Unicode
အပိုင်း (၂၀)
ခြူး တကယ်ပျော်မိတာပါ။ သူနဲ့ သီချင်းအဆိုလေ့ကျင့်ခဲ့တဲ့ အချိန်တွေဟာ ရင်ထဲမှာ ပန်းတွေပွင့်တဲ့ အချိန်ပါပဲ။ ခုလည်း စင်မြင့်ထက်မှာ သူနဲ့အတူ သီချင်းဆိုနေရတဲ့အခိုက်အတန့်လေးက တကယ်ကို ဘာနဲ့မှ မတူဘဲ တစ်မူထူးခြားတဲ့ ခံစားချက်လေးပါ။
သီချင်းဆုံးသွားတာနဲ့ ထွက်ပေါ်လာတဲ့လက်ခုပ်သံတဖြောင်းဖြောင်းက အရင်အတွဲတွေထက် ပိုကျယ်နေသလိုလို။
ခြူး သူ့ကိုကြည့်လိုက်တော့ သူကလည်း ခြူးကို ပြုံး၍ ငေးကြည့်နေတာနဲ့ တိုးသွားပြီး အကြည့်ချင်းဆုံမိသွားသည်။
တခြားယောက်ျားတွေနဲ့ မကြာခဏ အကြည့်ချင်းဆုံမိပေမယ့် ဘာမှ ထူးထူးခြားခြား မခံစားရ။ သို့သော် ခုတော့ဖြင့် ခြူးရင်ထဲ အမည်မသိတဲ့ လှိုင်းလေးတစ်ခု ဖြတ်သန်းသွားရသည်။
စင်နောက်ဖက်ကို ဆင်းလာတော့ လုပ်အားပေး အစ်မ ၂ ယောက်က ခြူးတို့ကို ဧည့်ခံကျွေးမွေးတဲ့နေရာသို့ ခေါ်ဆောင်သွားသည်။ ခြူးတို့လို ဖျော်ဖြေပေးတဲ့သူတွေအတွက် အနားယူလို့ရအောင် စီစဉ်ပေးထားတဲ့ ခန်းမဆိုလည်း မမှားပါ။
"ဟူး....."
"ဆူး..မောသွားပြီလား"
"ဟီး..မမောပါဘူး...ဒါပေမယ့် စင်ပေါ်မှာ အရမ်းစိတ်လှုပ်ရှားနေခဲ့တာ"
"ဒါ ပထမဆုံးလား"
"စင်ပေါ်တက်တာ ပထမဆုံး မဟုတ်ပေမယ့် စင်ပေါ်မှာ သီချင်းဆိုတာကတော့ ဒါ ပထမဆုံးပဲ"
သူ့ရင်ထဲ သိမ့်ခနဲ ကြည်နူးမိသွားသည်။ ဒီလိုဆို သူက ခြူးရဲ့ပထမဆုံးမှာ အတူရှိနေပေးခဲ့တာပေါ့လေ။
"ဆူး..ဗိုက်ဆာလား"
"အင်း...နည်းနည်းတော့ စားချင်သေးတယ်"
"ခဏ...ကိုယ် စားစရာတွေ ယူလာခဲ့မယ်"
"ဟုတ်"
ခြူးကို ဝိုင်းအလွတ်မှာ ထိုင်စေပြီး သူကတော့ အစားအစာတွေ တည်ခင်းထားတဲ့နေရာဆီ လျှောက်သွားကာ စားစရာတွေကို ပန်းကန်လေးတွေထဲ ခပ်ထည့်နေလိုက်သည်။
"မိန်းမ..ဟိုမှာတွေ့လား...ငါပြောပြောနေတဲ့ ငါ့ crush လေ"
"ဟယ်...နင့်လူကြီးက တည်လိုက်တာ"
"အဲ့လို တည်တာကိုက ကြည့်ကောင်းနေတာဟ...ခစ် ခစ်.. တွေ့လား..အစားအသောက်တွေကို ထည့်နေတာလေးကိုက အရမ်းအရမ်း ဆွဲဆောင်မှုရှိနေရောပဲ"
"နေစမ်းပါဦး...သူက နင်ပြောပြောနေတဲ့ နင့်ရဲ့ ကိုကိုပိုင်ဆိုတာလား"
"အေးလေ...ပိုင်ထက်ယံဆိုတာ သူပဲလေ"
ကိုယ်နဲ့ မဆိုင်လို့ ဘာမှမဖြစ်သလိုနေမိပေမယ့် ကြားလိုက်ရတဲ့နာမည်တစ်ခုကြောင့် ဘေးဝိုင်းက ကောင်မလေး ၂ ဦးရဲ့ စကားပြောသံတွေကို မသိမသာ နားစွင့်နေလိုက်မိသည်။
"ငါ သူ့ကို first year ကတည်းက သဘောကျခဲ့တာဟ... သူက ငါ့ရဲ့ စီနီယာဆိုလည်း မမှားဘူး"
