Unicode
အပိုင်း (၁၇)
"ရှင်က တန်ခိုးရှင်လား...စွမ်းအားရှင်လား...ဟမ်...ဘာဖြစ်လို့ အချိန်ကိုက်ရောက်လာရတာလဲ...ဘာလို့ ကျွန်မအခက်အခဲဖြစ်တိုင်း ပေါ်လာရတာလဲ... ရှင်က ဘယ်သူလဲ...ရှင့်ကို ဘယ်သူက ခိုင်းထားတာလဲ...ကျွန်မအနားကို ဘယ်လိုရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတာလဲ"
မေးခွန်းတွေက များပြားပေမယ့် သူ့ဆီမှ အဖြေတစ်ခွန်းမှ ထွက်မလာပါ။ သူ့နှုတ်ခမ်းက လှုပ်နေပေမယ့် အသံထွက်
လာခြင်း မရှိပါ။ သူတို့ ၂ ဦးကြားမှာတော့ တိတ်ဆိတ်မှုက အတန်ကြာ ကြီးစိုးလျက်ရှိနေပေသည်။
သူ ဘယ်လိုဖြေရမှာလဲ။ သူ အမှန်အတိုင်းသာ ဖြေလိုက်ရင် ခြူး သူ့ကို တစ်သက်လုံးစိတ်နာသွားမလား မပြောတတ်။
"တကယ်တော့..တကယ်တော့..ကိုယ်..."
ခြူးက သူ့ဆီမှ ထွက်လာမယ့်အဖြေကို စိတ်ရှည်စွာ နားထောင်ပေးနေပေမယ့် ခုချိန်ထိ လိုရင်းကို မရောက်နိုင်သေး။
"ဆူး..တကယ်တော့လေ...အဲ့ဒါက ဟို..."
သူ့နဖူးမှ ချွေးစေးများပင် ထွက်လာရသည်အထိ စိုးရိမ်နေမိပါသည်။ ကျောင်းတက်ခဲ့စဉ် စာမေးပွဲဖြေတုန်းက မေးခွန်းတွေကတောင် ဒီလောက် မခက်ခဲခဲ့ပါ။ ခုတော့
ဒီမေးခွန်းတွေအတွက် အဖြေကိုရှာမရ ဖြစ်နေပေသည်။
"ဒါကလေ ဆူး...ဟို..."
"ဖြေပါ ကိုပိုင်ထက်ယံ...လိုရင်းကို ဖြေလိုက်ပါ... ရှင် ကျွန်မဆီကို ဘယ်လိုရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတာလဲ"
"အဲ့ဒါက..."
အူးဝူး.........
ရုတ်တရက် ထအူလိုက်သော ခွေးအူသံ။ အချိန်ကလည်း သန်းခေါင်ယံ။ ခွေးအူသံကြီးကလည်း ဆွဲဆွဲငင်ငင်ကြီး
ဖြစ်တာကြောင့် ခြူးတစ်ယောက် ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားရသည်။
သိပ်မကြာလိုက်။ တစ်ကောင်အူတော့ အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ ခွေးတွေကပါ လိုက်အူကြတော့သည်။
"ဆူး..ကိုယ်..."
"နောက်..နောက်မှ ပြောတော့"
ခြူး မျက်လုံးကိုစုံမှိတ်ရင်း အော်ကာ တိုက်ထဲသို့ ပြေးဝင်သွားတော့သည်။ သူလည်း ခုမှပဲ သက်ပြင်းချနိုင်တော့သည်။
"ဟူး.....မိဖြူရယ်...တော်ပါသေးရဲ့.... မင်းသာ မအူလို့ကတော့ ငါ ဒီည ဘယ်လိုတောင် ဇာတ်လမ်းဆက်ရမလဲ မသိဘူး"
တခြားခွေးတွေ ဝိုင်းအူကြတော့ မိဖြူက အူတာရပ်သွားပြီး သူ့ဆီ အပြေးလေးလာကြိုရှာသည်။ သူလည်း မိဖြူနဲ့အတူ
လျှောက်လာရင်း ဆိုင်ကယ်ကို ဂိုထောင်ထဲ သွင်းလိုက်သည်။
"သွားစို့"
မိဖြူဆိုတာ သူ အစာကျွေးနေကျ ခွေးမလေးပါ။ သူ ဒီကို စပြောင်းလာတဲ့နေ့က မိဖြူကို တွေ့ခဲ့တာပါ။ လမ်းဘေးမှာ လေလွင့်ပြီး အရိုးပေါ်အရေတင်တဲ့အထိ ပိန်လှီနေကာ
