Unicode
အပိုင်း (၂၁)
"ပိုင်ထက်..."
ရှေ့ဆက်လိုက်မလာဘဲ နောက်မှာ ငိုင်ငိုင်လေး ရပ်ကျန်ခဲ့သည့် ပိုင်ထက်ယံဆီကို အောင်မြတ်က ပြန်လှည့်လျှောက်လာရင်း သူ့နာမည်ကိုခေါ်လိုက်တော့မှ သူလည်း သတိပြန်ဝင်လာသည်။ အောင်မြတ်ကိုကြည့်လိုက်တော့ သူ့ကို အဓိပ္ပာယ်အပြည့်ပါသော မျက်လုံးများဖြင့် ကြည့်နေလေရဲ့။
"မင်း သူ့ဆီ ပြန်သွားလိုက်ပါ"
"ဒါပေမယ့် နှင်းကို လိုက်ပို့..."
"နှင်းကိုယ်တိုင် ပြန်ခိုင်းလိုက်တာ... သူက ငါနဲ့အတူပြန်မှာမို့ စိတ်မပူနဲ့တဲ့"
အောင်မြတ်စကားကြောင့် သူ နှင်းကိုလှမ်းကြည့်လိုက်တော့ နှင်းက သူတို့ကိုကြည့်မနေဘဲ ကျောပေးထားသည်။
"အောင်မြတ်..ငါ..."
"ရတယ် ပိုင်ထက်...မင်း သူ့ဆီကို စိတ်ဖြောင့်ဖြောင့်သွားပါ... သူ မင်းကို လိုအပ်နေမယ်ထင်တယ်"
"အင်း...ဒါဆို ငါသွားတော့မယ်"
ပြောပြောဆိုဆို ချာခနဲ လှည့်ပြေးသွားသော ပိုင်ထက်ယံကို ကြည့်ပြီး အောင်မြတ် သက်ပြင်းတစ်ရှိုက်ကို ကျိတ်ချလိုက်ရသည်။
"ခြူးက မင်းအတွက် အဲ့လောက်တောင် အရေးပါတာလား ပိုင်ထက်ရယ်"
နှင်းကို လှမ်းကြည့်လိုက်တော့ နှင်းက အနွေးထည်ပင် ဝတ်ပြီးနေပြီ။ သူမမျက်နှာပေါ်မှ အပြုံးဖျော့ဖျော့က ရင်ထဲက နာကျင်မှုကို တမင်ဖုံးကွယ်ထားမှန်း သိသာနေပါသည်လေ။⭐⭐⭐⭐⭐⭐⭐⭐⭐⭐
သူ ခန်းမထဲကို ပြန်ဝင်သွားတော့ သူစိုးရိမ်နေခဲ့တဲ့အတိုင်းပင်။ မင်းဝဏ္ဏနဲ့ ခြူး တွေ့နေရုံတင် မဟုတ်။ မင်းဝဏ္ဏက သူနဲ့ခြူးရဲ့ပတ်သက်မှုကိုလည်း အားလုံးကို ထုတ်ပြောလိုက်ပြီလေ။ ခြူးကတော့ ရွှေရည်မိုးနဲ့ မင်းဝဏ္ဏကြားမှာ မျက်လုံးစုံမှိတ်ရင်း ငြိမ်သက်နေတော့ ပို၍ စိတ်ပူမိသွားသည်။
ဒါကြောင့် သူတို့အနားကို အမြန်သွားပြီး ခြူးကို သူတို့ ၂ ယောက်ကြားမှ ဆွဲထုတ်လိုက်မိသည်။ သူဆွဲတာ အားများသွား၍ ခြူးကိုယ်လေး ယိုင်ကျလာသည်ကို ထိန်းပေးလိုက်ကာမှ ရင်ခွင်ထဲ ဆွဲသွင်းသလို ဖြစ်သွားတော့ ဝဲဘက်ရင်အုံက မြည်သံတဒုန်းဒုန်းဖြင့် အချက်ပြလာသည်။
