Unicode
အပိုင်း (၁၅)
တီတီတီတီ!!...တီတီတီတီ!!!... တီတီတီတီ!!....
"အွန်..အင်း..."
အာပြဲနေတဲ့နာရီနှိုးစက်ကို ပိတ်လိုက်ပြီး အပျင်းကြောဆန့်ကာ တစ်ချက် သမ်းဝေလိုက်သည်။
အချိန်နဲ့အချိန် အလုပ်သွားရမှာဆိုတော့ အရင်လို အိပ်ရာထနောက်ကျလို့ မရတော့တာကြောင့် နှိုးစက်ပေးထားရခြင်း ဖြစ်သည်။ အိပ်ရာပေါ်က ဆင်းလာတဲ့အထိ ခြူးမျက်လုံးတို့ ပွင့်မလာသေးပါ။
ဒိန်း!!!....
"အ!!.."
မျက်စိစုံမှိတ်ပြီး သွားနေတာကြောင့် ရေချိုးခန်းတံခါးနဲ့ နဖူးက မိတ်ဆက်မိသွားသည်။ တိုက်မိတဲ့အရှိန်ကြောင့် ပူထူသွားတဲ့နဖူးလေးကို ပွတ်ရင်း ရေချိုးခန်းထဲဝင်ကာ
မျက်နှာသစ်၊ သွားတိုက်၍ ရေပါ တစ်ခါတည်း ချိုးလိုက်တော့သည်။
"ဝှါး....."
မနေ့က တစ်နေကုန် ပင်ပန်းထားတဲ့အရှိန်က မပြေသေးတာကြောင့် ခုထိ အိပ်ချင်နေသေးသည်။
ဗိုက်လေးကိုပွတ်ရင်း ထမင်းစားခန်းထဲကို ဝင်လာခဲ့ပေမယ့် တစ်ယောက်တည်းနေတာမို့ စားစရာဆိုတာ အဆင်သင့် မရှိ။
"ဟင်း......ဟိုတစ်နေ့ကမှ ဝယ်ထည့်ထားတာကို ကုန်သွားပြန်ပြီ"
ကြက်ဥတစ်လုံးတည်းသာ ကျန်ရှိတော့သော ရေခဲသေတ္တာထဲကိုကြည့်ရင်း စိတ်ညစ်စွာ ညည်းတွားလိုက်မိသည်။
"တော်ပါပြီ...အပြင်မှာပဲ စားလိုက်တော့မယ်"
မနက်စာမစားတော့ဘဲ အဝတ်အစားလဲဖို့ အခန်းထဲကိုပြန်ဝင်အလာ ဝရန်တာမှအဖြတ် နှာခေါင်းထဲဝင်လာတဲ့ အနံ့တစ်ခုကြောင့် နှာခေါင်းလေးကို တရှုံ့ရှုံ့လုပ်ရင်း အနံ့ခံကြည့်လိုက်မိသည်။
"ဟာ..ပေါင်မုန့်ကြက်ဥကြော်"
ဂွီ!!...
