Ep 9

1.7K 95 2
                                    

Unicode

အပိုင်း (၉)

"ခြူး ပြိုင်ပွဲကို နင်နဲ့ အတူမသွားနိုင်တော့ဘူး"
      
"ဘာလို့လဲဟ"
      
ညကြီးမင်းကြီး ဖုန်းဆက်ပြောလာတဲ့ ရှင်းကို ခြူး နားမလည်စွာ ပြန်မေးလိုက်သည်။    
      
"မားက နက်ဖြန် ခရီးသွားဦးမှာတဲ့.. အဲ့ဒါ လေဆိပ်ကို လိုက်ပို့မလို့... အချိန်ကလည်း ပြိုင်ပွဲနဲ့ တိုက်နေတယ်...ဒါပေမယ့် ငါတို့အလှည့်မရောက်ခင် လာမှာပါ...နော်"
      
"အေးပါဟာ..မားကိုလည်း ပြောပေးဦး... ငါက နှုတ်ဆက်တယ်လို့"
      
"အင်း"
      
ဖုန်းထဲကကြားနေရတဲ့ ရှင်းအသံက တိုးလျနေသည်။ မား ခရီးသွားမည်ဆိုတိုင်း ရှင်း ဒီလို ဝမ်းနည်းနေကျပါ။ အမေတစ်ခု သားတစ်ခုမို့ မားမရှိတဲ့ရက်တွေမှာ သူတို့အိမ်မှာ ရှင်းတစ်ယောက်တည်း။ ခြူးက သူနဲ့ အဖော်လုပ်ပေးလို့ရပေမယ့်လည်း အချိန်တန်တော့ အိမ်ပြန်ရတဲ့သူမို့ ရှင်းအဖို့ အထီးကျန်မှုနဲ့သာ ကြီးပြင်းလာခဲ့ရရှာသည်။ ခုလည်း သူ တော်တော်ဝမ်းနည်းနေပေလိမ့်မည်။
      
ခြူးလည်း သက်ပြင်းရှည်တစ်ချက်ချရင်း ကောင်းကင်ယံမှာ ထိန်ထိန်သာနေတဲ့ လမင်းကြီးကိုသာ ငေးကြည့်နေလိုက်တော့သည်။

      ⭐⭐⭐⭐⭐⭐⭐⭐⭐⭐

လေထဲတွင် လှပစွာ လွင့်ပျံနေကြတဲ့ ဆပ်ပြာပူဖောင်းတွေနဲ့ slide မီးရောင်တဖြတ်ဖြတ်အောက်မှာ စတိတ်စင်ကြီးက ခမ်းနားစွာ တည်ရှိနေပေသည်။
      
ဖွင့်ထားတဲ့ သီချင်းမြူးမြူးတွေက မီးရောင်စုံတွေကို ပို၍ အသက်ဝင်နေစေသည်။ စင်ရှေ့တွင်တော့ ခုံတန်းတွေက စီလျက် တန်းလျက်။ စင်ပေါ်တွင်တော့ အစီအစဉ်တင်ဆက်သူ ၂ ယောက်က ပြိုင်ပွဲအစီအစဉ်တွေကို ဖတ်ကြားနေလေသည်။
      
"ရှင်း..မလာသေးဘူးလား...ပွဲစနေပြီဟ"
      
"ခဏစောင့်ပါ ခြူးရယ်..လေဆိပ်ကို ရောက်တော့မှာ.. ပြီးမှ ပြန်ဆက်လိုက်မယ်"
      
"အင်းပါ..ကားကို ဖြည်းဖြည်းမောင်းနော်... ငါတို့အလှည့်က လိုပါသေးတယ်"
      
ခုလို စိုးရိမ်ပေးဖော်ရတဲ့ သူငယ်ချင်းလေးကြောင့် သူ ခပ်ဖျော့ဖျော့ ပြုံးလိုက်မိပါသည်။
      
"သားရယ်...ပြိုင်ပွဲရှိနေတာကို..."
      
ဘေးနားမှာ ထိုင်လိုက်လာတဲ့ မားက ဝင်ပြောလာသည်။
      
"မားက စောစောမှ ကြိုမပြောတာ... ကြိုသိရင် မားနဲ့ အချိန်ကြာကြာ နေလို့ရတဲ့ဟာကို.. သွားခါနီးမှ ပြောတော့ ခုလိုလိုက်ပို့ပေးရုံကလွဲပြီး ဘာမှလုပ်မပေးနိုင်တော့ဘူး"
      
"သားရယ်..မားလည်း မနေ့ကမှ သိရလို့ပါ...သားကို မား ဘယ်တုန်းက လျှို့ဝှက်ဖူးလို့လဲ...ဟင်"
      
စူပုပ်ပုပ်လေးဖြစ်နေတဲ့ ရှင်းပါးလေးကို ဖွဖွဆွဲရင်း ဒေါ်သီရိရှင်း ပြုံးလိုက်မိပါသည်။
      
သူမလည်း သားနဲ့ ခုလို ဘယ်ခွဲချင်ပါ့မလဲ။ သားကို သူမတစ်ယောက်တည်းကသာ ပြုစု စောင့်ရှောက်လာတာမို့ တင့်တင့်တယ်တယ် ထားချင်သည့်စိတ်ကြောင့် စီးပွားရေးနဲ့သာ အချိန်ကုန်ခဲ့ရသလို ဖြစ်နေခဲ့မိသည်လေ။
      
"ဟိုရောက်ရင် အလုပ်ချည်း ဖိလုပ်မနေနဲ့နော်..အစားလည်း ပုံမှန်စား... အိပ်ရေးလည်း အပျက်မခံနဲ့နော်... သားဆီကို တစ်နေ့တစ်ခါ ဖုန်းဆက်ရမယ်နော်"
      
"သားရယ်...ဒါတွေက မားမှာရမယ့်ဟာတွေပါ... သားလည်း အစားပုံမှန်စား... ခြူးကိုလည်း သေချာဂရုစိုက်ပေး"
      
"စိတ်ချပါ မား"
      
"မားသွားတော့မယ်နော်"
      
"ဟုတ်"
      
ဒေါ်သီရိရှင်း သားလက်ထဲက luggage ကို လွှဲပြောင်းယူရင်း သားကို ကျောခိုင်း၍ ထွက်လာလိုက်သည်။
      
"သား..."
      
နောက်ကို ပြန်လှည့်ကြည့်တော့ ရှင်းက သူမကို မျက်လုံးရွဲလေးတွေနဲ့ ငေးကြည့်နေလေတော့ ရင်ထဲမှာ ဆို့တက်လာသည်။ သားဆီကို ပြန်လှည့်လျှောက်လာပြီး တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
      
"မား..ဒီတစ်ခါ ပြန်လာရင်တော့ အကြာကြီးနေရမယ်နော်"
      
"မား ကတိပေးပါတယ် သားရယ်... မားအလုပ်တွေ ပြီးတာနဲ့ ပြန်လာခဲ့မယ်နော်"
      
"ဟုတ်"
      
"မားသွားပြီနော် သား"
      
"ဟုတ်"
      
တရွေ့ရွေ့နဲ့ဝေးသွားတဲ့ မားရဲ့ကျောပြင်လေး သူ့အာရုံထဲက ပျောက်ကွယ်သွားပြီဆိုမှ သူလည်း လေဆိပ်မှ ပြန်ထွက်လာခဲ့လိုက်တော့သည်။

ခိုနားရာDonde viven las historias. Descúbrelo ahora