"ပြောပါဦး...နင် ဒီလိုပရဟိတတွေလိုက်လုပ်နေတာ သူ့ကြောင့်လား"
"ဟီး...ဟုတ်တယ်...သူက အေးရိပ်မေတ္တာမိဘမဲ့ကျောင်းကို ခဏခဏ လာပြီး လုပ်အားပေးနေကျဟ... သူ ပညာသင်ဆုရလို့ ဟောင်ကောင်ကို ပညာသင်သွားတာတောင်မှ တစ်နှစ်တစ်ခါ ဒီကိုပြန်လာပြီး အဲ့ဂေဟာမှာပဲ အချိန်ကုန်တတ်တာဟ"
"နင့်လူကြီးက ကလေးချစ်တတ်တာလား"
"အေးပေါ့... အဲ့ဂေဟာက ဘယ်ကလေးကို သွားမေးမေး ကိုပိုင်လို့ပြောရင် မသိတဲ့ကလေး မရှိဘူး...သူ့ကို အားလုံးက ချစ်ကြခင်ကြတာဟ"
"မိ်န်းမနော်..သူ့အကြောင်းပြောတာနဲ့ကို မျက်နှာကြီးက ဖြီးလို့...ဒါနဲ့များ ဘာလို့ ဖွင့်မပြောတာလဲ"
"ဟာ...နင် မသိဘူး...သူက ဣနြေ္ဒရှိတဲ့မိန်းကလေးတွေကိုပဲ မျက်လုံးထဲ ထည့်တာ... ငါ နင့်ကို တစ်ခါပြောဖူးတယ်လေ...မှတ်မိသေးလား...ဟေမာဆိုတဲ့ အစ်မကို"
"သြော်...မှတ်မိတယ်...သူ့ကိုဖွင့်ပြောတဲ့အစ်မ မဟုတ်လား"
"အေး...သူဆိုလည်း အငြင်းခံလိုက်ရတာလေ...သူက ခပ်ရဲရဲမိန်းကလေးတွေကို သဘောမကျဘူး"
ခြူးမှာ နားထောင်နေရင်းမှ မျက်ခုံးလေး ၂ ဖက် ပင့်တက်သွားရသည်။ သူက အဲ့လိုလူမျိုးလား။
"လက်စသတ်တော့ နင် လိမ္မာနေတာ သူ့ကြောင့်ပေါ့လေ"
"အေးပေါ့...ဒါပေမယ့် သူက ရည်းစားရှိတယ်ဟ"
"ဟင်!!..ဟုတ်လား"
"အေး...နင်သိလား...ငါတို့တက္ကသိုလ်မှာ tutor ပြန်လုပ်နေတဲ့ မနှင်းပွင့်လွှာလေ... သူက အရမ်းတည်ငြိမ်ပြီး ဣနြေ္ဒကြီးတာဟ... ကိုကိုပိုင့်စိတ်ကူးထဲက လက်တွဲဖော်ပေါ့ဟာ"
"နင့်အစား စိတ်မကောင်းတာဟယ်"
"နင် ငါ့စိတ်ကို သေချာမသိသေးလို့ ဒီစကားမျိုးပြောတာပါ... ငါ သူ့ကို သဘောကျတယ်ဆိုတာ မှန်တယ်... ဒါပေမယ့် သူက ပြန်မချစ်လည်း ဘာမှမဖြစ်သလို သူ့ကို မပိုင်ဆိုင်ရလည်း ဝမ်းနည်းမနေဘူး...သူက ငါ့ crush မို့ အဝေးက ကြည့်ပြီးလည်း ချစ်ပေးနိုင်တယ်... သူများလက်ထဲ ပါသွားလည်း အပြုံးမပျက် နေနိုင်တယ်...ဒါ ငါ့ရဲ့ crush definition ပဲ"
"အဆန်းကြီးပါလား ဒေါ်နီနွယ်ရယ်"
"ကိုယ်တွေက ဆန်းဆန်းလေးပဲ ကြိုက်တယ်...ဟဲဟဲ"
၂ ယောက်တည်းရှိနေတဲ့အတိုင်း လွတ်လွတ်လပ်လပ်ပြောနေကြတဲ့ သူမတို့က ဘာမှမဖြစ်ပေမယ့် ခြူးကတော့ အတွေးပေါင်းများစွာဖြင့်။
'ငါ ထင်ထားတဲ့အတိုင်း နှင်းဆိုတာ သူ့ချစ်သူတဲ့... သူက ဘယ်မှာလဲ... ဘာလို့ သူနဲ့အတူ သီချင်းမဆိုတာလဲ... ငါလုပ်လိုက်တာ သူတို့ ၂ ယောက်ကြား နှောင့်ယှက်မိသလို ဖြစ်သွားပြီလား'
"ဆူး..ဘာတွေတွေးနေတာလဲ"
"ဟင်!!.."