ပါးစပ်ကပဲ ရေရွတ်လိုက်တာ မဟုတ်။ ဗိုက်ကလည်း အစာလိုနေပြီဖြစ်ကြောင်း အချက်ပြလာလေသည်။
"ဘာလို့ အဲ့လောက် မွှေးနေရတာလဲ... ငါကြော်ရင်တောင် ဒီလောက် မမွှေးဘူး... ဟူး.....ဗိုက်ဆာလိုက်တာ"
စိတ်ပျက်စွာ ရေရွတ်ပြီး ဗိုက်လေးကိုပွတ်ရင်း အခန်းထဲကို ဝင်ကာ အဝတ်အစားလဲရတော့သည်။
ခြူးက မျက်နှာကို သိပ်ပြီးပြင်ဆင်လေ့မရှိ။ အလုပ်သွားမှာမို့ အောက်ခံမိတ်ကပ်ကို ပါးပါးလူး၍ နှုတ်ခမ်းနီအဆီတောင့်လေးကို ဆိုးလိုက်ရုံသာ။ ဘယ်လိုပဲနေနေ လှနေသော သူမမျက်နှာလေးက မိတ်ကပ်အရောင်ကြောင့် မှုန်ညက်သွားလေသည်။
"ဟယ်လို...ဦးလေးစိန်..ရောက်ပြီလား"
"_ _ _ _ _"
"ဟုတ်ပြီ...ကျွန်မ ဆင်းလာတော့မယ်"
ဦးစိန်တင်က အောက်ထပ်မှာ ကားထုတ်ပြီး စောင့်နေသည်မို့ ခြူးလည်း စလင်းဘတ်ကိုလွယ်ကာ အောက်ထပ်ကို ဆင်းလာလိုက်တော့သည်။
ဟိုနေ့ညကအဖြစ်အပျက်ကြောင့် ခြူး ဘယ်သွားသွား ဦးစိန်တင်ကိုသာ မောင်းပို့ခိုင်းဖို့ ဆုံးဖြတ်လိုက်တော့သည်။ ဒီလိုဆုံးဖြတ်လိုက်တာက ပိုင်ထက်ယံရဲ့ "ဘယ်ကိုမှ တစ်ယောက်တည်း မသွားပါနဲ့" ဆိုတဲ့ သတိပေးစကားကြောင့်များလား။
"ဟွန့်..မဟုတ်ပါဘူး...ငါ့ဟာငါ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချလိုက်တာ... သူ့ကြောင့် မဟုတ်ပါဘူး...ငါ ဘယ်တုန်းက
သူများပြောစကားကို လိုက်နာဖူးလို့လဲ"
"ဆူး...ခဏ..."
"ဟင်!.."
ကားဆီကိုလျှောက်သွားရင်း သူ့အကြောင်းကို တွေးမိသွားတာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေတုန်း
ထင်မှတ်မထားတဲ့ခေါ်သံတစ်ခုကြောင့် ခြူးခြေလှမ်းတို့ တုံ့ခနဲ ရပ်တန့်သွားသည်။ တစ်ဆက်တည်းမှာပဲ အသံရှင်ကို လှည့်ကြည့်လိုက်မိလေသည်။
"သြော်...ကိုပိုင်ထက်ယံ...ဘာကိစ္စရှိလို့လဲ မသိဘူးနော်"
"ဆူး လမ်းမှာ စားသွားရအောင်... အစောကြီးသွားရတာဆိုတော့ မနက်စာမစားရသေးဘူး ထင်လို့ပါ"
"ဟင်!!..."
သူ့လက်ထဲမှာကိုင်ထားတဲ့ ပလတ်စတစ်ဘူးလေးကို ခြူးလက်ထဲထည့်ရင်း ပြောလာတော့ ခြူးမှာ ကြောက်အမ်းအမ်းလေး ဖြစ်သွားရသည်။
"ဘူးကိုတော့ နောက်မှပဲ ပြန်ယူတော့မယ်"
ပြောပြောဆိုဆို သူက ခြူးထက်အရင် ခြံထဲမှ ထွက်သွားတော့သည်။ သူလည်း အလုပ်ကို စောစောသွားရသည်လေ။
"စားကောင်းပါစေ ခြူး"
သူ့နောက်မှာ ကြောင်တောင်တောင်လေးရပ်ကျန်ခဲ့တဲ့ ခြူးကို တစ်ချက်လှည့်ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ သူ့နှုတ်ခမ်းမှာတော့ ချိုသာတဲ့ အပြုံးတစ်ပွင့်က တင်ကျန်လျက်။
