Unicode
အပိုင်း (၃၄)
“မေမေ”
“သြော်.. သမီး ရောက်ပြီလား”
“ဟုတ်”
“ဒါဆို မေမေ အိမ်ခဏပြန်ဦးမယ်”
“ဟုတ်.. သမီး ဆက်လုပ်ထားလိုက်မယ် မေမေ”
“သြော်.. အေး..အေး”
ခြူး ဒေါ်သိမ့်နွယ်လက်ထဲက ရေဝတ်ကိုယူပြီး ပိုင်ထက်ယံကို ရေဖတ်ဆက်တိုက်ပေးနေလိုက်သည်။
“မေမေ နာရေးလိုက်ပို့ရမှာမို့ ညနေမှ ပြန်လာခဲ့မယ်နော်”
“ဟုတ်ကဲ့”
မသာတစ်ခေါက် ကျောင်း ၁၀ ခေါက်မို့ သာရေးထက် နာရေးကို ဦးစားပေးရတာကြောင့် သားဖြစ်သူ သတိမရသေးပေမယ့် လုပ်စရာရှိတာတော့ လုပ်ရဦးမည်လေ။
ဒေါ်သိမ့်နွယ် အခန်းထဲက ထွက်သွားတော့ ခြူး ရေပတ်တိုက်ပေးနေရင်းမှ အိပ်ပျော်နေတဲ့ ပိုင်ထက်ယံမျက်နှာကို အတန်ကြာ ငေးကြည့်နေမိသည်။
“ကိုကို.. ခြူးတို့.. ရှေ့ဆက်သင့်လား”
ခြူး လက်သူကြွယ်မှ လက်စွပ်လေးကို ကြည့်ရင်း အကြောင်းအရာတချို့ကို ပြန်တွေးနေမိသည်။
"ပိုင့်အပေါ် အစ်ကိုတစ်ယောက်လို မဟုတ်ဘဲ ချစ်သူတစ်ယောက်အနေနဲ့ သဘောထားကြည့်ဖူးလား"
"ရှင်..!!"
နှင်းစကားကြောင့် ခြူးမျက်လုံးလေးများ ဝိုင်းစက်သွားရသည်။ ခြူးခံစားချက်တွေကို မနှင်းက ဘယ်လိုသိသွားတာလဲ။ အနေအထိုင် အပြောအဆိုကအစ သတိနဲ့ ဆင်ခြင်ခဲ့ပါလျက် ဘယ်လိုလုပ်ပြီး ရိပ်မိသွားခဲ့တာပါလိမ့်။
"မနှင်း.. ကျွန်မကို အထင်လွဲနေပြီနဲ့ တူတယ်"
"မနှင်းကို အမှန်အတိုင်း ပြောလို့ရပါတယ် ခြူး.. ခြူး ပိုင့်ကို ချစ်လား"
"ရှင်..!!"
တည့်တိုးကြီး မေးချလိုက်တော့ ခြူး ဘယ်လိုပြန်ဖြေရပါ့။ ခေါင်းပဲ ညိတ်ပြရမလား။ ဟုတ်တယ်လို့ပဲ ဝန်ခံလိုက်ရမလား။
"မနှင်း.. ဘယ်လိုလုပ်သိသွားတာလဲ"
ခြူးရဲ့ တန်ပြန်အမေးက နှင်းမေးတာကို ဟုတ်တယ်လို့ ဖြေပေးလိုက်သလိုပင်။
"မနှင်းလည်း မိန်းမတစ်ယောက်ပဲ ခြူး.. မိန်းမသားအချင်းချင်းမို့ ခြူး ပိုင့်အပေါ် ဘယ်လိုသဘောထားလဲဆိုတာကို မနှင်းလည်း ရိပ်မိပါတယ်.. ပိုင့်ကို ချစ်တဲ့စိတ်နဲ့ ဆွဲထားကြည့်ချင်ခဲ့ပေမယ့် ခုတော့ လက်လျှော့ဖို့ ဆုံးဖြတ်လိုက်ပြီ"
"ရှင်..!!"
"အခုကစပြီး ပိုင့်ကို ခြူးပိုင်တယ်"
"ရှင်..!!"
