Ep 31

1.6K 73 3
                                    

Unicode

အပိုင်း (၃၁)

အပေါ်ကနေ အုပ်မိုးထားသော မင်းဝဏ္ဏမျက်နှာကြီးက ခြူးမျက်နှာဆီ တဖြည်းဖြည်း နီးကပ်လာတာမို့ ခြူး လက်မခံနိုင်စွာ မျက်နှာလွှဲပစ်မိသည်။ မချစ်မနှစ်သက်တဲ့သူရဲ့ လက်ထဲမှာ ချစ်ရတဲ့လူအတွက် ခြူးဘဝကို စတေးပစ်ရတော့မှာလား။

ဒါတွေအားလုံးရဲ့ တရားခံက ရွှေရည်မိုး။ ရွှေရည်မိုးသာ ခြူးကို အကျပ်မကိုင်ခဲ့ရင် ခုလို မုန်းစရာကောင်းလွန်းတဲ့ အခြေအနေနဲ့ ကြုံရမှာမဟုတ်။ ရွှေရည်မိုးက မင်းဝဏ္ဏကို ဘာကြောင့် ဒီလောက် အရေးပေးနေရတာလဲ။ သူတို့ ၂ ယောက်ကြားမှာ ခြူးမသိသေးတဲ့ လျှို့ဝှက်ချက်တွေ ရှိနေနိုင်သည်။

"မလောပါနဲ့ ရှင်ရယ်"

ခြူး အလိမ္မာသုံးပြီး အပြုံးလှလှတစ်ပွင့်နဲ့ မင်းဝဏ္ဏကို အသာ တွန်းထုတ်ပြီး ခုတင်ပေါ်မှ ဆင်းလိုက်သည်။

"ဒါက ကျွန်မအတွက် ပထမဆုံး ဆိုပေမယ့် ရှင့်အတွက် ကြိုးစားပေးပါ့မယ်"

ပြောပြောဆိုဆို ခြူးကပင် မင်းဝဏ္ဏကို ခုတင်ပေါ်သို့ တွန်းလှဲပြီး သူ့အပေါ်ကို ဖိထားလိုက်သည်။ ထို့နောက်မှာတော့ ခြူးနှုတ်ခမ်းက သူ့နှုတ်ခမ်းဆီသို့ ဦးတည်လိုက်သည်။

"ဒါပေမယ့် ရှင့်ဘက်ကလည်း ကျွန်မပြောတာကို လိုက်လျောပေးရလိမ့်မယ်"

ထိလုနီးနီးဖြစ်ပြီးမှ ပြန်ဝေးကွာသွားတဲ့ ပန်းနုရောင်နှုတ်ခမ်းတစ်စုံကြောင့် မင်းဝဏ္ဏခမျာ အသည်းယားစွာ ကျန်ရစ်ခဲ့ရှာသည်။ သူ့ကို ကျောပေးပြီး မှန်ပြတင်းဘက် မျက်နှာမူနေတဲ့ ခြူးကို နောက်မှ သိုင်းဖက်လိုက်တော့ ခုနကနဲ့ မတူစွာ ခြူးက သူ့လက်တွေကို ပြန်ဖက်တွယ်လာသည်။

"ဆူးပြောသမျှကို လိုက်လျောပေးဖို့ ကိုယ့်ဘက်က အဆင်သင့်ပဲ"

မင်းဝဏ္ဏစကားကြောင့် ခြူး ကျေနပ်စွာ ပြုံးလိုက်ရင်း သူ့ကို လှည့်ကြည့်လာသည်။

"ကျွန်မ ရှင့်ရဲ့ ဒီစကားကို ယုံချင်တယ်"

"ယုံလိုက်ပါ ဘေဘီ... ပြောလေ... ကိုယ် ဘာကို လိုက်လျောပေးရမလဲ"

"အရင်ဆုံး... သောက်ကြတာပေါ့"

ပြောပြောဆိုဆို ဝိုင်ထည့်ထားတဲ့ ဖန်ခွက်တစ်ခွက်ကို မင်းဝဏ္ဏဆီ ကမ်းပေးတော့ ခြူးကို အကြည့်မလွှဲဘဲ ခွက်ကို ယူလိုက်သည်။ ခွက်နှုတ်ခမ်းချင်း ထိခတ်လိုက်တဲ့အသံက တိတ်ဆိတ်မှုကြားမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။ ခုနက သောက်ထားတဲ့ အရှိန်ကြောင့်ရော အခုသောက်လိုက်တာနဲ့ပါ ပေါင်းပြီး မင်းဝဏ္ဏတစ်ယောက် ထွေထွေလေး ဖြစ်လာသည်။

