Ep 19

1.4K 78 0
                                    

Unicode

အပိုင်း (၁၉)

"ကိုပိုင်ထက်ယံ..ကျွန်မနဲ့ တွဲဆိုပေးပါလား"

"ဆူး..ကိုယ်နဲ့အတူ ဆိုပေးလို့ ရမလား"

"ဟာ"

"အို"

တူညီနေတဲ့တောင်းဆိုမှုတစ်ခုကြောင့် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။

"ဟို..အဟင်း..ကိုပိုင်ထက်ယံ..ဒါဆို ကျွန်မတို့ ၂ ယောက် အတူဆိုလို့ဖြစ်တယ်ပေါ့နော်"

ခြူးမျက်နှာလေးက ရယ်ချင်တာကို မနည်းထိန်းထားရသဖြင့် ပြုံးစိစိလေး ဖြစ်နေသည်။ ဒါက ဘယ်လိုခံစားချက်ပါလိမ့်။ သူနဲ့အတူဆိုရမှာမို့ ပျော်နေတာလား။ သူ့စကားနဲ့ အဓိပ္ပာယ်တူသွားလို့ ကြည်နူးနေမိတာလား။

"ဆူးဘက်က အဆင်ပြေတယ်ဆိုရင် ဖြစ်ပါတယ်"

"ခု ဆိုမယ့်သီချင်းကို လေ့ကျင့်နေတာလား"

"မဟုတ်ပါဘူး...ဒီလိုပဲ..စိတ်အပန်းဖြေချင်လို့ ဆိုလိုက်တာပါ"

"ဒါဆို ဆိုဖို့ သီချင်းရွေးထားပြီးပြီလား"

"မရွေးရသေးဘူး...ဆူးဆိုချင်တဲ့သီချင်းရှိလား"

"အင်း...ရှိတယ်"

"ဒါဆို ဆူးဆိုချင်တဲ့ဟာကို ပြောလေ... ကိုယ်လည်း အဲ့ဒါကိုပဲ လေ့ကျင့်လိုက်မယ်"

"အတူမလေ့ကျင့်ဘူးလား"

"ဟင်"

"ကျွန်မတို့က အတူတွဲဆိုမှာလေ...ခုကတည်းက အတိုင်အဖောက်ညီအောင် အတူတူလေ့ကျင့်သင့်တာပေါ့"

"ဆူး အဆင်မပြေမှာစိုးလို့ပါ"

"ပြောလိုက်ရင် ဒီလိုချည်းပဲ...

"ဆူးတစ်ယောက်တည်း နေချင်တယ်ထင်လို့... ဆူး အဆင်မပြေမှာစိုးလို့...ဒီလိုပဲ ပြောတတ်တာလား"

"အဲ့လိုတော့လည်း မဟုတ်ပါဘူး"

"ထားပါတော့...ခု စလေ့ကျင့်ကြမလား... ကျွန်မတို့က ညပိုင်းပဲ လေ့ကျင့်ရမှာဆိုတော့ အချိန်သိပ်မရှိဘူးလေ"

"အင်း...ကောင်းပါတယ်...ဒီညပဲ စကြတာပေါ့"

"ဟုတ်"

ပြောပြောဆိုဆို ခြူးက သူထိုင်နေတဲ့ခုံလေးရဲ့ အစွန်းလေးမှာ လှစ်ခနဲ ဝင်ထိုင်လိုက်သည်။

"ကိုပိုင်ထက်ယံက ဂစ်တာတီးတတ်တယ်ဆိုတော့ ဂစ်တာသံနဲ့ပဲ ဆိုကြရအောင်"

"ဆူးက ဘယ်သီချင်း ဆိုချင်တာလဲ"

"ဟီး"

သူ့အမေးကို မဖြေသေးဘဲ ခြူးက သွားဖြီးလေးနဲ့ ပြုံးပြလိုက်သည်။

⭐⭐⭐⭐⭐⭐⭐⭐⭐⭐

"အန်တီ..နှင်းရော??"

"သြော်..အောင်မြတ်..သမီးက သူ့အခန်းထဲမှာ...သမီးရေ... အောင်မြတ်ရောက်နေတယ်"

အောင်မြတ်နဲ့ နှင်းက အိမ်ချင်းကပ်လျက်ဆိုတော့ အောင်မြတ်က ဒီအိမ်ကို ဝင်လိုက်ထွက်လိုက်လုပ်နေကျ။ မိဘချင်းလည်း ရင်းနှီးကြတော့ ၂ အိမ့်တစ်အိမ်လို ဖြစ်နေကြသည်။ ခုလည်း ည ၉ နာရီကျော်ကြီး ရောက်ချလာသည်လေ။

"အင်း..အောင်မြတ်..ပြော"

အိမ်နေရင်းလည်း မြန်မာဆန်ဆန်လေးတွေကိုသာ ဝတ်တတ်တဲ့ နှင်းက အမြင်ကို အေးချမ်းစေတာ အမှန်။

"သမီးတို့ လွတ်လွတ်လပ်လပ်ပြောကြ... မေမေ အိပ်တော့မယ်"