အသံကြားလို့ မော့ကြည့်တော့ ပိုင်ထက်ယံက ခုံမှာပင် ဝင်ထိုင်ပြီးနေပြီ။ ခြူး အဲ့လောက်ထိ အတွေးများသွားတာလား။ ရွှေရည်မိုးနဲ့ပတ်သက်လို့ ယောက်ျားတစ်ယောက်ကိုတွဲရတာ ဘယ်လိုမှ မခံစားရပေမယ့် ခုလို သူများချစ်သူနဲ့ တွဲသလိုဖြစ်နေတာမျိုးကိုတော့ ရှက်ရွံ့မိတာ အမှန်ပင်။
"ဆူးကြိုက်မလားတော့ မသိဘူး"
ကြိုက်မလားတော့ မသိဘူးလို့ ပြောလာပေမယ့် သူယူလာတာတွေက ခြူးအကြိုက်တွေချည်းပင်။
ခြူးရှေ့က ပန်းကန်ပြားအလွတ်ထဲကို ပုစွန်အခွံချွတ်ပြီးသားနဲ့ အသားကင်ကို အတုံးလေးတွေ လုပ်ပြီး ထည့်ပေးလာပြန်သည်။ သူ့ကြည့်ရတာ လုပ်ဆောင်နေကျအရာတွေလို ပုံမှန်အတိုင်းပင်။ သူ့ချစ်သူကိုရော ဒီလိုပဲ ဂရုစိုက်ပေးနေကျများလား။
"ကိုပိုင်ထက်ယံ..."
"ပြောလေ ဆူး"
"ဒီပွဲကို နှင်းပွင့်လွှာဆိုတဲ့ အမျိုးသမီးရော လာလားဟင်"
ခြူးစကားအဆုံးမှာ အသားကင်ကိုလှီးနေတဲ့ သူ့လက်တို့ တုံ့ခနဲ ရပ်တန့်သွားကြသည်။ ခြူး သိသွားပြီလား။
"အင်း...လာတယ်"
"ကိုပိုင်ထက်ယံရဲ့ချစ်သူဆို...ကျွန်မနဲ့ မိတ်ဆက်ပေးပါလား"
ခြူး သူ့အကြောင်းတွေကိုများ စုံစမ်းနေတာလား။ နှင်းအကြောင်းကို ဘယ်လိုလုပ်ပြီး သိသွားတာပါလိမ့်။
"အင်း...ကိုယ် ဖုန်းဆက်လိုက်ဦးမယ်"
"ဟုတ်"
သူထထွက်သွားတော့ ခြူးရင်ထဲ ဟာခနဲ ဖြစ်သွားမိတာ ဘာလို့ပါလိမ့်။ သူထည့်ပေးသွားတဲ့ အသားတုံးလေးတစ်တုံးကို ယူစားကြည့်တော့ ဘယ်လိုမှ ခံတွင်းမတွေ့တော့။ စိတ်ကြောင့်များလား။
ဆက်မစားတော့ဘဲ fb သုံးရင်း ထိုင်စောင့်နေလိုက်မိသည်။ တစ်ခါမှ သတိမပြုမိခဲ့သည့် အကောင့်တစ်ခုကို search box မှာ ရှာလိုက်မိသည်။
Paing Htet Yan ဆိုတဲ့ အကောင့်များစွာထဲကမှ profile မှာ သူ့ပုံတင်ထားတဲ့ အကောင့်ရဲ့ profile ထဲကို ဝင်ကြည့်လိုက်သည်။
သူ့ bio မှာ ရေးထားတာက °°ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ သင့်အပြုအမူပေါ် မူတည်တယ်°° တဲ့။ ဒီလူကြီးက ဒဿနလည်း ဆန်တတ်ပါလား။
သူ့ post တွေအကုန်လုံးက လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေချည်းပင်။ တင်ထားတဲ့ပုံတွေမှာလည်း profile မှလွဲလို့ သူ့ပုံဆိုတာ တစ်ပုံမှ မရှိ။ Feeling post ဆိုတာကိုလည်း ယောင်လို့တောင် မတွေ့ရ။