လက်သူကြွယ်မှ လက်စွပ်ကို ချွတ်ပြီး ခြူးလက်မှာ လာဝတ်ပေးရင်း ပြောလိုက်တဲ့ နှင်းစကားကြောင့် ခြူးတစ်ကိုယ်လုံး တောင့်တောင့်လေး ဖြစ်သွားရသည်။ ကိုကို့ကို ခြူးပိုင်တယ်တဲ့။
"ဒါပေမယ့် ကိုကိုချစ်တာ မနှင်းကိုလေ"
ခြူးစကားကြောင့် နှင်း အပြုံးယဲ့ယဲ့ဖြင့် ပြုံးပြကာ ခေါင်းရမ်းလိုက်သည်။
"မနှင်း ခြူးကို ပြစရာရှိတယ်"
ပြောပြောဆိုဆို ထိုင်ရာမှထကာ ခြူးကိုလည်း နောက်ကလိုက်ခဲ့ဖို့ ခေါ်တော့သည်။ ခြူးလည်း ဘာလဲဆိုတာ သိချင်စိတ်နဲ့ နှင်းအနောက်မှ လိုက်သွားမိသည်။
ကျီ...!!!
တံခါးလေးကို ဖွင့်ဝင်ပြီး မီးဖွင့်လိုက်တဲ့အခါမှာတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ခြူးမှာ ပါးစပ်ဟောင်းလောင်းလေး ဖြစ်သွားရသည်။
"မနှင်း.. ဒါ..ဒါတွေက..."
နံရံအပြည့်ကပ်ထားတဲ့ ခြူးဓာတ်ပုံတွေကို ကြည့်လိုက် နှင်းကိုကြည့်လိုက်လုပ်ရင်း ခြူးမှာ အံ့အားသင့်နေရှာသည်။
"ဒီပုံတွေကိုကြည့်ပြီး ခြူး ဘယ်လိုမြင်လဲ.. လူတစ်ယောက်ရဲ့ ဓာတ်ပုံတွေကို ကိုယ်တိုင်ရိုက်ပြီး နှစ်ရှည်လများ စုဆောင်းထားတယ်ဆိုတော့ အဲ့လူပေါ်ထားတဲ့ သံယောဇဉ်က နည်းနည်းနောနော သံယောဇဉ်တော့ မဖြစ်နိုင်ဘူး.. အမှန်အတိုင်း ဝန်ခံရရင် မနှင်းကိုတောင် သူ့သဘောနဲ့သူ ဓာတ်ပုံတစ်ပုံမှ ရိုက်မပေးဖူးဘူး.. ဒါပေမယ့် ခြူးဓာတ်ပုံတွေကို ရိုက်ထားတာတွေကတော့ ခု မြင်ရတဲ့အတိုင်းပဲ"
"ဒါ..ဒါတွေအားလုံးက ကိုကိုကိုယ်တိုင် ရိုက်ထားတာတွေပေါ့"
ခြူးရဲ့ အပြုအမူတစ်ခုချင်းစီကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံလေးတွေက သူ့ရဲ့အလေးထားမှုကို ဖော်ပြပေးနေသည်။
မေးခဲ့ဖူးသည်။ ခြူးဓာတ်ပုံတွေကို ကြည့်နေတုန်းက အဲ့ပုံတွေက Facebook ကနေ save ထားတယ်လို့သာ ဖြေခဲ့တဲ့ကိုကိုက တကယ်တမ်းတော့ သူကိုယ်တိုင် ရိုက်ပေးထားတဲ့ ပုံတွေကို ကြည့်နေခဲ့တာလား။
ခြူး အထက်တန်းကျောင်းသူဘဝတုန်းက ပုံတွေကစပြီး ခုအရွယ်အထိ ရိုက်ပေးထားတဲ့ ပုံတွေဆိုတော့ နံရံအပြည့်ရှိနေတာ မဆန်းပါလေ။
"ဟင်..!!"
