Unicode
အပိုင်း (၇)
"ဒယ်ဒီ..ဒယ်ဒီ!"
"ဟော..အလန့်တကြားပါလား သမီးရယ်... ဘာဖြစ်ပြန်တာလဲ"
"ဒယ်ဒီ..ဒီမယ်ကြည့်"
ဖတ်လက်စ သတင်းစာကို စားပွဲပေါ်တင်လိုက်ပြီး ရွှေရည်မိုးပြတဲ့ tablet လေးထဲကို ကြည့်လိုက်သည်။
"ဖိနပ်လေးက လှသားပဲ သမီးရဲ့..လိုချင်လို့လား"
"ဟီး...ဒယ်ဒီက အာ့တွေကြောင့် ချစ်ဖို့ကောင်းနေတာ... နောက်တစ်ပတ် Sunday ကျရင် ပြိုင်ပွဲရှိတယ် ဒယ်ဒီရဲ့... အာ့ကြောင့် ဒီဖိနပ်လေးကို စီးပြီး က ချင်လို့...ဝယ်ပေးနော် ဒယ်ဒီ"
"ဟယ်...ဒီသားအဖ..ဘာတွေ အပေးအယူတည့်နေတာလဲ... သမီး..ဘာတွေပူဆာနေပြန်ပြီလဲ"
"မာမီကလည်း...ဖိနပ်လေးပဲ ပူဆာတာပါ... နော်.. ဟုတ်တယ်နော် ဒယ်ဒီ"
"ဟုတ်ပါတယ် ဒေစီရယ်...သမီးက ဖိနပ်ပဲ ပူဆာတာပါ"
"ဟုတ်ပါပြီ...ကို..ထမင်းစားလို့ရပြီ"
"အင်း..ခဏ"
ဦးစိုးမိုးနိုင်က ထိုင်ရာမှမထသေးဘဲ ရွှေရည်မိုးယူလာတဲ့ tablet ကို ဟိုပွတ်ဒီဆွဲ လုပ်နေသည်။
"ဒယ်ဒီ..သမီးကို နောက်ထပ်ဝယ်ပေးမလို့လားဟင်"
Online shop ကနေ ဝယ်တာမို့ ကိုယ့်စိတ်ထဲ လှမယ်ထင်တဲ့ဟာကို ရွေးနေရင်း ရွှေရည်မိုးအမေးကြောင့် ခေါင်းရမ်းပြလိုက်သည်။
"သမီးအတွက်က ရှိသွားပြီလေ...ခြူးလည်း ဝင်ပြိုင်မယ်ထင်တယ်...သူ့အတွက်ရော တစ်စုံလောက် ရှာကြည့်နေတာ"
သူ့စကားကြောင့် ဝမ်းသာအားရမေးနေတဲ့ ရွှေရည်မိုးမျက်နှာက ကွက်ခနဲ ပျက်သွားသလို သူ့ဘေးမှာထိုင်နေတဲ့ ဒေါ်ဒေစီကျော်မှာလည်း ပြုံးနေရာမှ မျက်နှာထားတင်းသွားသည်။"ကို..သူလိုချင်ရင် တောင်းလိမ့်မယ်ပေါ့... လိုချင်လား မလိုချင်လား မသိဘဲ စွတ်ဝယ်ပေးပြီးမှ မယူချင်ဘူးဆိုရင် အလကားဖြစ်ဦးမယ်"
"ဒေစီကလည်းကွာ...ဖိနပ်တစ်ရံ အလကားဖြစ်သွားလည်း ကိုယ့်အခြေအနေက မွဲသွားမှာမှမဟုတ်တာ... သမီးကိုလည်း ဝယ်ပေးချင်လို့ပါ..ဒီမယ်..ကြည့်ပါဦး... ဒီအနီလေးရော... မလှဘူးလား...သမီးက အနီကြိုက်တယ်လေ"