ခြူး ဘူးလေးကို ဖွင့်ကြည့်လိုက်တော့ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဘူးလေးထဲမှာ အစီအရီထည့်ထားတာက စားချင့်စဖွယ် ပေါင်မုန့်ကြက်ဥကြော်လေးတွေ။
သကြားလေးတွေကို ခပ်ပါးပါးဖြူးထားပြီး ခက်ရင်းသေးသေးလေးပင် တပ်ထားသေးသည်။ မွှေးပျံ့လွန်းတဲ့အနံ့လေးကြောင့် ဗိုက်ထဲက ဂွီခနဲ မြည်သွားပြန်သည်။
"ဦးလေးစိန်...KM ကိုပဲ တန်းသွားလိုက်ပါ"
"ဆူး..မနက်စာ မစားတော့ဘူးလား"
"ဒီမှာလေ..ဦးလေးစိန်ရော စားဦးမလား"
"ဆူး..ဆူးပဲ စားပါ...ကျွန်တော်က အိမ်က စားခဲ့ပြီ"
"အင်း...အာ့ဆို မောင်းတော့"
ခြူး သူမလက်ထဲကဘူးလေးကို မြှောက်ပြလိုက်တော့ ဦးစိန်တင်ပင် အံ့သြသွားရသည်။ ခြူးက ကားပေါ်မှာ တစ်ခါမှ အစားမစားဖူးဘူးလေ။ ခုတော့ဖြင့် ဘူးလေးထဲက ပေါင်မုန့်တစ်ချပ်ကိုယူပြီး မြိန်ရေရှက်ရေစားနေလေသည်။
"အင်း..စားလို့ကောင်းတယ်"
ပြန်လိုက်ပေးရင် ရရဲ့သားနဲ့ သူမဒီဘူးလေးကို လက်ခံခဲ့မိသည်။ သူစိမ်းကျွေးတာဆို ရေတောင် မသောက်ဖူးသော သူမက ခုတော့ဖြင့် သူပေးတဲ့ပေါင်မုန့်ကြက်ဥကြော်ကို တစ်ချပ်ပြီးတစ်ချပ်စားနေလိုက်တာ ဘူးတစ်ဝက်ပြောင်သွားလေသည်။
"ဦးလေးစိန်..ကားယူသွားလိုက်တော့... ညနေကျ ဖုန်းကြိုဆက်လိုက်မယ်နော်... လာကြိုပေးဦး"
"ဟုတ်ကဲ့"
ဦးစိန်တင်ကို မှာထားခဲ့ပြီး ကားပေါ်မှ ဆင်းလာလိုက်တော့ ဘေးကပ်လျက်မှာ လာရပ်တဲ့ကားထဲမှ ဆင်းလာသူ ရွှေရည်မိုးနဲ့ မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
ခြူးကိုမြင်တော့ ရွှေရည်မိုးရဲ့မျက်လုံးထဲမှာ သူမကို မလိုလားတဲ့ အရိပ်အယောင်တွေကို တွေ့နေရသည်။ ဒါက တွေ့နေကျမို့ မထူးဆန်းတော့ပါ။ သို့သော် သာမန်ထက်စူးရှနေတဲ့ ရွှေရည်မိုးအကြည့်တွေကြောင့် ခြူးရဲ့ဆဋ္ဌမမြောက်အာရုံက တစ်ခုခုကို စိုးရိမ်နေမိသည်။
"Morning, ရွှေရည်မိုး"
ခြူးက ပြုံးပြီး နှုတ်ဆက်လိုက်ပေမယ့် ရွှေရည်မိုးကတော့ ခြူးကို မျက်စောင်းခဲရင်း ထိုနေရာမှ ထွက်သွားတော့သည်။
"ဟက်..ဘာလား...ငါ့ကို အရင်လို ပြန်မရွဲ့တော့ပါလားဟ"
ခြူးမှာသာ အတွေးပေါင်းစုံနဲ့ ထိုနေရာမှာ ရပ်ကျန်ခဲ့လေသည်။
"ဘာဖြစ်နေတာလဲ ရွှေရည်မိုး... နင့်အကြည့်တွေက တစ်ခုခုတော့ တစ်ခုခုပဲ... ငါကရော ဘာကို စိုးရိမ်နေတာလဲ"