'သူ တော်တော် သိုသိုသိပ်သိပ် နေတတ်တာပဲ'
သူ့ကို tag ထားတဲ့ post တွေမှာတော့ သူ့ပုံတွေ ပါတတ်သည်။ သူ့ကို tag တဲ့လူရဲ့ အကောင့်က Aung Myat တဲ့။
သူတင်တဲ့ post တွေမှာတော့ ပိုင်ထက်ယံရယ်၊ အောင်မြတ်ဆိုတဲ့ အကောင့်ပိုင်ရှင်ရယ်၊ Hnin Pwint Hlwar ဆိုတဲ့ မိန်းကလေးရယ်။ 'သူတို့ ၃ ယောက်က အမြဲတမ်း တပူးပူးတတွဲတွဲပါလား' ဆိုတဲ့အတွေးကြောင့် ခြူးရင်ထဲ တစ်မျိုးကြီးဖြစ်သွားရသည်။ သိမ်ငယ်တယ်ဆိုတာ ဒီလိုခံစားချက်မျိုးလား။ ဘယ်တုန်းကမှ မသိမ်ငယ်ခဲ့ဖူးပေမယ့် သူနဲ့ ပတ်သက်ပြီး သိမ်ငယ်တတ်လာမိပြီ။
"ဆူး..ကိုယ်တို့ရောက်ပြီ"
"သြော်..အင်း"
အသံပြုလာတဲ့သူ့ကြောင့် ဖုန်းကို အမြန်ပြန်ပိတ်ပြီး ခပ်သွက်သွက် ထရပ်လိုက်မိသည်။ ခြူးကို ပြုံးကြည့်နေတဲ့ မျက်နှာစိမ်း ၂ ဦးကို ခြူးလည်း အလိုက်သင့်လေး ပြန်ပြုံးပြလိုက်သည်။
"ဆူး..ဒါ အောင်မြတ်..ကိုယ့်သူငယ်ချင်း.. သူက ဆူးတွေ့ချင်တဲ့ နှင်းပွင့်လွှာ...နှင်း.. သူက ဆူးပန်းနီတဲ့"
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ဆူး"
"တွေ့ရတာ ဝမ်းသာပါတယ် ညီမ... အစ်ကိုက အောင်မြတ်ပါ"
"ဟုတ်ကဲ့...ကျွန်မရောပဲ...တွေ့ရတာ ဝမ်းသာပါတယ်... အစ်ကိုနဲ့ အစ်မ..မုန့်စားသွားပါလား... ကျွန်မ သွားယူပေးမယ်"
"နေပါ...ရတယ် ညီမ...အစ်ကိုတို့က ပြန်တော့မှာ... နှင်းလေ.. ပိုင်ထက်သီချင်းဆိုတာကိုကြည့်ပြီးတာနဲ့ ပြန်မယ်ချည်း လုပ်နေတာ"
"ဟာ..အောင်မြတ်"
နှင်းက ဟန့်လိုက်ပေမယ့် အောင်မြတ်က ဆက်ပြောသည်။
"နှင်းလေ..ပိုင်ထက်နဲ့ စုံတွဲဆိုပါ ပြောတာကို မဆိုရဲလို့တဲ့... သူက ပိုင်ထက်နဲ့ တွဲဆိုပေးလို့ ညီမကိုတောင် ကျေးဇူးတွေတင်နေတာ"
"အို"
"ဆူး..အစ်မတို့ ပြန်လိုက်ဦးမယ်နော်... ခုမှတွေ့ပြီး ခုချက်ချင်း ပြန်ရလို့ အားနာပါတယ်... အစ်မက လူများတဲ့နေရာတွေကိုသွားရင် လူက အလိုလို နုံးလာလို့ပါ"
"ရပါတယ် မနှင်း...ဟို..အဲ့လို ခေါ်မယ်နော်"
"ရပါတယ် ဆူးရဲ့"
"အဲ...အစ်ကိုနဲ့ မနှင်းပဲ ပြန်မှာလား... ကိုပိုင်ထက်ယံကရော??"
