုင်းနေတော့သည်။
