Unicode
အပိုင်း (၁၃)
မားက ဖုန်းဆက်ခေါ်လိုက်သဖြင့် ခြူး မားအိမ်သို့ ထွက်လာခဲ့လိုက်သည်။
"မား..."
အိမ်ထဲ၀င်လာသည်အထိ မားကိုမတွေ့ရတာကြောင့် အသံပြုရင်း လိုက်ရှာရတော့သည်။
"ခြူး..."
"ဟာ..မားရယ်...ခြူးခေါ်နေတာဖြင့် ကြာလှပြီ...မားက ဘယ်က ထွက်လာတာလဲ"
"လာ...မားနဲ့ ခဏလိုက်ခဲ့"
"ဟင်..ဘယ်လဲ"
"လာပါ"
မားက လက်ဆွဲခေါ်သွားသဖြင့် ခြူးလည်း မားခေါ်ရာနောက်ကို ပါသွားရတော့သည်။
ကျီ.....
တံခါးဖွင့်သံလေးနဲ့အတူ တိတ်ဆိတ်မှောင်မိုက်နေသော အခန်းလေးက ဆီးကြိုနေသည်။ သို့သော်...
"ဟင်!!..."
အခန်းလေးရဲ့အလယ်မှာ မီးဝါဝါလေးတွေက ကကြိုးဆင်နေကြသည်။
"Happy birthday သမီးလေး...မား အချိန်ကိုက်လုပ်ပေးချင်ခဲ့ပေမယ့် ခရီးလွန်နေလို့ မွေးနေ့ကိတ်ကို နောက်ကျပြီးမှ လုပ်ပေးဖြစ်သွားတယ်"
"မားရယ်..."
အခန်းလေးထဲကို ဖြည်းညင်းစွာ ၀င်လာခဲ့တော့မှ ဖယောင်းတိုင်သေးသေးလေး ၂၄ ချောင်းကို ကိတ်လေးမှာ စိုက်ထူထားမှန်း သိလိုက်တော့သည်။
°°ခြူးရဲ့ ၂၄ နှစ်ပြည့် မွေးနေ့°°
ကိတ်လေးမှာ cream နဲ့ ရေးထားတဲ့ စာလုံးလှလှလေးတွေ။
"ဒါကို မားကိုယ်တိုင် လုပ်ထားတာလား"
"အင်း"
အခန်းက မှောင်နေဆဲမို့ မားရှိမယ့်နေရာကို ခန့်မှန်းရင်း လှမ်းမေးလိုက်သည်။
"ဒီနှစ်လည်း cream တွေကို ခိုးစားတဲ့သူမရှိတော့ဘူးနော်"
"သမီးရယ်~~"
ခြူးက ဆွေးဆွေးလေး ပြောလိုက်တော့ မားက ရင်နင့်စွာ ရေရွတ်လိုက်ပြန်သည်။
"သမီး..ဖယောင်းတိုင်တွေ မကုန်ခင် မှုတ်လိုက်တော့လေ"
လှမ်းပြောလိုက်တဲ့ မားအသံတွေက တုန်ယင်နေသည်။ မားက အခန်း၀မှာပဲ ရပ်နေသေးတာပါ။ ခြူးမီးမှုတ်ပြီးတာနဲ့ မီးခလုတ်ကို ဖွင့်ဖို့အတွက်လေ။
ဘယ်သူမှ ♬happy birthday to you♬ ဆိုပြီး သီချင်းမဆိုကြသလို လက်ခုပ်လည်း မတီးမိကြပါ။
တိတ်ဆိတ်နေတဲ့အခြေအနေမှာ ခြူးရဲ့ဖယောင်းတိုင်မီးမှုတ်သံ တဖူးဖူးကိုသာ ကြားနေရလေသည်။
ဖယောင်းတိုင်မီးငြိမ်းသွားတော့ မားက မီးခလုတ်ဖွင့်လိုက်တာကြောင့် တစ်ခန်းလုံး လင်းထိန်သွားသည်။
"ဒါ..ဒါ..ရှင်းအခန်း..."
ခြူး တုန်တုန်ယင်ယင် ရေရွတ်လိုက်ရင်း မားကို လှမ်းကြည့်တော့ မားမျက်၀န်းတွေက စိုနေသေးသည်။ သေချာပါပြီ။ ခုနက အမှောင်ထဲမှာ မား ငိုနေခဲ့တယ်ဆိုတာ။
"မား~~"
ခြူး မားကို ပြေးဖက်ရင်း မျက်လုံးကို စုံမှိတ်ထားလိုက်သည်။
"ဒါကြောင့် မွေးနေ့ပွဲကို မလုပ်ချင်တာ... မားရယ်..ခြူးအတန်တန်ပြောထားရက်နဲ့ ဘာလို့လုပ်ခဲ့တာလဲ"
ဘယ်သူက သတိမရဘဲ နေနိုင်မှာလဲ။ ခြူးအတွက် မွေးနေ့ကိတ်လုပ်ပေးတိုင်း ရှင်းတစ်ယောက် ဘေးကနေ တစ်မျိုးမဟုတ်တစ်မျိုး လိုက်စနောက်တာ။
ကိတ်မှာ cream နဲ့ စာလုံးရေးပြီးတိုင်း cream တွေကို ခိုးစားတတ်တဲ့ရှင်းကြောင့် ဖယောင်းတိုင် မှုတ်ခါနီးဆို စာလုံးတွေ ပျောက်သွားတတ်တာ။
ရှင်းအခန်းလေးထဲမှာပဲ မွေးနေ့ကိတ်ခွဲပြီး cream တွေနဲ့ မျက်နှာတွေကို လိုက်သုတ်တတ်တာ။ ဒါတွေကြောင့် ခြူးမွေးနေ့တိုင်းမှာ ရှင်းက ၀မ်းနည်းဖွယ် အမှတ်တရအဖြစ်
ရှင်သန်နေခဲ့လေသည်။
"သမီးရယ်...မား..သားလေးကို သတိရလိုက်တာ"
"မားရယ်~~"
ဘယ်လိုနှစ်သိမ့်ပေးရမှာလဲ။ သူမကိုယ်တိုင်ကလည်း ငိုနေမိတာမို့ မားကို "မငိုပါနဲ့..ခြူးတစ်ယောက်လုံး ရှိပါသေး
တယ်" လို့ ပြောပေးရမှာလား။
မားကိုဖက်ထားရင်း မျက်ရည်တွေနဲ့ အဖော်ပြုပေးရုံက လွဲလို့ သူမ ဘာမှမတတ်နိုင်တော့ပါ။