"သူက အစ်ကိုတို့နဲ့ နေရာမတူဘူးလေ"
"ဟုတ်သားပဲ"
ခုမှ သူက ကိုယ့်အိမ်နီးချင်းမှန်း ပြန်သတိရတော့သည်။ ဒါပေမယ့်လည်း ကိုယ့်ချစ်သူတစ်ယောက်လုံးကို တခြားလူနဲ့ ဒီအတိုင်း ပြန်လွှတ်လိုက်တာက အရမ်းကြီး သူစိမ်းဆန်လွန်းနေသည် မဟုတ်ပါလား။
"ဟို...ကိုပိုင်ထက်ယံ..မနှင်းကို လိုက်ပို့ပေးမှာ မဟုတ်လား"
"ဟင်!!.."
ခြူးရဲ့ နိမိတ်ပြမေးခွန်းကြောင့် သူ ဘာပြန်ဖြေရမှန်း မသိတော့။ ငြင်းလိုက်ပြန်ရင်လည်း နှင်း စိတ်မကောင်းဖြစ်ပေတော့မည်။
"နေပါ ဆူး...အစ်မက အရင်ကလည်း အောင်မြတ်နဲ့ပဲ သွားလာနေကျပါ"
"အယ်"
သူတို့က သူငယ်ချင်းတွေဆိုပေမယ့် ပိုင်ထက်ယံကမှ နှင်းရဲ့ချစ်သူလေ။ ဒါပေမယ့် ခုတော့ အောင်မြတ်က သူ့ထက်ပင် နှင်းကို ဂရုစိုက်ပေးနေတယ်ဆိုတာ ခုမှတွေ့တဲ့ခြူးပင် ကောင်းကောင်းအကဲခတ်နိုင်သည်။
"မဟုတ်တာ မနှင်းရယ်...ကိုယ့်ချစ်သူတစ်ယောက်လုံး ရှိနေတာကို သူ့ကိုပဲ လိုက်ပို့ခိုင်းပေါ့"
"နှင်း..ကိုယ်လိုက်ပို့မယ်နော်"
နှင်း ဆက်ငြင်းနိုင်စွမ်း မရှိတော့ပါ။ အစကတည်းက မငြင်းချင်တာပါ။ သူ့ကို လိုက်ပို့စေချင်ပေမယ့် ခြူးစကားကို သူသာငြင်းလိုက်ရင်ဆိုတဲ့စိတ်ကြောင့် ဟန်ကိုယ့်ဖို့ ငြင်းနေမိခြင်းသာ။ ခု သူက လိုက်ပို့မယ်လို့ပြောလာတော့ နှင်း ချက်ချင်းပင် ခေါင်းညိတ်လိုက်မိသည်။
"ဆူး..ကိုယ့်ကို စောင့်နေနော်"
"အင်းပါ"
သူ ခြူးပြောလွန်းတာကြောင့်သာ လိုက်ပို့ပေးရမှာ။ တကယ်တော့ ဒီပွဲမှာ မင်းဝဏ္ဏပါလာတယ်ဆိုတာကို သိကတည်းက ခြူးကို စိတ်မချတာ အမှန်ပါ။ ဟိုလူ့ဘက်က ဘာတွေနှောင့်ယှက်ဦးမည် မသိတာကြောင့် ခြူးအနားမှာပဲ ရှိနေပေးချင်မိသည်။ ဖြစ်နိုင်ရင် ခြူးနဲ့ မင်းဝဏ္ဏကို တစ်စက္ကန့်လေးတောင် တွေ့စေချင်တာ မဟုတ်။
"ပိုင်ထက်..ခြူးက ခင်ဖို့ကောင်းတယ်နော်"
"အင်း...သူက အပြင်ပန်း ကြည့်ရင်သာ စိတ်မာတယ် ထင်ရတာ...တကယ်တမ်းကျ စိတ်ထားနူးညံ့တဲ့ မိန်းကလေးတစ်ယောက်"
"အလဲ့...မင်းက ချက်ကျကျကို သိနေပါလား"
"ဟာ...ဒါကတော့...အဲ့လောက်တော့ သိပါတယ်ကွ"
သူ ဒီလောက်သာ တုံ့ပြန်နိုင်တော့သည်။ သူနဲ့ ခြူးက မျက်နှာချင်းဆိုင်တိုက်ခန်း ၂ ခုမှာ နေကြတယ်ဆိုတာကို အောင်မြတ်တို့ကို ပြောမပြရသေး။