ပုံတော်တော်များများက ခြူးတစ်ယောက်တည်းပုံတွေ ဖြစ်ပေမယ့် ဒီတစ်ပုံကတော့ ခြူးနဲ့ ရှင်း ပြုံးပျော်နေတဲ့ပုံ။ အဲ့အချိန်ကို ခြူး ကောင်းကောင်းကြီး မှတ်မိသည်။ ရှင်းနဲ့ နောက်ဆုံးအကြိမ် အပြင်ထွက်လည်တဲ့နေ့။ ရှင်းရဲ့ပုံတူပန်းချီကားကို ဆွဲဖို့အတွက် ကုသိုလ်တော်ကို သွားခဲ့တဲ့နေ့က။
ဒီအပြုံးတွေက ခြူး ကလေးတွေကို ရေခဲချောင်းဝယ်ကျွေးပြီး ပီတိဖြစ်တုန်းက ပြုံးမိခဲ့တဲ့ အပြုံးတွေ။ အဲ့နေရာမှာ ကိုကိုလည်း ရှိနေခဲ့တာလား။ ကိုကိုက ခြူးသတိမထားမိခင်ကတည်းက ခြူးအနားမှာ ရှိနေခဲ့တာပါလား။
°°ကိုကို့ညီမလေး ခြူး°°
စာတန်းလေးနဲ့အတူကပ်ထားတဲ့ ပုံလေးက ခြူးငယ်ငယ်က ဓာတ်ပုံလေး။ မျက်လုံးပေါက်လေးတွေ မှေးမှိတ်သွားသည်အထိ သဘောကျစွာ ရယ်မောနေတဲ့ ခြူးဓာတ်ပုံလေးက ကိုကို့လက်ထဲမှာ နှစ်တွေအတော်ကြာ ရှိနေခဲ့သည်ပဲ။
စာအုပ်စင်ပေါ်က စာအုပ်တွေကို လှန်လှောကြည့်အပြီးမှာတော့ ခြူးမျက်ဝန်းအစုံမှာ မျက်ရည်ကြည်တို့ ပြည့်အိုင်လာတော့သည်။
ခြူးငယ်ငယ်က ဖျော်ရည်တွေပေနေတဲ့ ကျောင်းဝတ်စုံနဲ့ လမ်းပေါ်လျှောက်သွားနေခဲ့တုန်းက အင်္ကျီလက်ရှည်လေးကို ခေါင်းပေါ် ပစ်တင်ပေးခဲ့တာလည်း ကိုကိုပဲတဲ့။
ခြူးကိုအနိုင်ကျင့်ခဲ့တဲ့ နေခြည်လင်းကို ခြူးခံခဲ့ရသလို လက်တုံ့ပြန်ပေးခဲ့တာလည်း ကိုကိုပဲ။
နှစ်တိုင်း ခြူးမွေးနေ့ရောက်ဖို့ တစ်ရက်အလိုမှာ ခြူးလိုချင်တဲ့ ပစ္စည်းတွေကို လက်ဆောင်အဖြစ် ပေးခဲ့တဲ့သူကလည်း ကိုကိုပဲ။
ရှင်းဆုံးတဲ့နေ့က ဆေးရုံမှာ ခြူးနဲ့အတူ ကိုကိုလည်း ရှိနေခဲ့သည်တဲ့။ ခြူးငိုနေတာကို နှစ်သိမ့်ပေးချင်ပေမယ့် ကိုကိုနဲ့ ခြူးက သူစိမ်းတွေအနေနဲ့သာ ရှိနေသေးတာမို့ အဝေးကနေသာ စိတ်မကောင်းဖြစ်နေခဲ့ရရှာတယ်တဲ့။
တိုက်ခန်းမှာနေဖို့ ပြောင်းလာတော့ ခြူးနဲ့ မျက်နှာချင်းဆိုင်မှာ နေရတယ်ဆိုတာကို သိသိချင်း အပျော်တွေလွန်ပြီး ထခုန်မိသေးတယ်တဲ့။ အဲ့လောက်တောင် ပျော်ခဲ့တာလား ကိုကိုရယ်။
ခြူးနဲ့ နီးနီးလေးမှာ နေရတဲ့နေ့ကစပြီး ခြူးနောက်ကို အရိပ်လိုလိုက်ကာ စောင့်ရှောက်မိသတဲ့။ ပေါင်းဆေးဘူးကို ကူယူပေးကတည်းက ကိုကို့ရင်ခုန်သံတွေကို သတိပြုမိခဲ့တာတဲ့။ အဲ့ဒီအချိန်ကတည်းကလား.…။
"ကိုကိုရယ်~~"
°°သူက ကျွန်တော့်ဘဝမှာ အမြဲတမ်း နံပါတ်တစ် ဖြစ်နေခဲ့တာက မေမေ့ရဲ့ ကျေးဇူးတရားတွေကြောင့်လား... ဒါမှမဟုတ် နှလုံးသားရဲ့ စေခိုင်းမှုကြောင့်လား.. သေချာတာကတော့ ကျွန်တော် ခြူးကို ချစ်တယ်°° ဆိုတဲ့ စာကြောင်းလေးကို အတော်ကြာ စိုက်ကြည့်နေရင်း ခြူးအမြင်တို့ ဝေဝါးလာရသည်။
စာရွက်ပေါ်ကို မျက်ရည်စလေးတစ်စက် ပေါက်ခနဲ ကျလာတော့ စာလုံးလေးတွေ ထိခိုက်သွားမှာစိုးလို့ ထိုမျက်ရည်စက်ကို အမြန်ဖယ်ရှားပစ်မိသည်။
"ပိုင်လည်း ခြူးကို ချစ်နေခဲ့ပါတယ်"
နှင်းအသံကိုကြားမှ အခန်းထဲမှာ ခြူးတစ်ယောက်တည်း မဟုတ်တာကို ပြန်အမှတ်ရသွားမိသည်။
"မနှင်း.. ကျွန်မ..ကျွန်မ မနှင်းကို တောင်းပန်ပါတယ်.. ကျွန်မကြောင့်..."
