Unicode
အပိုင်း (၂၇)
"နှင်း..နင် တကယ်ပြောတာလား"
"ဟုတ်ပါတယ်ဆို"
ပိုင်ထက်ယံနဲ့ လက်ထပ်မယ့်အကြောင်း ပြောပြတော့ အောင်မြတ်တစ်ယောက် မျက်လုံးပြူးလေးနဲ့ ပြန်မေးလာသည်။ သူ ပိုင်ထက်ကို အကြံပေးခဲ့တာ မှန်ပေမယ့် ဒီလောက်ထိ မြန်လိမ့်မယ်လို့ ထင်မထားမိ။
"အေးပါဟာ...နင်တို့အတွက် ဂုဏ်ယူပါတယ်"
"အေး...ဂုဏ်လည်း ယူ...ကူလည်း လုပ်ပေးရမယ်... မင်္ဂလာဆောင်မှာ နင်က သတို့သားအရံလုပ်ပေး"
"ဟင်...အေးလေ...လုပ်တာပေါ့"
"သတို့သမီးအရံကတော့ နင်ကြိုက်တဲ့သူကို ရွေး... ရင်းနှီးတဲ့သူဆို ပိုကောင်းမယ်... ခြူးဖြစ်ဖြစ် အိမ့်ဖြစ်ဖြစ်..."
"ဟာ...အဲ့ဒီအိမ့်က ဘယ်က ပါလာပြန်တာလဲ...သူနဲ့တော့ မတွဲဘူးနော်"
"ဒါဆို ခြူးနဲ့ တွဲမလား"
"အင်း...ခြူးဆိုရင်တော့ ဖြစ်ပါတယ်"
နှင်း မင်္ဂလာပွဲအတွက် ရင်တွေခုန်နေမိတာ အမှန်။ အချိန်က တစ်လကျော် လိုသေးပေမယ့် ထိုနေ့လေးကို အမြန်ရောက်ချင်မိသည်။ သူနဲ့အတူ ဘဝကို ဘယ်လိုပုံစံလေးတွေနဲ့ ဖြတ်သန်းမယ်ဆိုပြီး တွေးထားခဲ့တဲ့ စိတ်ကူးလေးတွေကိုလည်း အကောင်အထည်ဖော်ချင်နေပါပြီ။|•|•|•|•|•|•|•|•|•|
"တောက်!!!"
မြင်နေရတဲ့ဓာတ်ပုံတွေကြောင့် ဒေါသကို မထိန်းနိုင်စွာ ဓာတ်ပုံတွေကို ပစ်ကျဲပစ်လိုက်သည်။
"မင်းတို့ ၂ ယောက်က ဒီလောက်ထိတောင် ဖြစ်နေကြပြီပေါ့လေ"
သူပစ်လိုက်တဲ့ ဓာတ်ပုံလေးရဲ့ တစွန်းတစမှာတော့ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားကြသည့် လူ ၂ ယောက်ရဲ့ပုံရိပ်။ အတိအကျဆိုရရင် ပိုင်ထက်ယံနဲ့ ခြူးရဲ့ ဓာတ်ပုံတွေ။ခြူးရဲ့ လှုပ်ရှားမှုမှန်သမျှကို သူ့လူတွေအား စုံစမ်းခိုင်းထားသဖြင့် ခုလို သိရခြင်းဖြစ်သည်။ ရလာသမျှ အချက်အလက်တွေကတော့ သူ့အတွက် ခံပြင်းစရာ။
"အစစအရာရာမှာ ပြည့်စုံတဲ့ ငါ့ကိုတော့ ခါးခါးသီးသီးငြင်းနေပြီး ဒီလိုကောင်ကိုမှ အရေးပေးတယ်ဆိုတော့ ဒါ ငါ့ကို စော်ကားလိုက်တာပဲ ဆူး...မင်းကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အရယူဖို့ ငါ ဆုံးဖြတ်လိုက်ပြီ"
မခံချင်စိတ်နဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တော့ သွေးကြောများပင် ထောင်ထလာသည်။ သူ့မျက်နှာမှာတော့ ဒေါသကြောင့် နီမြန်းလျက်။
ခြူးကို မေ့ချင်လွန်းလို့၊ ခေါင်းထဲ မထည့်မိအောင်လို့ မိန်းမလှတွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ အပျော်ရှာခဲ့ပေမယ့် သူမကသာ အချိန်တိုင်း စိုးမိုးနေလေသည်။ ဒီအတွက် သူ့မှာ အခြား ဖြေရှင်းစရာ နည်းလမ်းမရှိ။ ဆူးပန်းနီဆိုတဲ့ အဆိပ်ပန်းလေးတစ်ပွင့်ကို ရယူရုံက လွဲပြီးပေါ့။
