Unicode
အပိုင်း (၁၄)
"ဟား..."
ရွှေရည်မိုး အိပ်ရာပေါ် ပစ်လှဲချလိုက်ရင်း အားရကျေနပ်စွာ ပြုံးလိုက်သည်။
"ဟားဟား..ခစ် ခစ်..ဆူးပန်းနီ..ဆူးပန်းနီ... နင်က စကားတစ်ခွန်းကို သိပ်လွယ်လွယ်ပြောတတ်တာပဲ...သိပ် မကြာတော့ပါဘူး...နင့်စကားအတိုင်း ဖြစ်လာတော့မှာ... ငါ သတိပေးလို ့အသက်ရှင်ရတယ်ဆိုတာမျိုး မဖြစ်စေရဘူးဆိုတာလေ...ဟားဟား.."
သူမအသံက သန်းခေါင်ယံမှာ ထိတ်လန့်ဖွယ် ထွက်ပေါ်လာလေသည်။
Ring~~Ring~~
"ဟယ်လို..."
"_ _ _ _ _"
"ဟင်!..တကယ်လား...တောက်!!... ဒီလောက် စေ့စပ်အောင် လုပ်ထားရက်နဲ့"
"_ _ _ _ _"
"ကျွန်မ တောင်းပန်ပါတယ်... နောက်တစ်ခါ ခုလို မဖြစ်စေရပါဘူး"
"_ _ _ _ _"
"ကောင်းပါပြီ"
ဖုန်းချအပြီးမှာတော့ ရွှေရည်မိုးမျက်နှာမှာ စိုးရိမ်ထိတ်လန့်မှုတွေ၊ မကျေနပ်မှုတွေက တစ်လှည့်စီပေါ်လာသည်။
"တောက်!!..နင် သိပ်ကံကောင်းလွန်းနေတယ် ဆူးပန်းနီ...ဘယ်လောက်ထိကံကောင်းနိုင်မလဲဆိုတာ စမ်းကြည့်ရသေးတာပေါ့"
တစ်ယောက်တည်း ရေရွတ်နေရင်းမှ သူမမျက်လုံးတွေက မကောင်းဆိုးဝါးတစ်ကောင်လို ရဲရဲတောက်လာလေသည်။⭐⭐⭐⭐⭐⭐⭐⭐⭐⭐
ငှက်ကလေးတွေရဲ့ တေးဆိုသံတကျည်ကျည်နဲ့အတူ သစ်လွင်တောက်ပတဲ့နေရောင်ခြည်လေးက ခြူးမျက်နှာပေါ်ဖြာကျလာသည်။
"အင်း..ဟင်း"
ခန္ဓာကိုယ်လေးကို လွန့်လူးရင်း သာယာလှပတဲ့မနက်ခင်းရဲ့နေမင်းကြီးကို နှုတ်ဆက်လိုက်သည်။
မျက်လုံးဖွင့်ဖွင့်ချင်း ဘေးကိုကြည့်လိုက်တော့ မျောက်ဖြူလေးက ငြိမ်သက်နေသည်။
"Good morning, Shin"
မျောက်ရုပ်လေးကိုနှုတ်ဆက်ရင်း အိပ်ရာပေါ်မှ ထဖို့ ပြင်လိုက်တော့ ထူးခြားမှုကို သတိပြုမိသွားသည်။
"ဒါ..ငါ့အခန်းမှ မဟုတ်တာ"
ပြောင်းလဲနေသော အခန်းအပြင်အဆင်ကြောင့် ရင်ထဲ ထိတ်သွားသည်။ အခန်းလေးက သပ်ရပ်သန့်ရှင်းမှု ရှိပေမယ့် သူမအခန်းမဟုတ်တာကြောင့် ထိတ်လန့်မှုက ပြန်လည်မွေးဖွားလာလေသည်။
"ငါ..ငါ ဘယ်ရောက်နေတာလဲ...ငါ.. ဘယ်လိုဖြစ်ပြီး ဒီအခန်းထဲကို ရောက်နေတာလဲ...ညက..ညက..."
