Unicode
အပိုင်း (၂၂)
"မေမေ"
"ဟယ်..သား"
သူ အိမ်ထဲဝင်လာရင်း မေမေ့ကိုခေါ်လိုက်တော့ မေမေလည်း အဝတ်ချုပ်နေရင်းမှ အမြန်ထလာသည်။ မေမေက အရင်လို ဈေးချုပ်တွေ မချုပ်တော့။ ကိုယ်တိုင်းနဲ့ လာအပ်တဲ့ အထည်တွေကိုသာ ကိုယ်ပိုင်ဒီဇိုင်းထွင်ပြီး ချုပ်တာမျိုး၊ လာအပ်တဲ့သူစိတ်တိုင်းကျတဲ့ ပုံစံလေးတွေကို ချုပ်ပေးတာမျိုးသာ လုပ်တာကြောင့် အရင်လို အချိန်ပြည့် စက်ခုံမှာ မထိုင်ရတော့။
"သား..ဒီတစ်ခါလာတာ နောက်ကျလိုက်တာ... မေမေက သားမလာတော့ဘူးတောင် ထင်နေတာ"
"ဟုတ်...မနေ့က အလုပ်ကိစ္စလေးတွေမပြတ်သေးတာနဲ့ လက်စသတ်နေလို့"
"မုန့်တွေ ဝယ်လာပြန်ပြီ"
"မေမေက ဝယ်မပေးရင် မစားဖြစ်တော့ဘူးလေ... အာ့ကြောင့် ဝယ်ဝယ်လာပေးရတာ"
"သားရယ်...မေမေက သား ငွေမစုမိမှာစိုးလို့ပါ... နောက်ဆို သားက နှင်းလေးနဲ့ တစ်အိုးတစ်အိမ် ထူထောင်ရတော့မှာလေ"
မေမေ့စကားက သာမန်အတိုင်း ပြောလိုက်တာဖြစ်ပေမယ့် သူ့ရင်ထဲမှာတော့ တစ်ခုခုကို ဆုံးရှုံးရမှာ ကြောက်နေသလိုလို။
"ဒီလောက်လေး သုံးတာနဲ့တော့ အများကြီးမကုန်ပါဘူး မေမေရယ်"
"အင်းပါ...သားက မေမေ့အတွက်ဝယ်လာပေးတာဆိုတော့ မေမေ စားပေးမှာပေါ့...သြော်..ဒါနဲ့ သား နှင်းအိမ်ကို သွားလိုက်ဦးနော်"
"ဘာဖြစ်လို့လဲ မေမေ"
"ဟိုညက သားတို့ရန်ပုံငွေပွဲကအပြန် အအေးမိသွားတာလေ... ကျောင်းမသွားဘဲ တစ်ရက်နားလိုက်ဖို့ပြောတာကို ရပါတယ်တဲ့... သောကြာနေ့တစ်ရက်တည်း ကျန်တော့တာဆိုတော့ စနေ တနင်္ဂနွေမှ ပေါင်းနားလိုက်မယ်ဆိုပြီး မာန်တင်းပြီး သွားတာလေ... ညနေ ကျောင်းက ပြန်လာတော့ ဖျားပါလေရော"
"နှင်းကလည်းကွာ...ဒီလောက်ချူချာတာကို ပေသွားရလား"
"နေမကောင်းဘူးဆိုတော့ အားငယ်နေရှာမှာ...သား သွားပြီး ဂရုစိုက်ပေးလိုက်ဦး"
"ဟုတ်...အောင်မြတ်ကရော??"
"သူကတော့ နှင်းအနားကကို မခွာဘူး... နှင်း နှာစေးကတည်းက တစ်နှင်းတည်းနှင်းနေတာနဲ့ သူ့တစ်ယောက်တည်း အေးခဲနေတော့မှာ"
မေမေကတော့ ကိုယ့်စကားကိုယ် သဘောကျစွာ ပြုံးလိုက်မိပေမယ့် သူကတော့ မပြုံးနိုင်ပါ။ သူငယ်ချင်းဖြစ်တဲ့ အောင်မြတ်ကတောင် နှင်းကို သူ့ထက် နွေးနွေးထွေးထွေး ဆက်ဆံပေးသည်။ သူကတော့ ချစ်သူလို့သာ နာမည်ခံထားသည့် သူစိမ်းသာသာ ဖြစ်နေခဲ့သည်လေ။
'ကိုယ့်ဘက်က လစ်ဟင်းခဲ့မိတာတွေအတွက် တောင်းပန်ပါတယ် နှင်းရယ်'