"ခြူးကြောင့် မဟုတ်ပါဘူး"
နှင်း ခေါင်းရမ်းပြကာ တောင်းပန်စကားဆိုနေတဲ့ ခြူးကို လက်လေးဆုပ်ကိုင်ပေးရင်း ဆက်ပြောသည်။
"တကယ်တော့ မနှင်းကိုယ်တိုင်က ပိုင်နဲ့ ဖူးစာမပါတာပါ.. ကိုယ့်ကို မချစ်နိုင်တဲ့လူတစ်ယောက်ကို အတင်းလက်ထပ်ယူပြီး စိတ်ဆင်းရဲနေမယ့်ဘဝကို မနှင်း မလိုချင်ဘူး.. ဒါကြောင့် ချစ်တဲ့သူချင်း ပေါင်းစည်းနိုင်အောင် မနှင်းဘက်က အရင် နောက်ဆုတ်ပေးလိုက်တာပါ.. ဒါကြောင့် ခြူးလည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့.. နော်"
"ကျေးဇူးတင်ပါတယ် မနှင်းရယ်.. ခြူးတို့ကို ခုလိုနားလည်ပေးလို့ တကယ်ကျေးဇူးတင်ပါတယ်"
“သိလားကိုကို.. မနှင်းက ခြူးတို့ကို နားလည်ပြီး နောက်ဆုတ်ပေးလိုက်ပြီ”
ခြူး ပိုင်ထက်ယံကို ရေဖတ်တိုက်ပေးပြီးတော့ အင်္ကျီလဲပေးရင်း စကားတွေ ဆက်ပြောနေမိသည်။
“ပြီးတော့ ရွှေရည်မိုးလည်း ကိုကို့အနားကို ကပ်နိုင်မှာ မဟုတ်တော့ဘူး.. ဒါကြောင့်...
.
.
.
ကိုကိုပြန်နိုးလာဖို့ပဲ လိုတော့တာ.. ကိုကိုနိုးလာရင် ခြူးတို့ တစ်ယောက်ခံစားချက်ကို တစ်ယောက်ဆီမှာ ဖွင့်ပြောပြီး တစ်သက်လုံး လက်တွဲလို့ ရပြီလေ.. ဒါကြောင့် ကိုကို ပြန်နိုးလာပါတော့နော်.. ခြူး ကိုကို့ရှေ့မှာ ဒီစကားလေးကို အရမ်းပြောပြချင်ခဲ့တာ”
“...”
“ကိုကို့ကို ချစ်တယ်.. ခြူး ကိုကို့ကို အရမ်းချစ်တယ်.. ကြားရဲ့လား ကိုကို.. ခြူး ကိုကို့ကို ချစ်တယ်လို့”
ခြူး သူ့ရင်ဘတ်ပေါ် ပါးအပ်ရင်း သူ့မျက်နှာကို ငေးကြည့်ကာ အဆက်မပြတ် ပြောနေမိသည်။ ဒီစကားတွေကို ကြားရင် သူနိုးလာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပေါ့။ သူ့မျက်နှာကိုပဲ ငေးကြည့်နေမိတာမို့ သူ့လက်ချောင်းလေးတွေ ဆက်ခနဲ လှုပ်ရှားသွားတာကိုတော့ ခြူး မမြင်လိုက်မိပါ။