ပြန်စဉ်းစားကြည့်လိုက်တော့မှ အာရုံထဲမှာ တစ်ဖန်ပြန်ပေါ်လာတာက ကြောင်သေကြီးနဲ့ သွေးတွေစီးကျနေတဲ့ ကြောက်မက်ဖွယ်မျက်နှာကြီး။
"မဟုတ်ဘူး...ငါ..ညက..ညက..."
ခွမ်း!!!.....
"အား!!!...အား!!!....အား!!!...."
ကိုယ့်စိတ်ကိုယ် ပြန်ထိန်းနေစဉ် လက်က စားပွဲလေးပေါ်မှာတင်ထားတဲ့ ရေကရားကို တိုက်လိုက်မိတော့ ကရားကျကွဲသံကြောင့် နဂို လန့်နေတဲ့စိတ်က ပိုဆိုးသွားကာ ငယ်သံပါအောင် အာခေါင်ခြစ်အော်မိတော့သည်။
"မဟုတ်ဘူး...မလာနဲ့...သွား!!...ငါ့ဆီမလာနဲ့!!..."
ထိုမျက်နှာကြီးကို မျက်လုံးထဲမှာ ဆက်တိုက်မြင်ယောင်နေမိတာမို့ အပမှီနေသူတစ်ယောက်လို အသိစိတ်မဲ့စွာ အော်နေမိတော့သည်။
"သွားစမ်း!!...ငါ့အနားကို မလာနဲ့!!... သွား...သွား........"
"ဟာ!.."
ခြူးအော်သံကို ကြားလိုက်တာကြောင့် အောက်မှာ ခွေးစာကျွေးနေရင်း အခန်းဆီ ပြန်ပြေးတက်လာရသည်။ အခန်းထဲရောက်တော့ ကြမ်းပြင်ပေါ် ငုတ်တုတ်လေးထိုင်ပြီး မျက်နှာကို လက် ၂ ဖက်နှင့် အုပ်ကာ အော်ငိုနေတဲ့ ခြူးကို တွေ့တော့ စိုးရိမ်စိတ်က သူ့တစ်ကိုယ်လုံးကို ပြန့်နှံ့သွားသည်။
"သွား!!...သွား!!..."
"ညီမလေး...စိတ်ထိန်းလေ...ဒီမှာ... ကိုယ့်ကိုကြည့်"
"သွား...မဟုတ်ဘူး...သွား..ငါ့ဆီ မလာနဲ့"
"ဆူးပန်းနီ!!...စိတ်ထိန်းလေ!!..."
ခြူးရဲ့လက်မောင်း ၂ ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး အော်လိုက်တော့ သတိဝင်လာသည်နဲ့ တူပါရဲ့။ အော်တာ ရပ်သွားပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေရာမှ ငြိမ်သက်သွားသည်။
"မင်း...ဘေးကင်းတယ်"
ဓာတ်လှေကားနဲ့မတက်ဘဲ လှေကားထစ်တွေအတိုင်း တက်လာတာမို့ သူ့အသံတို့သည်လည်း မောဟိုက်နေသည်။
"ဘာမှမဖြစ်ဘူး...ဒါကြောင့်... စိတ်အေးအေးထား"
မောနေတာကြောင့် စကားကို ဖြည်းဖြည်းချင်း ပြောနေရလေသည်။ ခြူးကတော့ သူပြောတာကို ငြိမ်ငြိမ်လေး နားထောင်နေရင်း မျက်လုံးဝိုင်းလေးတွေနဲ့ မော့ကြည့်လာသည်။
"ကျွန်မ ဘယ်ကိုရောက်နေတာလဲ... ရှင်ကရော??...ဘယ်သူလဲ...ဘာလို့ ကျွန်မနာမည်ကို သိနေရတာလဲ"
"ဟင်!...သြော်...ဒါ..ဒါကတော့... ကိုယ်က မင်းပရိသတ်မို့လေ"