"ရှင်နဲ့ ရွှေရည်မိုး တွဲခဲ့ကြသေးလား"

"တွဲစရာလား ဆူးရယ်... သူ့ကို အိပ်မက်ထဲတောင် ထည့်မမက်ဘူး"

"ဒါဖြင့်ရင် သူက ဘာလို့ ရှင့်ကို အရမ်းအရေးပေးရတာလဲ... ရှင့်ဆီမှာ သူ့အားနည်းချက်တစ်ခုခု ရှိနေလို့လား"

လည်ပင်းကို သိုင်းဖက်ပြီး ဆွဲဆောင်မှုအပြည့်ပါတဲ့ မျက်ဝန်းတွေနဲ့ မေးလာတဲ့ ခြူးကြောင့် မင်းဝဏ္ဏမှာ အညှို့ခံလိုက်ရတဲ့ လူတစ်ယောက်လို မေးသမျှကို ဖြေပေးနေမိတော့သည်။

"အားနည်းချက်... ဟုတ်တယ်... သူ့အားနည်းချက်ကို ကိုယ်လည်း သိထားတယ်... ကိုယ်နဲ့ သူ့ကြားက top secret ပေါ့"

"ကျွန်မကို ပြောပြလေ"

"မဖြစ်နိုင်ဘူး ဆူး"

ပါးပြင်ပေါ် အနမ်းတစ်ပွင့် ကျရောက်လာတော့ မင်းဝဏ္ဏတစ်ယောက် မှိုရတဲ့ မျက်နှာလို ပြုံးဖြီးသွားရသည်။

"ပြောပြမယ်မလားဟင်... ကျွန်မလည်း နှုတ်လုံတတ်ပါတယ်နော်"

"ကောင်းပြီ... ဆူး ဒီလျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးဖို့ ကတိပေးရမယ်"

ခြူး ခေါင်းကို တဆက်ဆက်ညိတ်ရင်း ပြုံးပြလိုက်သည်။ ဒီအပြုအမူလေးကိုပဲ အသည်းယားလာမိတဲ့ မင်းဝဏ္ဏက ခြူးကို ရင်ခွင်ထဲ ဆွဲထည့်ပြီး လွတ်မသွားအောင် ဖက်ထားတော့ ခြူး ငြိမ်နေလိုက်ရသည်။ လိုချင်တာရဖို့ အနည်းအကျဉ်းတော့ ပေးဆပ်ရမှာပေါ့လေ။

"ဒီမှာ..."

"ဟင်..!!"

USB stick လေးကိုမြင်တော့ ခြူး မင်းဝဏ္ဏကို နားမလည်စွာ မော့ကြည့်လိုက်မိသည်။

"ဒီထဲမှာ ဘာတွေပါလို့လဲ"

"ဆူး ကြည့်လိုက်ရင် သိပါလိမ့်မယ်... ကိုယ် ခုလိုပေးရတာက ဆူးကို ချစ်လွန်းလို့ဆိုတာ သိထားပေးပါ"

"အင်း... ကျွန်မ သိပါတယ်... ကျွန်မကို ရှင့် laptop လေး ပေးသုံးပါလား"

"အိုကေလေ"

ခြူးလည်း သူသွားလေရာ ယူဆောင်နေကျ laptop လေးကို ခဏငှားပြီး USB နဲ့ ချိတ်ဆက်ကာ အထဲက အချက်အလက်တွေကို ဝင်ကြည့်လိုက်သည်။

"ဗီဒီယိုတစ်ခုပါလား"

မင်းဝဏ္ဏကို ကြည့်လိုက်တော့ သူက ခြူးကို ပုခုံးတွန့်ပြသည်။

"ဟင်..!!"

ဗီဒီယိုထဲက လှုပ်ရှားမှုတွေက ခြူးကို မင်တက်သွားစေသည်။

"ရှင်း.. ရွှေရည့်ကို ဒီလို မထားခဲ့နဲ့လေ.. ရှင်း..."

"သွား.. မင်းက ရူးနေတာ... မင်းကို ငါ မချစ်ဘူး... မပေါင်းနိုင်ဘူး!!"

"ရှင်း!!..."

ဝုန်း..!!!... ဒုန်း...!!!... ဒုန်း...!!!...

