Unicode
အပိုင်း (၃၃)
ရုံးပိတ်ရက်မို့ ခြူး မေမေ့ဆီ တစ်ယောက်တည်း ထွက်လာခဲ့သည်။ ကိုကိုကတော့ မနက်အစောကြီးကတည်းက အလုပ်ဆီ ထွက်သွားလေရဲ့။ ခြူးနဲ့ မတွေ့ချင်လို့များ အချိန်ပိုတွေ ဆင်းပေးနေလား မပြောတတ်။
“မေမေ”
“ဟယ်.. သမီး.. တစ်ယောက်တည်း လာတာလား”
“ဟုတ်”
“ဒီနေ့ သားက အလုပ်မနားတာလား”
“ဟုတ်.. မနက်က အလုပ်ကို အစောကြီးသွားတာ တွေ့လိုက်တယ်”
“အင်း.. သားလည်း တော်တော်ပင်ပန်းရှာမှာပဲ.. လာ သမီး.. မေမေ သမီးကြိုက်တတ်တာတွေ ချက်ထားတယ်”
“ဟုတ်”
နေ့လည်စာစားချိန်မို့ ခြူးလည်း မေမေနဲ့အတူ ထမင်းပွဲ ကူပြင်ပေးပြီး ထမင်းလက်ဆုံ စားဖြစ်ကြသည်။
“မေမေ.. သမီးအကြိုက်ဆုံးဟင်း ပျောက်နေတယ်”
“ပုစွန်ဟင်းကို ပြောတာလား သမီး”
“ဟုတ်”
“မေမေ တမင် ချက်မထားတာ.. သားက ပုစွန်နဲ့ မတည့်ဘူးလေ.. အဲ့ဒါစားမိရင် တစ်ကိုယ်လုံး ယားပြီး အဖုအပိန့်တွေ ထွက်လာရော.. သမီးတစ်ယောက်တည်း လာမယ်မှန်းသိရင် ပုစွန်ဟင်း ကြိုချက်ထားမှာပေါ့”
“ရပါတယ် မေမေရဲ့.. ကိုကိုနဲ့ မတည့်မှတော့ သမီးလည်း မစားတော့ပါဘူး”
ပုစွန်နဲ့ ဓာတ်မတည့်ဘူးဆိုမှ ငယ်ငယ်က ပုစွန်နဲ့လုပ်ထားတဲ့ ဖက်ထုပ်ပေါင်းကို စားပြီး ဆေးခန်းကို အသည်းအသန် သွားပြခဲ့ရတဲ့ ဒေါ်ဒေစီကျော့်ကို မြင်ယောင်မိသွားသည်။ အဲ့တုန်းကဆို ဖေဖေတစ်ယောက် ပျာယာတွေခတ်နေတာများ တကယ်ကို မျက်စိနောက်စရာ။
“မေသိမ့်”
“ဟော.. အောင်မြတ်ပါလား.. လာ.. အတော်ပဲ.. အုန်းနို့ကျောက်ကျော လုပ်ထားတယ်.. တစ်ခါတည်း ဝင်စားလိုက်”
“ဟုတ်”
အသံနဲ့အတူဝင်လာတဲ့ အောင်မြတ်က ခြူးကို ပြုံးပြရင်း ခြူးနဲ့ မျက်နှာချင်းဆိုင်က ခုံလေးမှာ ဝင်ထိုင်ကာ ကျောက်ကျောတစ်တုံးကို ခက်ရင်းနဲ့ ထိုးပြီး အရသာခံနေသည်။
“ကောင်းလား”
“နည်းနည်းတော့...”