"ပရိသတ်?...ကျွန်မမှာ ပရိသတ်ရှိရအောင် သရုပ်ဆောင်လည်း မဟုတ်ဘူး... အဆိုတော်လည်း မဟုတ်ဘူး"
"မင်းက မော်ဒယ်တစ်ယောက်လေ... ဒါကြောင့် ပရိသတ်ရှိတာ အဆန်းမှမဟုတ်တာ"
အတည်ပေါက်ကြီး ပြောချလိုက်တာကို ယုံသွားသည်လား၊ သူနဲ့ပဲ ပြိုင်မငြင်းချင်တော့လို့လား မသိ။ ခြူးဆီမှ ဘာစကားသံမှ ထွက်မလာတော့။
"ကျွန်မကို ကူညီခဲ့တာ ရှင်ပေါ့"
"အင်း"
"ကျေးဇူးတင်ပါတယ်"
သူ ပြုံးလိုက်မိသည်။ ခြူးက ကျေးဇူးလည်း တင်တတ်သားပဲ။
"နောက်တစ်ခါ အပြင်မှာ မိုးချုပ်တဲ့အထိ မနေပါနဲ့...ပြီးတော့ ဘယ်ကိုမှ တစ်ယောက်တည်း မသွားပါနဲ့"
သူက စိုးရိမ်လို့ပြောလိုက်ခြင်း ဖြစ်ပေမယ့် ခြူးက သူ့ကို မျက်မှောင်ကုတ်၍ ကြည့်လာတာကြောင့် သူမနဲ့ ကိုယ်က
ဒီလောက်ရင်းနှီးသေးတဲ့ အခြေအနေမဟုတ်တာကို သတိရမိသွားသည်။
"ဆောရီး...ကိုယ် စည်းကျော်သလို ဖြစ်သွားတယ်"
"ရပါတယ်...ကူညီပေးတာကိုလည်း ကျေးဇူးတင်တယ်... ကျွန်မကို အိမ်လိုက်ပို့ပေးလို့ ရမလား"
"ရပါတယ်"
"အင်း"
ခြူးက ပြောပြောဆိုဆို ဆက်ခနဲ ထရပ်လိုက်တော့ ခုနက ကျကွဲသွားတဲ့ ရေကရားထဲမှရေတွေက ကြမ်းပြင်မှာ ချောနေတာကြာင့် ခြေချော်သွားကာ ခြူးကိုယ်လေး ယိုင်သွားသည်။
"အမေ့!!..."
"ဟာ!.."
လဲကျသွားပြီဟု ထင်လိုက်မိပေမယ့် ခြူးကိုယ်လေးကို ထိန်းကိုင်ပေးထားတဲ့လက်တစ်စုံကြောင့် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါ။
"ဖြည်းဖြည်းလျှောက်ပါ...ကြမ်းပြင်က ချောနေတယ်"
"အင်း..ကျေးဇူး"
ထိုပရိသတ်ဆိုသူရဲ့ ကျေးဇူးကြွေးတွေက ခြူးအပေါ် တင်ပြီးရင်း တင်နေတော့သည်ဟု တွေးမှတ်ထားလိုက်လေသည်။
"ဟင်!.."
အခန်းပြင်ကိုရောက်သွားတော့ ရင်းနှီးနေတဲ့ပတ်ဝန်းကျင်ကြောင့် ခြူးနှုတ်မှ အာမေဍိတ်သံခပ်တိုးတိုး ထွက်လာလေသည်။
"ဒီလမ်းကြီးကို မြင်ဖူးနေသလိုပဲ"
မျက်မှောင်လေးကုတ်ကာ ရေရွတ်ရင်း ခေါင်းလေးကို ကုပ်ကာ စဉ်းစားနေသည့်ခြူးကို ကြည့်ရင်း သူ မပြုံးဘဲ မနေနိုင်တော့။
"ကိုယ် ဟိုဘက်တိုက်ထိ လိုက်ပို့ဖို့ အဆင်မပြေတော့ဘူး... တစ်ယောက်တည်းသွားလို့ ဖြစ်တယ်မဟုတ်လား"
"ဟိုဘက်တိုက်???..."