ရွှေရည်မိုးရဲ့ ငယ်သံပါအောင် အော်လိုက်တဲ့အသံက ရှင်း လှေကားပေါ်က ခြေချော်ကျသွားလို့ ထွက်လာတဲ့ဆူညံသံတွေနဲ့ ရောထွေးသွားသည်။

"ရှင်း..."

ပြုတ်ကျတဲ့အရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုကို လျစ်လျူရှုပြီး အားတင်းထကာ ပြေးထွက်သွားတဲ့ ရှင်းနောက်ကို ရွှေရည်မိုးက အရူးပမာ ပြေးလိုက်သွားသည်။

ကင်မရာက လှုပ်ရှားနေတာကြောင့် အနည်းငယ် မျက်စိမူးပေမယ့် ခြူး မျက်တောင်တစ်ချက် မခတ်ဘဲ အာရုံစိုက်ကာ ဆက်ကြည့်နေမိသည်။

လမ်းမပေါ်မှာ အရှိန်နဲ့ မောင်းနေတဲ့ ကား ၂ စင်းကို ရှေ့ဆင့်နောက်ဆင့် မြင်နေရသည်။

ဒုန်း..!!!....

ကျယ်လောင်သော အသံကြီးနဲ့အတူ ရှေ့ကားက ကုန်တင်ကားတစ်စီးနဲ့ တိုက်မိပြီး လမ်းဘေးကို ထိုးကျသွားသည်။ ထိုအခါ နောက်က လိုက်သွားတဲ့ကားကလည်း ကျီခနဲ ရပ်သွားပြီး ကားထဲမှ မိန်းမတစ်ယောက် ပြေးထွက်သွားသည်။ ထိုမိန်းမကတော့ ရွှေရည်မိုးပင်။

ရွှေရည်မိုးမှာ လမ်းဘေးထိုးကျပြီး မှောက်သွားတဲ့ကားကို ခဏကြာ စိုက်ကြည့်ပြီး သူမကားထဲသို့ ဝင်ကာ မောင်းပြေးသွားတော့သည်။ မှောက်သွားတဲ့ ကားထဲမှ လူကတော့ ခြူးရဲ့ အချစ်ဆုံးသူငယ်ချင်းလေး ရှင်းသန့်မောင်ပင်။

"ရှင်း.."

ခြူးမှာ ဗီဒီယိုကြည့်နေရင်း မျက်ရည်တွေက အလိုလို စီးကျနေသည်။ ထင်သည့်အတိုင်းပင်။ ရှင်းသေတဲ့အမှုမှာ ရွှေရည်မိုးက အဓိကတရားခံ ဖြစ်နေခဲ့တာပဲ။ သူမကိုယ်တိုင် သတ်လိုက်တာ မဟုတ်ပေမယ့် သူမကြောင့် ရှင်းသေခဲ့ရသည်။ နင့်လုပ်ရက်အတွက် ပြန်ပေးဆပ်ရမယ် ရွှေရည်မိုး။

"ဆူး.. ကိုယ့်ဘက်က ဆူးပြောတာကို လိုက်လျောပြီးပြီနော်"

မင်းဝဏ္ဏအသံကြားမှ ခြူးလည်း လက်ရှိအခြေအနေကို ပြန်သတိရသွားသည်။ သူ့ဘက်က ပေးပြီးပြီဆိုတော့ ခြူးဘက်က ပြန်ပေးဖို့ပဲ ကျန်တော့သည်ပေါ့။

"ကျ.. ကျွန်မ ရေချိုးချင်တယ်"

ခြူးစကားကြောင့် မင်းဝဏ္ဏက သဘောကျစွာ ရယ်လိုက်ရင်း

"ဟားဟား... ဘေဘီ့သဘော... ကိုယ့်အတွက် ပိုကောင်းတာပေါ့"

သူပြောလိုက်တဲ့စကားထက် ခြူးတစ်ကိုယ်လုံးကို သိမ်းကျုံးပြီးကြည့်လာတဲ့ သူ့အကြည့်တွေကို ပိုကြောက်မိသည်။

"ကျွန်မ နောက်တစ်ခု ထပ်တောင်းဆိုလို့ ရမလား"

ခြူးစကားကြောင့် မင်းဝဏ္ဏ မျက်မှောင်ကျုံ့သွားသည်။ ကြည့်ရတာ စိတ်မရှည်တော့သည့်ပုံပင်။

"ကျွန်မ ဗိုက်ဆာတယ်"

"သြော်... ဒါများ ဆူးရယ်... ကိုယ် ညစာ မှာပေးမှာပေါ့"

