Unicode
အပိုင်း (၄)
"ဟယ်လို"
"_ _ _ _ _"
"ဗျာ!..ဟာ..ဟုတ်ကဲ့...ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်"
အလုပ်သွားခါနီး သမီးအတွက် သီးသန့်ငှါးထားတဲ့ special nurse ဆီမှ ဖုန်းဆက်လာသည်။ သမီး သတိပြန်ရလာပြီတဲ့။
ဆေးရုံကိုသွားတဲ့ လမ်းတစ်လျှောက်လုံးမှာ သူ့စိတ်တွေ ပျော်ရွှင်နေသည်။ သမီးလေး ခုလိုသတိရလာတဲ့အတွက် တကယ်ပဲ လေးလံနေခဲ့သမျှစိတ်တွေ ပေါ့ပါးသွားရသည်။
"သမီး"
အခန်းထဲကို ဝမ်းသာအားရ ဝင်သွားပြီး ခေါ်လိုက်ပေမယ့် သူ့ကိုကြည့်လိုက်တဲ့ ခြူးရဲ့အကြည့်တွေက အေးတိအေးစက်။
"ခြူး..ဖေဖေလေ...ဖေဖေ့ကို မှတ်မိတယ်မလား"
သမီးဆီက ဘာတုံ့ပြန်မှုမှ ရမလာ။
"ဆရာမ..သမီးအခြေအနေက..."
"ခုနက ဆရာဝန်ကြီး လာကြည့်ပေးသွားပါတယ်... ကလေးက ခုမှ သတိရကာစဆိုတော့ စိတ်က တည်ငြိမ်သေးမှာ မဟုတ်သလို အားလုံးကို ပြန်မမှတ်မိနိုင်
သေးဘူးတဲ့... နောက် ၂ ရက်လောက်ဆိုရင်တော့ အားလုံး ပုံမှန်ပြန်ဖြစ်လာမှာပါ"သူ စိတ်မောစွာသာ သက်ပြင်းချမိပါတော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သမီး ခုလိုသတိပြန်လည်လာတာကိုပဲ သူ့မှာ ဝမ်းသာနေမိပါသည်။
"သမီး..."
သမီးအနား အသာကပ်သွားရင်း ခုတင်ဘေးက ခုံတန်းလေးမှာ ဝင်ထိုင်လိုက်သည်။
"ဖေဖေ တောင်းပန်ပါတယ်...သမီးကိုဂရုမစိုက်မိလို့ ခုလိုတွေ ဖြစ်ခဲ့ရတာ"
"မေမေရော?"
"ဟင်!"
"မေမေနဲ့ တွေ့ချင်တယ်...မေမေ့ကို ခေါ်ပေး"
သတိရလာပြီး သူ့ကိုတွေ့တာနဲ့ ပထမဆုံးပြောလိုက်တဲ့စကားက မေမေနဲ့ တွေ့ချင်တယ်တဲ့လား။ ဒါကတော့ သူ့အတွက် ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်။ ပြီးပြိ်ီးသား
ဇာတ်လမ်းတစ်ခုကို ပြန်မစချင်တော့သလို ငယ်သေးတဲ့ သမီးလေးလည်း အချိန်တွေကြာလာရင် သူမရဲ့မေမေဆိုတာကို မေ့ပျောက်သွားနိုင်မှာပါလို့ သူ တစ်ထစ်ချ ယုံကြည်ထားမိသည်။