"အင်း"
"ဟင်!..."
ခြူးမှာ ရုတ်တရက် သူ့ကိုကျော်ပြီး အခန်းထဲကို ပြန်ဝင်လာကာ ဝရန်တာဆီ ပြေးသွားသည်။
"အယ်...အဲ့ဒါ ငါ့အခန်းပဲ"
မျက်နှာချင်းဆိုင်တိုက်ခန်းက ခြူးနေတဲ့တိုက်ခန်းလေး ဖြစ်နေတာကြောင့် အံ့သြပြီးရင်း အံ့သြနေရတော့သည်။
'ဒါဆို ဒီလူက ငါနဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းမှာ နေတာပေါ့...ငါ့ပရိသတ်တဲ့... ငါနဲ့ မျက်နှာချင်းဆိုင်မှာ လာနေရတယ်လို့... ဟွန့်..အဲ့လောက်တောင် ရူးရလား'
ကိုယ့်အတွေးနဲ့ကိုယ် ကောက်ချက်ချလိုက်ပြီး တံခါးပေါက်ဆီ ပြန်လျှောက်လာလိုက်သည်။
"ဒါဆို ကျွန်မ ပြန်တော့မယ်"
သူက ခပ်ဖွဖွပြုံးရင်း ခေါင်းညိတ်ပြလိုက်တာမို့ ခြူး သူ့ကို ကျောခိုင်းထွက်လာကာ အခန်းဆီကို ပြန်လာခဲ့လိုက်တော့သည်။
"ဟူး....."
ခြူးပြန်သွားပြီဆိုတာ သေချာမှ ပိုင်ထက်ယံ သက်ပြင်းချနိုင်တော့သည်။
"တော်သေးတယ်...မြင်မသွားလို့"
ဖန်ကွဲစိုက်ကာ သွေးတွေရဲနေတဲ့ခြေဖဝါးကို ငုံ့ကြည့်ရင်း ရေရွတ်လိုက်သည်။ အခန်းလေးထဲမှာတော့ သူလျှောက်လာခဲ့တဲ့နေရာမှာ သွေးစက်တွေက ပေကျန်နေသည်။
ခုနက ခြူးကို လဲမကျအောင် လှမ်းထိန်းပေးရင်း ခြေဖဝါးက စူးခနဲ ဖြစ်သွားပေမယ့် နာကျင်မှုကို ဂရုမပြုနိုင်ဘဲ ခြူးကိုသာ စိတ်ပူနေခဲ့မိသည်။ ခြူးရဲ့တိုက်ခန်းအထိသာ လိုက်ပို့ပေးမိရင် ခြူး သွေးတွေကို မြင်သွားပြီး ထပ်လန့်သွားမည်စိုးသောကြောင့် လိုက်ပို့မပေးတော့ခြင်း ဖြစ်သည်။
ဖန်ကွဲစိုက်နေတဲ့ ခြေထောက်၏ဖနောင့်ကိုသာ အားပြု၍ အခန်းထဲသို့ ထော့နဲ့ထော့နဲ့ဖြင့် ပြန်ဝင်လာလိုက်သည်။
အိပ်ခန်းထဲက ဗီဒိုပေါ်မှာတင်ထားတဲ့ ဆေးသေတ္တာလေးကို လှမ်းယူပြီး ကိုယ်တိုင်ဆေးထည့်ရတော့သည်။
ပတ်တီးဖြူဖြူလေးစည်းထားတဲ့ ခြေထောက်လေးနဲ့ ဟိုဟိုဒီဒီလျှောက်ကာ ဖန်ကွဲစတွေကို ရှင်းလင်းရတော့သည်။