ခုလည်း ခြူးနဲ့ မိတ်ဆက်ပေးဖို့အတွက် အောင်မြတ်ကို အရင် ဖုန်းဆက်လိုက်ရသည်။ ပြီးတော့ ခြူးကို ဆူးပန်းနီအနေနဲ့ပဲ ဆက်ဆံပေးဖို့ ကြိုမှာထားရသည်လေ။ သူတို့စကားပြောနေတဲ့တစ်ချိန်လုံး ခြူးဆိုတဲ့စကားလုံးလေး ပါသွားမလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်နေခဲ့ရတာကို သူ့ကိုယ်သူသာ အသိဆုံး။
"မင်း သူ့ကို မေသိမ့်အကြောင်း ပြောမပြရသေးဘူး မလား"
"အင်း"
"ဘာလို့လဲကွ"
"တကယ်တော့ မေမေကိုယ်တိုင် တောင်းဆိုထားတာ...ခြူးကို မပြောပါနဲ့ဆိုပြီး"
"ငါတော့ တစ်ခါတစ်လေ မေသိမ့်ကို နားမလည်တတ်တော့ဘူး...ခုလည်း ခြူးကိုတွေ့ချင်လျက်နဲ့ ပွဲကို လိုက်မလာဘူး"
"တကယ်တော့ မေမေက ခြူးဖေဖေကို ကတိတစ်ခု ပေးခဲ့ဖူးတယ်... ခြူးရှေ့မှာ ဘယ်တော့မှ ပေါ်မလာပါဘူးဆိုတဲ့ကတိ"
"ဟာကွာ...အဲ့ကတိကို ဘာလို့ပေးလိုက်ရတာလဲ"
ဆိုင်ကယ်စတန်းကို သွားနေရင်းမှ အောင်မြတ်က မေးလိုက်၊ သူက ဖြေလိုက်၊ နှင်းကတော့ အသံတိတ်သာ လျှောက်လာလိုက်တော့သည်။
"မေမေ မင်းတို့ကို ပြောပြီးလောက်ရောပေါ့... မေမေနဲ့ ခြူးဖေဖေ ဘာလို့ ကွာရှင်းလိုက်တယ်ဆိုတာ"
"အင်း...ပြောတယ်လေ...အဲ့ဒါနဲ့ ဆိုင်လို့လား"
"ဆိုင်တယ်...မေမေက သူ့အတိတ်အကြောင်းကို ခြူးကို မသိစေချင်ဘူး... ခြူး သူ့အတွက် အရှက်ရမှာကို မလိုလားဘူးတဲ့လေ... တကယ်လို့ မေသိမ့်သာ ခြူးရှေ့ကိုပေါ်လာမယ်ဆိုရင် ခြူးဖေဖေက ခြူးကို အားလုံးပြောပြလိုက်မှာ"
"ဟာကွာ...လူတစ်ယောက်ကို ချစ်လို့ ပိုင်ဆိုင်ဖို့ လုပ်မိတာက အပြစ်တဲ့လား... အဲ့ဒါက အပြစ်ဆိုရင်တောင် မေသိမ့်လည်း ပေးဆပ်သင့်သလောက် ပေးဆပ်ပြီးပြီလေ... မင်း ခြူးကို ပြောကြည့်ပါလား ပိုင်ထက်ရာ... သူနဲ့ သူ့အဖေရဲ့ ဆက်ဆံရေးက အရင်လိုမဟုတ်တော့ဘူးဆို"
"အင်း...မင်းပြောတာလည်း မှန်တယ်... သူ့ဖေဖေနဲ့ သူ အဆက်ဖြတ်ထားတာ ကြာပြီ.. ခြူးက သူ့ဖေဖေကို စိတ်နာနေတာလေ...ဒါဆို ငါ သူ့ကို ပြောကြည့်ရမယ်... အောင်မြတ်.. ကျေးဇူးပဲ...မင်းအကြံပေးတာ အရမ်းကောင်းတယ်"
"ငါ နောက်ထပ် မေးစရာရှိသေးတယ်"
"ဘာမေးမှာလဲ"
"မင်းက ခြူးနဲ့ ဘယ်လိုဖြစ်ပြီး ဒီလောက်ရင်းနှီးသွားတာလဲ"
"အဲ့ဒါက...ဟို..."