"အားလုံးပဲ သေချာနားထောင်ပေးပါ... မင်းဝဏ္ဏပြောတာက တချို့တလေတော့ မှန်ပါတယ်... ဒါပေမယ့် သူတို့ရဲ့ပတ်သက်မှုက ကောလာဟလတွေလောက်ထိတော့ မနီးစပ်ခဲ့ကြပါဘူး... အပျော်စုံတွဲတွေလို ခဏတာသာ ရိုးရိုးသားသား တွဲခဲ့ကြတာ ဖြစ်ပါတယ်"
ခြူးနဲ့ မင်းဝဏ္ဏ ရိုးရိုးသားသားပဲ တွဲခဲ့ကြတယ်ဆိုတာကို ဘယ်သူမှမယုံဘူးဆိုရင်တောင် သူကတော့ အမှန်တရားကိုသိနေသူမို့ ခြူးဘက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပြီး အားလုံးကို အသိပေးလိုက်တော့သည်။
"အစ်ကိုတို့...တစ်ဆိတ်လောက်"
စပ်စပ်စုစုနိုင်လှတဲ့ မိန်းကလေးတစ်ဦးကပါ သူတို့ကိစ္စထဲ ဝင်ပါလာတာမို့ သူ အမြန်ရှောင်ထွက်ဖို့ ကြိုးစားရတော့သည်။
"ဒီက အစ်ကို့နာမည်က..."
"ဆောရီး...ကိုယ်တို့ ပြန်တော့မှာမို့... လာ..ဆူး"
ခြူးလက်ကိုဆွဲပြီး ထိုနေရာမှ အမြန်ထွက်လာရတော့သည်။ တော်ပါသေးရဲ့။ ခြူးက သူ့ကို ငြင်းဆန်တာမျိုးတွေ၊ ရုန်းရင်းဆန်ခတ်ပြုတာတွေ မလုပ်ဘဲ အသာတကြည် လိုက်လာပေလို့။
နောက်မှာ ဘယ်လိုတွေဖြစ်ကျန်ခဲ့လဲဆိုတာကို ဂရုပြုမနေတော့ဘဲ ဆိုင်ကယ်စတန်းဘက်ကို ထွက်လာခဲ့လိုက်သည်။
"ဆောရီး ဆူး"
ခြူးလက်ကို ခုထိ ကိုင်ထားဆဲဆိုတာကို သတိပြုမိတော့မှ အမြန်လွှတ်ပေးရင်း တောင်းပန်စကား ဆိုလိုက်မိသည်။
"ဆူး..ပြန်တော့မလား"
"..."
"ကိုယ် တမင်ဝင်ပြောတာ မဟုတ်ပါဘူး... ဆူး အခက်အခဲ ဖြစ်နေတယ်ထင်လို့ ဝင်ပါလိုက်မိတာပါ"
"ကျေးဇူးတင်ပါတယ်"
"ဟင်"
သူက ခြူးစိတ်ဆိုးသွားသည်အထင်နဲ့ ရှင်းပြနေမိပေမယ့် ခြူးဆီကထွက်လာတဲ့ တိုးလျလျစကားသံကြောင့် ကြောင်အမ်းအမ်းဖြစ်သွားရသည်။
"ကျေးဇူးတင်ပါတယ် ကိုပိုင်ထက်ယံ... ရှင်သာ ရောက်မလာရင် ကျွန်မ သူတို့ ၂ ယောက်ကြား အခက်တွေ့နေရမှာ"
ခြူးပုံစံက အားအင်တွေ ကုန်ခမ်းနေသည့်နှယ်။ အသံက အရင်လို ခပ်ပြတ်ပြတ်ထွက်လာပေမယ့် ပုံမှန်ထက် တိုးလျနေတာကြောင့် ရင်ပူရပြန်သည်။
"အပြင်မှာ အေးတယ်"
ဆိုင်ကယ် toolbox ထဲမှ သူဝတ်ဖို့ယူလာတဲ့ ဂျာကင်အညိုရောင်ကြီးကို ခြူးကိုယ်ပေါ် လွှမ်းခြုံပေးလိုက်သည်။
