Ep 16

1.4K 79 0
                                    

Unicode

အပိုင်း (၁၆)

ခြူး လိုအပ်တဲ့ပစ္စည်းတွေကို luggage ထဲမှာ စုထည့်ပြီး အားလုံးပြည့်စုံပြီဆိုတာ သေချာတာနဲ့ အိပ်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

"ဟူး...မနက်က မနှုတ်ဆက်လိုက်ရဘူး"

ဝရန်တာဆီ အကြည့်ရောက်သွားတော့ တစ်ဖက်တိုက်က ပိုင်ထက်ယံကို နှုတ်ဆက်ချင်ပေမယ့် သူက အလုပ်သွားပြီလေ။

"ငါကလည်း ဘာတွေ လျှောက်စဉ်းစားနေပါလိမ့်... တကယ်ဆို သူရယ်ငါရယ်က အဲ့လောက်လည်း ရင်းနှီးကြတာ မဟုတ်ဘဲနဲ့... သူ့ကို ဘာလို့ ခေါင်းထဲထည့်ထည့်နေမိပါလိမ့်...ဟူး....."

တစ်ယောက်တည်း စကားပြောလိုက်၊ ခေါင်းခါလိုက်လုပ်ရင်း တိုက်ခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

တင်!!...

ဓာတ်လှေကားတံခါးပွင့်သွားသဖြင့် ခေါင်းငုံ့စီးလာရာမှ အပြင်ထွက်ဖို့ ရှေ့ကိုမော့ကြည့်လိုက်တော့ သူမမျက်လုံးလေးများ ဝိုင်းစက်သွားသည်။

"ကိုပိုင်ထက်ယံ..."

"သြော်..ဆူး"

"ဒီဘက်တိုက်ကို ဘာကိစ္စနဲ့..."

သူ့ပုံစံက အမောတကောနဲ့ အလောကြီးနေသည့်ပုံ။

"ကိုယ့်လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ၃ လွှာမှာ နေတာ... သူ့ဆီမှာ ပစ္စည်းဝင်ယူစရာလေးရှိလို့"

"သြော်..ဟုတ်...ဝင်လေ"

ခြူးကိုယ်တိုင်က ဓာတ်လှေကားထဲမှထွက်လိုက်ပြီး သူ့ကို ဝင်စေလိုက်သည်။ သူက သွားမယ့်အထပ်ကို နှိပ်ထားလိုက်ပြီး တံခါးပြန်အပိတ်ကို စောင့်နေလေသည်။ ခြူးကတော့ ဓာတ်လှေကားရှေ့မှာ ရပ်နေမိဆဲ။

"ကိုပိုင်ထက်ယံ..."

တံခါးက တစ်ဝက်လောက်ထိ ပိတ်နေပြီးမှ ခြူးခေါ်သံကြောင့် တံခါးကို ပြန်ဖွင့်လိုက်ရသည်။

"ပြောလေ ဆူး"

"ဟိုလေ..ကျွန်မ..ဟို..."

"ဆူး..ခရီးသွားမလို့လား"

"ဟုတ်..."

သူမဘက်က ထစ်ငေါ့ထစ်ငေါ့ ဖြစ်နေတာကို သူက ကူပြောပေးလိုက်တာကြောင့် ခြူး ကိုယ့်ကိုယ်ကိုယ် ကျိတ်၍ အပြစ်တင်မိလိုက်သည်။ သူနဲ့မှ စကားတွေ ထစ်နေရတယ်လို့။ ဒီလိုအဖြစ်မျိုး ခြူးရာဇဝင်မှာ မရှိခဲ့ဖူးပါ။

"မနက်က မနှုတ်ဆက်လိုက်ရလို့"

"အင်း"

"ဘယ်လောက်ကြာမှာလဲလို့ မမေးတော့ဘူးလား"

သူ ခေါင်းရမ်းပြလိုက်သည်။

"အဲ့လိုမေးရင် ခရီးက ပြောတဲ့အချိန်ထက် ပိုပြီးကြန့်ကြာတတ်တယ်တဲ့"

သူ့စကားကြောင့် ခြူး အလိုလို ပြုံးမိသွားသည်။

"ရှင်ကလည်း မိန်းမကြီးကျနေတာပဲ... ဒါမျိုးတွေကိုလည်း ယုံတာပဲလား"

"မယုံပေမယ့် ဆန့်ကျင်တာမျိုးတော့ မလုပ်ချင်ပါဘူး... သွားသမျှခရီးလမ်း ချောမွေ့ဖြောင့်ဖြူးပါစေ ဆူး"

"ပေးတဲ့ဆုအတိုင်း ပြည့်ပါစေ...ဒါဆို ကျွန်မ သွားပြီ"

"ကောင်းပါပြီ"

ခြူးဘက်က အရင် ကျောခိုင်းထွက်လာပြီးမှ သူ့ဆီကို နောက်ပြန်လှည့်ကြည့်မိတော့ သူကလည်း တစ်ဝက်လောက်သာပွင့်တော့သော တံခါး ၂ ချပ်ကြားမှ ခြူးကို ငေးကြည့်နေသည်လေ။

အကြည့်ချင်းဆုံသွားတဲ့အခိုက်အတန့်လေးမှာ ၂ ယောက်လုံးရဲ့နှုတ်က တစ်စုံတစ်ခုကို ပြောဖို့ရန် လှုပ်ရှားနေကြပေမယ့် ဘယ်သူ့ဆီကမှ စကားသံထွက်မလာကြပါ။

"အမြန်ပြန်လာပါ ခြူး"

သူတစ်ယောက်တည်း ဓာတ်လှေကားအတွင်းမှာ ခပ်တိုးတိုးရေရွတ်လိုက်လေတော့သည်။

"ကျွန်မလည်း မြန်မြန်ပြန်လာချင်တယ်"

ခြူး တစ်ယောက်တည်းရေရွတ်ရင်း luggage ကိုဆွဲကာ ဆက်လျှောက်လာလိုက်တော့သည်။

ခိုနားရာWhere stories live. Discover now