Unicode
အပိုင်း (၂)
ဘယ်ကိုသွားရမှာလဲ။ ခြေဦးတည့်ရာကိုသာ အဝတ်ထုပ်တစ်ခုဖြင့် လျှောက်သွားနေမိတော့သည်။
မွေးကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ သူမဘဝနဲ့ ယှဉ်လိုက်ရင်တော့ သမီးလေးကမှ အဖေတစ်ယောက် ရှိနေသေးလို့ သူမထက် အပုံကြီးသာပါသေးတယ်လို့ တွေးရင်း စိတ်ဖြေမိပေမယ့် ခုနေများ သူမကို ရှာမတွေ့ရင် ဘယ်လိုများနေမလဲလို့ တွေးမိပြန်တော့ ရင်ထဲက နာလာရပြန်သည်။
မျက်ရည်တွေက မျက်ဝန်းထဲမှာ ရစ်သီနေတာမို့ အမြင်အာရုံတွေက ဝေဝါးနေသည်။ ဘယ်ကိုဦးတည်နေမှန်း မသိပေမယ့် ခြေလှမ်းတွေက ရှေ့ကိုသာ ဆက်လှမ်းနေမိသည်။
"အို!"
ရုတ်တရက် လူက တစ်ချက်ယိုင်သွားပြီး လက်ထဲကအဝတ်အိတ်ကို ဆွဲလုခြင်းခံလိုက်ရသည်။
အထုပ်ထဲမှာ ပိုက်ဆံဆိုလို့ တစ်ပြားမှ ပါမသွားပေမယ့် တန်ဖိုးမဖြတ်နိုင်တဲ့ သမီးလေးရဲ့ဓာတ်ပုံလေးတွေ ပါသွားတာမို့ လုတဲ့သူနောက် အမြန်ပြေးလိုက်မိသည်။
အစကတော့ အော်ဟစ်ပြီး ပတ်ဝန်းကျင်ကို အကူအညီတောင်းမလို့ပါပဲ။ သို့သော် ရှေ့မှာပြေးနေတဲ့ အလစ်သုတ်သမားလေးက ကလေးငယ်တစ်ယောက်ဖြစ်နေတာကြောင့် မိသွားခဲ့ရင် အရိုက်ခံအနှက်ခံရမယ်ဆိုတာကို သိနေတာကြောင့် မအော်တော့ဘဲ တစ်ကိုယ်တည်းသာ ပြေးလိုက်သွားမိသည်။
သူကလည်း လှည့်ကြည့်လှည့်ကြည့်နဲ့ ပြေးနေပြီး ကိုယ်ကလည်း ခြေလှမ်းမြန်မြန်နဲ့ အမီလိုက်နေတာမို့ ၂ ယောက်ကြားက အကွာအဝေးမှာ သိပ်မဝေးတော့။
"ဟဲ့!..ကလေး..."
"ဟာ!"
လမ်းမကြီးကို ဘယ်ညာမကြည့်ဘဲ ကူးသွားတာကြောင့် အရှိန်နဲ့ မောင်းနှင်လာတဲ့ကားတစ်စီးက ထိုကလေးဆီသို့ တန်းတန်းမတ်မတ်။
ရှေ့ကိုဆက်ပြေးရင် လွတ်နိုင်ပါလျက် ထိုနေရာမှာတင် ခြေစုံရပ်ပြီး သူနဲ့နီးလာတဲ့ ကားကြီးကိုသာ ငေးကြည့်နေမိတာက သေမှာကို ကြိုသိနေလို့များလား။
ကျီ.....!!!!
"Shit!...ကားလာနေတာကို မမြင်ဘူးလား"
"တောင်းပန်ပါတယ်...ကလေးက ရုတ်တရက်ဆိုတော့ ကြောင်သွားလို့ပါ"