"ဆူး..အိမ်ပြန်တော့မလား..ကိုယ်နဲ့အတူ ပြန်လိုက်ခဲ့မလား"
ခြူး ခေါင်းကို အသာညိတ်ပြလိုက်တော့ သူက ဆိုင်ကယ်ကို သွားထုတ်လာသည်။
"ရှင်ရော မအေးဘူးလား...ဒီတစ်ထပ်တည်းနဲ့"
"ရပါတယ်...အရင်ကလည်း ဒီလိုစီးဖူးတယ်"
တကယ်တော့ မစီးဖူးပါ။ သို့သော်လည်း ခြူး သူ့အတွက် စိတ်ပူနေမှာစိုးသဖြင့် တမင် မုသားသုံးလိုက်ခြင်းဖြစ်သည်။
ဆိုင်ကယ်စက်နှိုးတော့ ခြူးက နောက်ခုံပေါ် အသာတက်ထိုင်လာသည်။ ဒီတစ်ခါတော့ ဂါဝန်နဲ့မို့ ဘေးတစောင်းသာ ထိုင်လိုက်တော့သည်။
"ရပြီ"
ခြူးဆီက အချက်ပေးသံကြားတာနဲ့ သူလည်း မောင်းထွက်လာလိုက်သည်။ အရင်တစ်ခါတွေလို သူ့ခါးကို မဖက်တော့သလို သူ့ကျောပေါ်လည်း ပါးမအပ်တော့ပါ။
ဆောင်းညရဲ့ချမ်းစိမ့်စိမ့်လေအေးနဲ့ ကြာကြာထိတွေ့မိတော့ သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းလာသလို လက်တွေလည်း ထုံကျင်ကိုက်ခဲလာသည်။ သို့ပေမယ့် ခြူးပါလာတယ်ဆိုတဲ့စိတ်နဲ့ ဆိုင်ကယ်ကို ဘေးမဖြစ်အောင် ထိန်းမောင်းလာလိုက်မိသည်။
"ကိုပိုင်ထက်ယံ..."
"ပြောလေ ဆူး"
တစ်ချိန်လုံး အသံတိတ်လိုက်လာတဲ့ ခြူးဆီမှ ခေါ်ထွက်လာတော့ သူလည်း အသံပြန်ပြုလိုက်သည်။
"ဆိုင်ကယ်ရပ်ပေးပါ"
"ဟင်..!!ဘာလို့လဲ...ရောက်ဖို့ အများကြီးလိုသေးတယ်"
"အဲ့ဒါကြောင့် ရပ်ခိုင်းတာ"
ခြူးဆိုလိုချင်တာကို သဘောမပေါက်ပေမယ့် ပြောတဲ့အတိုင်း ဆိုင်ကယ်ကို လမ်းဘေးကပ်ပြီး ရပ်ပေးလိုက်သည်။
ခြူးက ဆိုင်ကယ်ပေါ်မှ စွေ့ခနဲဆင်းပြီး သူမကို ခြုံပေးထားတဲ့ ဂျာကင်ကိုပြန်ချွတ်၍ သူ့ထံ ကမ်းပေးလာသည်။ သူကတော့ ဆိုင်ကယ်ပေါ် ထိုင်နေလျက်မှ ခြူးကို နားမလည်သလိုလေး ကြည့်လိုက်မိသည်။
"ဆူး ဝတ်ထားလေ"
"ကျွန်မက အနောက်မှာထိုင်လိုက်တဲ့သူ.. အရမ်းမအေးဘူး... ဒါပေမယ့် ရှင်ကတော့ အေးလို့မဖြစ်ဘူးလေ"
ပြောပြောဆိုဆို ဆိုင်ကယ်လက်ကိုင်ကို ကိုင်ထားတဲ့ သူ့လက် ၂ ဖက်လုံးကို သူမရဲ့လက်ဖဝါးလေးနဲ့ လာစမ်းသည်။ ပြီးတော့ သူ့ပါးပြင်ကိုလည်း ဆက်ခနဲ လာကိုင်ကြည့်ပြီး ချက်ချင်းပင် လက်ပြန်ရုတ်သွားသည်။