မြော့မြော့လေးသာ ကျန်တော့တဲ့ မိဖြူကို အစာကောင်းကောင်းကျွေးပြီး မွေးထားလိုက်တာကြောင့် ခုဆို သူက မိဖြူရဲ့သခင် ဖြစ်လာခဲ့ရပြီ။
အခန်းရှေ့ရောက်တော့ မိဖြူက အလိုက်သိစွာပင် အခန်းရှေ့နားမှာ သူ့အတွက်လုပ်ပေးထားတဲ့ အိပ်ရာလေးမှာ ဝင်အိပ်တော့သည်။ သူလည်း အခန်းတံခါးဖွင့်ပြီး အထဲကို ဝင်ခဲ့လိုက်တော့သည်။
ဝရန်တာကနေ ခြူးအခန်းဘက်ကို လှမ်းကြည့်လိုက်တော့ မီးတွေကို ဖွင့်ထားဆဲ။ သို့သော် လှုပ်ရှားမှု တစ်စုံတစ်ရာကိုတော့ မတွေ့ရ။
သူလည်း ခြူးကိုသွားကြိုလိုက်တာကြောင့် လစ်ဟင်းသွားတဲ့အလုပ်တွေကို ဆက်လုပ်ရတော့သည်။
ဒီနေ့ဝတ်ပြီးသားအဝတ်တွေကို ရေစိမ်ထားခဲ့တာမို့ ထိုအဝတ်တွေကို အရင်လျှော်လိုက်သည်။ အဝတ်လျှော်စက်ကို အရမ်းအလုပ်များတဲ့ နေ့တွေမှသာ သုံးတာမို့ ပုံမှန်အားဖြင့်တော့ လက်နဲ့သာ လျှော်ဖွပ်တတ်သည်။ တစ်နေ့ဝတ်ပြီးသားကို တစ်နေ့အပြီးလျှော်တာမို့ သူ့အတွက် အဝတ်လျှော်တယ်ဆိုတာ သိပ်အပန်းမကြီးလှပါ။
အဝတ်တွေကို ဝရန်တာကတန်းမှာ ချိတ်နဲ့ လှမ်းခဲ့လိုက်ပြီး အိပ်ခန်းထဲကို ဝင်လာလိုက်သည်။ စွပ်ကျယ်အင်္ကျီလက်တိုနဲ့ ပုဆိုးဟောင်းတစ်ထည်ကို ညဝတ်အဖြစ် လဲလိုက်ပြီး အလုပ်စားပွဲရှေ့ ထိုင်လိုက်သည်။
Laptop ကို ဖွင့်ပြီး earphone ကိုပါ တစ်ခါတည်း ကောက်တပ်လိုက်သည်။ Laptop ရဲ့မှန်သားပြင်မှာ ပေါ်နေတာက
နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ အသံလှိုင်းလေးတွေပါ။
"ဟူး.....ဟင်း....အိပ်ပါတော့...ဒီမျက်လုံးကလည်းနော်... ဘာလို့အဲ့လောက် ပြူးနေရတာလဲ"
ကြားလိုက်ရသော အသံလေးကြောင့် သူ ပြုံးလိုက်မိသည်။ ခုထိ မအိပ်သေးတာလား။
"ရှင်း..ငါ တကယ်သိချင်တယ်...အဲ့လူက ဘာလို့ ဒီလောက်သိနေရတာလဲ...ဟိုတစ်ခါ ငါတစ်ယောက်တည်း ဆီပြတ်ပြီး အခြောက်ခံရတုန်းကလည်း သူရောက်လာတယ်...
ခုလည်း ငါ အခက်တွေ့နေတုန်း ရောက်လာပြန်တယ်... သူက ဘာလို့ အဲ့လောက်ကြီးထိ သိနေရတာလဲ"
သူ သက်ပြင်းချလိုက်မိသည်။
"ဘာလို့ အဲ့လောက် သိချင်နေရတာလဲ ခြူးရယ်"
"ပြီးတော့လေ ရှင်း...ငါ မင်းဝဏ္ဏကို လုံးဝရွံသွားပြီ..သိလား... အရင်တစ်ခေါက်ကလည်း သူ့လက်ချက်ပဲနေမှာ... ကားပေါ်ကလူကြီးရဲ့မျက်နှာက ငါ့ကို သရဲလုပ်ပြီးခြောက်ခဲ့တဲ့လူနဲ့ တစ်ထေရာတည်းပဲ... ခုလည်း သူတို့ ၂ ယောက် ပေါင်းကြံကြတာနဲ့တူတယ်"
ကြားလိုက်ရသောစကားကြောင့် သူ မျက်မှောင်ကြုတ်သွားသည်။