“တော်ပြီ.. မစားနဲ့တော့”
“ဟားဟား.. မေသိမ့်ကလည်း စိတ်ကောက်တတ်လိုက်တာ.. ဆယ်ကျော်သက်လေး ကျနေတာပဲ.. ကျွန်တော် မေသိမ့်လက်ရာကို ဘယ်တုန်းက မကောင်းပြောဖူးလို့လဲ.. ခုလည်း အရင်ထက် ပိုစားကောင်းတယ်လို့ ပြောမလို့ပါ”
“ကောင်စုတ်လေး.. ငယ်ငယ်ကအကျင့်က ခုထိကို မပျောက်သေးဘူး.. ငါ့ကိုဆို သူ့သူငယ်ချင်းကျနေတာပဲ.. စလိုက် နောက်လိုက်နဲ့”
“ဟီး”
ဒေါ်သိမ့်နွယ်စကားကို အောင်မြတ် သွားဖြဲရယ်ပြရင်း ပန်းကန်ထဲက ကျောက်ကျောတွေကို တစ်တုံးပြီးတစ်တုံး ယူစားနေလိုက်သည်။
“နှင်းရော အိမ်မှာပဲလား”
“ဟုတ်”
“တစ်ခါတည်းတော့ မခေါ်ခဲ့ဘူး”
“မခေါ်ဆို သူကမှ မလိုက်တာ.. သူက ဒီအိမ်ကို ပိုင်ထက်ရှိမှ လာချင်တာ”
“ဟဲ့”
ဒေါ်သိမ့်နွယ်က ဟန့်လိုက်တော့ အောင်မြတ်လည်း အပြုံးမပျက် ဆက်စားနေသည်။ ခြူးလည်း ပြုံးနေမိပါသည်။ သို့ပေမယ့် ဒီအပြုံးဖြစ်လာဖို့ ကိုယ့်စိတ်ကို အတော်လေး တင်းထားရတာပါ။
“မေသိမ့်.. ကျွန်တော် ခြူးကို ခဏခေါ်သွားမယ်နော်”
“ဟေ.. ဘယ်ကိုလဲ”
“ပိုင်ထက်အလုပ်လုပ်တဲ့နေရာဆီ.. ခြူးက အဲ့ကို သွားချင်တယ်ဆိုလို့”
“အင်း.. ခေါ်သွားလေ.. ဒါဆို အတော်ပဲ.. သားက အုန်းနို့ကျောက်ကျော သိပ်ကြိုက်တာ.. သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ စားရအောင် ထည့်ပေးလိုက်ဦးမယ်.. ခဏစောင့်ဦး”
“ဟုတ်”
ဒေါ်သိမ့်နွယ်လည်း မီးဖိုချောင်ဘက် ဝင်သွားပြီး ခဏအကြာ ပလတ်စတစ်ဘူးအကြည်လေးတစ်ဘူးကို ကိုင်ရင်း ပြန်ထွက်လာသည်။
“နှင်းကိုရော ခေါ်သွားနော်.. ရော့.. ဒါလေးကို နှင်းလက်ထဲ ပေးလိုက်.. သူက မလိုက်ဘူးလို့ ပြောလာရင် မေသိမ့်က နှင်းကိုယ်တိုင် သားလက်ထဲရောက်အောင် ပေးခိုင်းတာမို့ မလိုက်မဖြစ် လိုက်ရမယ်လို့ ပြောလိုက်”
“ဟုတ်.. ဒါဆို ကျွန်တော်တို့ သွားပြီနော်”
“သမီးသွားပြီ မေမေ”
“အေး..အေး.. ကားကို ဖြည်းဖြည်းမောင်း”
“ဟုတ်”
အောင်မြတ်နဲ့ ခြူးလည်း ဒေါ်သိမ့်နွယ်အိမ်မှ နှင်းအိမ်ဘက်သို့ ထွက်လာခဲ့လိုက်သည်။
“ငါ မလိုက်လို့ မရဘူးလားဟင်”
“မရဘူး.. မေသိမ့်က အမိန့်တော် ပါးလိုက်တယ်.. ဒီကျောက်ကျောဘူးကို နင်ကိုယ်တိုင် ပိုင်ထက်လက်ထဲ ရောက်အောင် ထည့်ပေးရမယ်တဲ့.. ဒါကြောင့် နင် လိုက်ကို လိုက်ရမယ်”
“ငါ ငါ ဘာမှ မပြင်ရသေးဘူးဟ”
အိမ်နေရင်းမို့ အင်္ကျီလက်ပြတ်လေးနဲ့ ဖျင်လုံချည်လေးကို ဝတ်ထားတဲ့နှင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းနေရှာသည်။
“အဝတ်ပဲ လဲခဲ့လိုက်.. နင်က ဘာမှမလိမ်းမခြယ်လည်း လှပြီးသား.. သွား.. အဝတ်လဲချည်”
“အင်း”
နှင်းလည်း ခေါင်းတစ်ချက်ညိတ်ပြီး အပေါ်ထက်သို့ တက်လာခဲ့လိုက်သည်။ အောင်မြတ်ရဲ့ ဒီစကားလေး တစ်ခွန်းတည်းနဲ့တင် အားတွေရှိသွားတာ ဘာကြောင့်ပါလိမ့်။