"တစ်ကိုယ်လုံး အေးစက်နေတာကို ပေမောင်းမလို့လား... ဝတ်ထားပါ... ကြာရင် ရှင့်တစ်ကိုယ်လုံး တောင့်ခဲသွားလိမ့်မယ်"
စိုးရိမ်မှုတွေရောပြွန်းနေတဲ့ ခြူးရဲ့တိုက်တွန်းစကားကြောင့် သူ ဆက်မငြင်းတော့ဘဲ ဂျာကင်ကိုယူကာ ဝတ်လိုက်တော့သည်။ ခြူးဝတ်ထားလို့ ကျန်ခဲ့တဲ့အနွေးဓာတ်က ဂျာကင်မှတစ်ဆင့် သူ့နှလုံးသားထဲအထိ ကူးစက်လာသည်။
"ရပြီ..သွားမယ်"
ဇစ်ဆွဲပြီးပြီဆိုတာနဲ့ ခြူးက ပြန်မောင်းဖို့ အချက်ပြလာသည်။ ခြူးက သူ့ကို စိတ်ပူနေခဲ့တာပဲ။
ဆိုင်ကယ်မောင်းထွက်လာရင်း ခဏကြာတော့ ခြူးကိုယ်လေးက သူ့ကျောပြင်နဲ့ထိကပ်လာသည်။
"ဆူး..အေးလို့လား"
"နည်းနည်းပါ...ရတယ်..ဘာမှမဖြစ်ဘူး... နောက်ဆို အပြင်သွားရင် အနွေးထည်ယူဖို့ မေ့လို့မဖြစ်တော့ဘူး"
ပြောပြောဆိုဆို သူမပါးပြင်လေးကို သူ့ကျောမှာ ကပ်ထားလိုက်ပြန်တော့ သူ ပြုံးလိုက်မိသည်။ အရင်လို ခါးကို ဖက်မလာတဲ့အတွက်တော့ အံ့သြမိသည်။
'အင်းလေ...အရင်လို ကြောက်စရာလည်း မရှိသလို စိတ်အနှောင့်အယှက်ပေးမယ့်လူလည်း ရှိမှမရှိဘဲ'
ကိုယ့်အတွေးနဲ့ကိုယ် ပြန်ဖြေသိမ့်ရင်း ဆိုင်ကယ်ကိုသာ အာရုံစိုက်၍ မောင်းလာလိုက်တော့သည်။
ခြံထဲ ဆိုင်ကယ်ဝင်လာတော့ မိဖြူက အပြေးလာကြိုရှာသည်။
"ဖြူလေးက လိမ္မာလိုက်တာ...ဒီအချိန်အထိ မအိပ်သေးဘဲ သူ့သခင်ကို စောင့်နေတယ်"
"ဖြူလေး.??ဟုတ်လား"
ဆိုင်ကယ်ကို ဂိုထောင်ထဲသွင်းပြီး ပြန်ထွက်အလာ မိဖြူကို ပွတ်သပ်ပေးရင်း စကားတွေဆိုနေတဲ့ခြူးကြောင့် အံ့သြရပြန်သည်။
"ဟုတ်တယ်...ကျွန်မပေးထားတဲ့နာမည်လေ...ကိုပိုင်ထက်ယံတော့ ဘယ်လိုခေါ်လဲ မသိဘူး"
"အင်း..ကိုယ်တော့ မိဖြူလို့ပဲ ခေါ်တယ်"
"သိပ်မကွာပါဘူး...ဖြူလေးဆိုတော့ ပိုပြီးနူးညံ့သွားတာပေါ့"
နာမည်ကိုတောင် အနုအရင့်ခွဲခြားပြနေတဲ့ ခြူးပါလေ။
"ဆူး..အထဲဝင်တော့လေ...အပြင်မှာ အေးတယ်"
"ဟုတ်"
ပြောစကားနားထောင်တဲ့ ကလေးငယ်တစ်ယောက်လို မိဖြူကို တာ့တာပြရင်း တိုက်ထဲသို့ ဝင်သွားတော့သည်။ ခြူးအပြုအမူကြောင့် ပြုံးရင်းကျန်ခဲ့သူက ပိုင်ထက်ယံပါလေ။