"အဲ့ဒီမင်းဝဏ္ဏဆိုတဲ့လူ တော်တော်ကိုအောက်တန်းကျတယ်.. သိလား...တကယ်ဆို ပြီးပြီးသားကိစ္စတစ်ခုကို ပြန်ပြောစရာကို မလိုဘူး...ပြီးတော့ ပြောလို့ကောင်းတဲ့အရာလည်းမဟုတ်ဘဲနဲ့...တကယ်ပဲ...တွေးရင်းနဲ့ ဒေါသ
ထွက်တယ်... နင်ပဲ စဉ်းစားကြည့်...သူနဲ့ ငါတွဲတယ်ဆိုတာနဲ့ပဲ hotel ထိ ခေါ်စရာလိုလို့လား...ဒါ ငါ့ကို အညှာလွယ်တဲ့မိန်းမဆိုပြီး အထင်သေးတာ...ဟွန်း...တော်ပြီ... ထပ်ပြောရင် ဒေါသက ထပ်ဖြစ်ဦးမယ်...ဒါနဲ့ပဲ အသက်တိုလိမ့်ဦးမယ်...အိပ်တာပဲ ကောင်းတယ်"
သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
"မင်းဝဏ္ဏဆိုတဲ့လူက တကယ်ပဲ အဲ့လိုလုပ်ခဲ့တာလား"
သူ ခြူးကို သွားခေါ်ရင်းနဲ့ သေချာကြည့်ခဲ့လိုက်ပါသည်။ မင်းဝဏ္ဏဆိုတဲ့လူနဲ့ ကားထဲကလူကြီးကို။ ခြူးပြောပုံအရဆို တကယ်ပဲ သူတို့လက်ချက်လား။
"မင်း မှားသွားပြီ မင်းဝဏ္ဏ...ခြူးကိုချစ်တာကို လက်ခံပေးနိုင်ပေမယ့် ခုလိုတပ်မက်စိတ်နဲ့ ချစ်ပြတာမျိုးကိုတော့ ငါ လက်ပိုက်ပြီး ကြည့်နေမှာ မဟုတ်ဘူး"
အသက်ရှူသံမျှင်းမျှင်းလေးကြောင့် ခြူး အိပ်ပျော်သွားမှန်း သိလိုက်ရသည်။ သူလည်း earphone ကို ပြန်ချွတ်လိုက်တော့သည်။
"ကိုယ် အဲ့မေးခွန်းတွေကို မဖြေနိုင်ဘူး ခြူး...ကိုယ်သာ ဒီလိုမလုပ်ရင် ရှေ့ကဖြစ်ရပ်တွေမှာ မင်းကို ကူညီနိုင်ခဲ့မှာ မဟုတ်ဘူး"
တစ်ယောက်တည်း ရေရွတ်ရင်း သက်ပြင်းကို ထပ်ချမိပြန်သည်။ တကယ်တော့ သူ မျောက်ဖြူရုပ်လေးကို လက်ဆောင်အဖြစ်ပေးတုန်းက အရုပ်လေးနဲ့အတူ အသံဖမ်းစက်အသေးလေးနဲ့ GPS စက်လေးကိုပါ ထည့်ပေးလိုက်မိသည်။ အရုပ်လေးရဲ့အတွင်းဘက်မှာ ထည့်ပေးလိုက်တာမို့ ခြူးကတော့ မသိရှာပါ။
ခြူးက ထိုအရုပ်လေးကို သွားလေရာကို ယူသွားလို့ သူလည်း ခြူး ဘယ်မှာရှိလဲဆိုတာကို အလွယ်တကူ သိနိုင်လေသည်။ ခြူးက ထိုအရုပ်လေးကို ရှင်းအဖြစ် သဘောထားပြီး ခံစားချက်တွေ ဖွင့်ပြော၊ အဆိုးအကောင်းကို တိုင်ပင်၊ လုပ်ငန်းစဉ်တွေကို ပြောပြတတ်တာကြောင့် သူလည်း ခြူးရင်ထဲမှာ ဘာတွေဖြစ်နေလဲ၊ ဘာတွေကြံစည်နေလဲ၊ ဘာတွေလုပ်ဖြစ်မလဲဆိုတာကို သိနိုင်သည်လေ။
ခြူးတစ်ယောက်တည်း ညကြီးမိုးချုပ် လူပြတ်တဲ့နေရာမှာ ကားဆီပြတ်တုန်းကလည်း ခြူးပြောတဲ့ စကားတွေကို နားထောင်ပြီး သူ့မှာ ထိုနေရာကို အမြန်လိုက်သွားရသည်။ တစ်လမ်းလုံး စိတ်ပူနေခဲ့ရတာကိုတော့ သူသာ အသိဆုံး။
ပြီးတော့ ခြူး ကလောကိုသွားမယ့်နေ့က သူ အလုပ်ကို အစောကြီးသွားခဲ့ရတာကြောင့် ခြူးကို တွေ့မသွားလိုက်ရ။ အလုပ်လုပ်နေတဲ့တစ်လျှောက်လုံး နေမထိထိုင်မသာ ဖြစ်ပြီး မရတော့တဲ့အဆုံး တိုက်ခန်းဆီကို ပြန်ပြေးခဲ့ရသည်။