Unicode
အပိုင်း (၃၂)
“MD နေမကောင်းဘူးလား”
“အင်း.. နှာစေးနေလို့”
Mask တပ်ထားတဲ့ ပိုင်ထက်ယံကို အတွင်းရေးမှူးမလေးက အခြေအနေ မေးလာတာကြောင့် အလိုက်သင့်လေးပဲ ဖြေပေးလိုက်သည်။
ရုံးခန်းထဲရောက်တော့မှ မျက်မှန်ရော mask ကိုပါ ချွတ်ပစ်လိုက်ရသည်။ နှုတ်ခမ်းစပ်က အပေါက်ရာနဲ့ ပါးရိုး၊ နားထင်နားက ဒဏ်ရာတို့ကို ထိလိုက်မိတော့ နာကျင်မှုကြောင့် မျက်နှာက အော်တိုမစ်တစ် ရှုံ့မဲ့သွားရသည်။ ခုလိုဖြစ်ရတာ သူမကြောင့်။
ခြူးပြန်ရောက်မယ့်နေ့ကို လည်ပင်းတရှည်ရှည်နဲ့ စောင့်နေခဲ့ရပေမယ့် အချိန်တန်တဲ့အထိ ခြူးက ပြန်ရောက်မလာတာကြောင့် သူ့မှာ ခြေ မကိုင်မိ လက် မကိုင်မိ ဖြစ်ခဲ့ရသည်။ အထူးသဖြင့် မင်းဝဏ္ဏနဲ့ ပြန်တွဲနေပြီဆိုတဲ့ သတင်းကြောင့် ပို၍ စိတ်မချဖြစ်မိသည်။
မင်းဝဏ္ဏကို မုန်းတယ်လို့ပြောပြီး ဘာလို့ ပြန်တွဲရလဲဆိုတာကို တွေးကြည့်လို့မရပေမယ့် ထိုသို့ပြန်တွဲရလောက်တဲ့ အကြောင်းရင်းတစ်ခုခု ရှိနေမယ်ဆိုတာကို သူလည်း ရိပ်စားမိပါသည်။
ခြူးပြန်လာတာကို စောင့်ရင်း လိုင်းသုံးလိုက်မိတာက အတော်လေး မှန်သွားသည်။
°°သိပ်ချစ်တယ် ဘေဘီ°° ဆိုတဲ့ feeling status လေးကို check in လုပ်ထားတဲ့ မင်းဝဏ္ဏကြောင့် ခြူးပါ ထိုနေရာမှာ ရှိနေမှန်း တွေးမိလိုက်သည်။
နေရာက ဟိုတယ်တစ်ခုဖြစ်တာမို့ သိသိချင်း လိုင်းပိတ်ဖို့ကိုပင် သတိမရတော့ဘဲ ဆိုင်ကယ်သော့ဆွဲကာ ထွက်လာလိုက်တော့သည်။ သွားနေတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း ခြူးအတွက် ရင်ပူနေရတာကြောင့် ရာသီဥတု အေးနေတာကိုတောင် သတိမရတော့။
“ဟင်..!! ငါ ဒီလူ့ကို မြင်ဖူးပါတယ်”
ဟိုတယ်ရှေ့မှာ တန်းစီပြီးရပ်ထားတဲ့ မီနီအိုးဝေတွေကို အမှတ်တမဲ့ ကြည့်လိုက်မိရာမှ တစ်ခါမြင်ဖူးထားသည့် ထိုလူ့ကို တန်းခနဲ မှတ်မိသွားရသည်။ သူက ဘာလို့ ဒီကိုရောက်နေတာလဲ။ ဟိုတစ်ခါကလည်း မင်းဝဏ္ဏနဲ့ အတူ တွဲပြီး တွေ့ခဲ့ပြီးပြီ။ ခု ဒီတစ်ခါကရော။ သူ ဒီမှာရှိနေတာက မင်းဝဏ္ဏနဲ့ ပတ်သက်နေတာလား။
ထိုလူ့ကို သင်္ကာမကင်းဖြစ်ရင်း ဟိုတယ်ထဲ ဝင်ဖို့လုပ်တော့ ဟိုတယ်ထဲမှ ခပ်သုတ်သုတ်လျှောက်လာတဲ့ ခြူးကို လှမ်းမြင်လိုက်ရသည်။
လှမ်းခေါ်ဖို့ကျလည်း သူ့အသံကို ကြားနိုင်လောက်တဲ့ အကွာအဝေးမှာ မဟုတ်တာကြောင့် ခြူးအနားထိ အရောက်သွားဖို့ ဆုံးဖြတ်လိုက်ပေမယ့် ခြူးက ဟိုလူကြီးမောင်းတဲ့ မီနီအိုးဝေပေါ် တက်သွားပြီ။