"ဟင့်အင်း... ဟိုတယ်စာတွေ မစားချင်ဘူး... မုန့်လင်မယား စားချင်တာ"

"ဟာ.. ဆူးကလည်း... ဟိုတယ်မှာ မုန့်လင်မယားမှ မရတာ... ဒီအချိန်ကြီး ဘယ်ဆိုင်က ရောင်းမှာလဲ"

"ဒီကိုလာတဲ့လမ်းမှာ ပွဲဈေးတန်းသေးသေးလေးကို တွေ့ခဲ့တယ်မလား... အဲ့ဒီက မုန့်လင်မယား စားချင်တယ်"

ကြံကြံဖန်ဖန် တောင်းဆိုနေသော ခြူးကြောင့် မင်းဝဏ္ဏမှာ လိုက်လျောရခက် ငြင်းရခက် ဖြစ်နေလေသည်။

"ကျွန်မ တကယ် အဲ့ဒါစားချင်လို့ပါဆို... ဝယ်ပေးပါနော်... နော်... နော်လို့"

လက်မောင်းကို လှုပ်ရမ်းပြီး ကလေးတစ်ယောက်ပူဆာသလို ပူဆာနေတဲ့ ခြူးကြောင့် မင်းဝဏ္ဏ တွေဝေမနေတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။

"အိုကေ ဘေဘီ... ခဏပဲစောင့်... ကိုယ် ပြန်လာခဲ့မယ်"

"အင်း"

"တစ်ခုပဲ ဘေဘီ... ကိုယ်မရှိတုန်း ထွက်မပြေးရဘူးနော်"

"ကတိပေးတယ်"

ခြူးစကားကြားတော့မှ စိတ်ချသွားဟန်ဖြင့် ပါးကို တစ်ချက်နမ်းကာ ကားသော့ယူပြီး အပြင်ကို ထွက်သွားတော့သည်။

သူထွက်သွားတာ သေချာပြီဆိုတာနဲ့ ခြူးလည်း တံခါးကို လော့ချကာ စတင်လှုပ်ရှားတော့သည်။

USB ကို စလင်းဘတ်ထဲ သေချာထည့်ခဲ့ပြီး ရေမြန်မြန် ချိုးလိုက်သည်။ သူ့ရဲ့ ရမ္မက်အကြည့်တွေကို ထပ်မမြင်ချင်တော့လို့ အင်္ကျီလက်ရှည်နဲ့ စကတ်အရှည်ကြီးကို ဝတ်ထားလိုက်ပြီး ဆံပင်ကို ဘာနဲ့မှ မစည်းနှောင်တော့ဘဲ ဒီအတိုင်း ဖြန့်ချထားလိုက်သည်။

ထို့နောက်မှာတော့ ခြူးအကြည့်တွေက ဝိုင်ပုလင်းဆီသို့ ဦးတည်သွားသည်။ ခရီးသွားရင်၊ နေရာစိမ်းရင် အိပ်မပျော်တတ်တဲ့ အကျင့်ကြောင့် အိပ်ဆေးဘူးကို ဆောင်လာမိတာက ဒီတစ်ခါတော့ တော်တော်လေး အသုံးဝင်သွားသည်။

ဆေးပြား ၃ ပြားလောက်ကို ညက်နေအောင် အမှုန့်ကြိတ်ပြီး ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ကာ ဝိုင်ပုလင်းထဲသို့ သေချာလေး လောင်းထည့်လိုက်သည်။ ခါးသက်သက်ဝိုင်အရသာက ဆေးခါးရဲ့အရသာကို ဖုံးကွယ်ပေးထားတာမို့ မင်းဝဏ္ဏ မရိပ်မိသွားဖို့ကိုပင် ဆုတောင်းလိုက်ရသည်။

ထို့နောက်မှာတော့ ဟန်မပျက် လိုင်းသုံးနေလိုက်သည်။

"ဟင်..!! ကိုကို လိုင်းပေါ်မှာ ရှိနေတာပဲ"

Active now ဖြစ်နေတဲ့ ကိုကို့အကောင့်လေးကြောင့် စကားပြောချင်ပေမယ့် မပြောရဲ ဖြစ်နေမိသည်။ ခုချိန်လောက်ဆို ခြူးနဲ့ မင်းဝဏ္ဏအကြောင်းကို ကိုကိုလည်း သိပြီးရောပေါ့။

ခိုနားရာDonde viven las historias. Descúbrelo ahora