"ဟုတ်"

"နှင်း...နင့်ကို ပိုင်ထက်က ဘာတွေပြောသေးလဲ"

"ဘာကိုလဲ"

"ဟိုလေ...သူနဲ့ သီချင်းအတူဆိုဖို့လေ... မပြောဘူးလား"

"ပြောတယ်"

"အဲ့တော့ နင် လက်ခံလိုက်တယ်မလား"

"ငါ ငြင်းလိုက်မိတယ်ဟ"

"ဟာ..ဘာဖြစ်လို့လဲ...နင်ဟာ... ဒီလောက်ကောင်းတဲ့အခွင့်အရေးကို...ဒါက နင်တို့ကို ပိုပြီး နီးစပ်စေတယ်လေ... ဒါလေးတောင် မသိဘူးလား"

"သိတာပေါ့...ဒါပေမယ့် ငါ့ဘက်က မလုပ်နိုင်ဘူးဟ...သူနဲ့ စကားပြောရင်တောင် မဝံ့မရဲဖြစ်ပြီး စကားတွေ ထစ်နေတာ... လူတွေအများကြီးရှေ့မှာ သီချင်းတွဲဆိုဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူးဟာ... ငါ့ကြောင့် သူ အရှက်ကွဲလိမ့်မယ်"

"နင်ကလည်းဟာ...မဆိုင်လိုက်တာ"

အောင်မြတ် နှင်းကိုကြည့်ပြီး ရင်ထဲမကောင်းဖြစ်ရသည်။ သူသိတာပေါ့။ နှင်းက ပိုင်ထက်ယံကို ဟိုးအရင်ကတည်းက ချစ်နေခဲ့တယ်ဆိုတာကို။

ပိုင်ထက်ယံဘက်က ဖွင့်ပြောလာလို့ ရည်းစားတွေဖြစ်သွားတော့ အဆင်ပြေသွားပြီလို့ပဲ ထင်ခဲ့မိသည်။ သို့သော် အရိပ်အကဲ နားလည်လွန်းသည့် သူ့ပါရမီကြောင့် ပိုင်ထက်ယံနဲ့ နှင်းတို့ဆက်ဆံရေးက ထင်သလောက် မနွေးထွေးဘူးဆိုတာကို သိလာခဲ့ရသည်။

နှင်းကိုလည်း အပြစ်မဆိုချင်ပါ။ သူမမှာလည်း မိန်းကလေးဣနြေ္ဒဆိုတာ ရှိသေးသည် မဟုတ်ပါလား။

"အေးပါ...ငါ အဲ့ဒါသိချင်လို့ လာမေးတာ...နင့်ကို နည်းနည်းတော့ အကြံပေးချင်တယ်...ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ထိန်းချုပ်မထားနဲ့...စိတ်ထဲ တင်းမထားနဲ့...တစ်ခါတစ်လေ စိတ်ထဲရှိတဲ့အတိုင်း နေပစ်လိုက်...တင်းခံထားရင် နင်ပဲ ပင်ပန်းရလိမ့်မယ်"

'အောင်မြတ်ရယ်...ပိုင်သာ နင့်တစ်ဝက်လောက်ပဲ ငါ့ရင်ထဲက ခံစားချက်တွေကို သိတယ်ဆိုရင် ငါ သိပ်ဝမ်းသာမိမှာဟ'

နှင်း ရင်ထဲက စကားသံတွေနဲ့အတူ အောင်မြတ်ကို ငေးကြည့်ရင်း အပြုံးမပီသသော အပြုံးတစ်ခုဖြင့်

"အေးပါဟာ...ငါလည်း တစ်ခါတစ်လေတော့ စိတ်ထဲရှိတဲ့အတိုင်း နေပစ်ချင်တယ်"

"အေးပါ...ငါသွားတော့မယ်...မနက်ဖြန် lecture အတွက် power point ပြင်ရမှာမို့"

"အင်း"

အောင်မြတ်က ဆိုဖာပေါ်က ထလိုက်တော့ နှင်းပါ လိုက်ထမိသည်။ အောင်မြတ်ကို အိမ်ရှေ့အထိ အတူလိုက်ပို့မိပြန်သည်။ ဒါကလည်း အကျင့်ပါနေတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခု။

"အဲ့နေ့ကျရင် ပွဲကိုတော့ လာမယ်မလား"

"လာမှာပေါ့ဟ...သူဆိုတာကို ကြည့်ချင်သေးတယ်"

"ဟွင်းဟွင်း...သူ့ကို တော်တော်ချစ်တာပဲနော်...နင့်ကိုတော့ လက်မြှောက်ပါတယ်"

"နင်နော်"

အောင်မြတ်စကားကြောင့် နှင်းမျက်နှာလေး ရဲသွားရသည်။ သူမရင်ထဲက သူ့ကိုချစ်တဲ့အချစ်တွေကို အောင်မြတ်မြင်သလို သူကရော မြင်နိုင်ပါ့မလား။

ခိုနားရာWhere stories live. Discover now