အောင်မြတ်ရော နှင်းကပါ သူ့အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြတာမို့ သူ ၂ ယောက်လုံးထံမှ အကြည့်လွှဲရင်း...
"ငါနေတဲ့တိုက်ခန်းက သူ့အခန်းနဲ့ မျက်နှာချင်းဆိုင်ပဲ"
"ဟင်!!.."
"အို!!.."
"တမင်လုပ်တာ မဟုတ်ပေမယ့် အဲ့လိုဖြစ်သွားတယ်... ငါတောင် ပြောင်းပြီးမှ သူနဲ့ နီးနေမှန်း သိရတာ"
"ဒါဆို မင်းတို့က အရမ်းရင်းနှီးတာပေါ့"
"အရမ်းကြီးလည်း မဟုတ်ပါဘူးကွာ"
ပြောရင်း လည်ကုပ်ကို လက်ဝါးနဲ့ ခပ်ဖွဖွပွတ်နေမိသည်က သူရှက်နေရင် ပြုမူတတ်သည့် အမူအရာတစ်ခု။ အခုရော ပိုင်ထက်ယံက ရှက်နေတာလား။
"ခုတစ်ခါ သီဆိုဖျော်ဖြေမယ့် စုံတွဲလေးကတော့ ကိုမင်းဝဏ္ဏနဲ့ မရွှေရည်မိုးတို့ ဖြစ်ပါတယ်... စင်မြင့်ထက်ကို ဖိတ်ခေါ်ပါတယ်ဗျာ"
မင်းဝဏ္ဏဆိုတဲ့နာမည်ကြောင့် ပရိသတ်ထံမှ လက်ခုပ်သံတွေက အရင်လူတွေထက် ပို၍ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"ပရိသတ်ကြီးအားလုံး မင်္ဂလာပါဗျာ... ကျွန်တော်က မင်းဝဏ္ဏပါ"
"ကျွန်မကတော့ အရမ်းချစ်ဖို့ကောင်းတဲ့ ရွှေရည်မိုးပါရှင့်"
Sound box မှ ထွက်လာတဲ့ မိတ်ဆက်စကားသံတွေက သူ့ရင်ကို တဒုန်းဒုန်း ဖြစ်စေသည်။ သီချင်းဆိုမယ့်သူတွေကို စင်နောက်မှာ သီးသန့်ထားတာမို့ ဘာမှမဖြစ်ပေမယ့် ဖျော်ဖြေပြီးတဲ့သူတွေက နားနေရာ ခန်းမဘက်ကို သွားရပေမည်။ ထိုအခါ ခြူးနဲ့ မင်းဝဏ္ဏ တွေ့သွားနိုင်သည်။
"ပိုင်ထက်..."
ရှေ့ဆက်လိုက်မလာဘဲ နောက်မှာ ငိုင်ငိုင်လေးရပ်ကျန်ခဲ့သည့် သူ့ဆီကို အောင်မြတ်က ပြန်လှည့်လျှောက်လာရင်း သူ့နာမည်ကို ခေါ်လိုက်တော့မှ သူလည်း သတိပြန်ဝင်လာသည်။ အောင်မြတ်ကိုကြည့်လိုက်တော့ သူ့ကို အဓိပ္ပာယ်အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်နေလေရဲ့။