Unicode
အပိုင်း (၁၈)
သူ ဆိုင်ကယ်ကို ဂိုဒေါင်ထဲသွင်းပြီး ပြန်ထွက်လာတော့ မီးတိုင်အောက်မှာရပ်နေရင်း သူနဲ့ မိဖြူရဲ့ လှုပ်ရှားမှုတွေကို လှမ်းကြည့်နေတဲ့ ခြူးက နေရာမှာပဲ မလှုပ်မယှက်လေး။
"ဆူး..အပြင်မှာ မအေးဘူးလား"
"ဟင်"
သူပြောမှ အပြင်လေထုက အေးစိမ့်နေတာကို သတိထားမိတော့သည်။
"အဲ..ဟုတ်ပါရဲ့...နည်းနည်းတော့ အေးတယ်"
"အထဲဝင်တော့လေ"
"ဟို...မီးပြတ်နေတယ်"
"ဟင်"
သူ ကြောင်သွားသည်။ မီးပြတ်တာနဲ့ပဲ အပြင်ကို အင်္ကျီပါးလေးနဲ့ ထွက်လာရလား။ ဆူးက အမှောင်ကြောက်တတ်တာလား။
"ဟို..ကိုပိုင်ထက်ယံ အလုပ်ရှိသေးလား"
"ဘာလို့လဲ"
"ဟို..အင်း..ဟီး..ကြယ်ကြည့်ချင်လို့"
ဟောဗျာ။ တစ်ယောက်တည်း မနေရဲတာကို ဝန်မခံချင်တာနဲ့ပဲ ကြယ်ကြည့်ချင်လို့တဲ့။
"အင်း...ကြည့်လေ...မီးရောင်မရှိတော့ ကြယ်တွေကို ပိုပြီးမြင်နိုင်တာပေါ့"
'တစ်ခါလောက်တော့ ဝန်ခံစေချင်တယ် ခြူး...မင်းအနားမှာ တစ်ယောက်ယောက်ရှိနေဖို့ လိုအပ်တယ်ဆိုတာကို...ဒီလိုအကြောင်းပြချက်တွေနဲ့ ဖုံးကွယ်ထားတာမျိုးမဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောစေချင်တယ်'
ရင်ထဲမှာ စကားတွေဆိုရင်း သူ့ခြေလှမ်းတွေကို တိုက်ထဲသို့ ဦးတည်လိုက်သည်။
"ကိုပိုင်ထက်ယံ..ခဏ..."
ခေါ်တော့လည်း ကိုယ်ကိုအနည်းငယ်စောင်း၍ လှည့်ကြည့်လိုက်ပါသည်။
"ပြန်ဆင်းလာဦးမှာလားဟင်"
"..."
"ဟို..ရပါတယ်...အလုပ်လုပ်ရဦးမှာဆိုရင်လည်း မဆင်းခဲ့ပါနဲ့တော့"
သူ ဘာမှမပြောဘဲ ခြူးကို ကျောခိုင်း၍ ဆက်လျှောက်လာလိုက်သည်။ ရပါတယ်လို့ပြောလိုက်တဲ့ ခြူးအသံက အနည်းငယ်တုန်နေတာကို သူသတိထားမိပါသည်။
သို့သော် မနေ့က ခြူး သူ့ကို မေးခဲ့တဲ့ မေးခွန်းတွေအတွက် အဖြေမပေးနိုင်တာကြောင့် ခြူးနဲ့ မျက်နှာချင်းမဆိုင်ချင်သေးပါ။
"ကိုယ် အမှန်တရားတစ်ခုကိုတော့ ဖွင့်ပြောသင့်ပြီ ထင်တယ် ခြူး"
တိုက်ခန်းမှောင်မှောင်ထဲ တဖြည်းဖြည်းပျောက်ကွယ်သွားတဲ့ သူ့ကျောပြင်ကို ငေးကြည့်နေရင်းမှ အားငယ်စိတ်တွေက တိုးလာပြန်သည်။ ဖြူလေးကို ကြည့်လိုက်တော့ သူဝယ်လာပေးတဲ့ ကြက်ကင်ကို အသားရော အရိုးပါ မချန် ဝါးတီးဆွဲနေလေသည်။
"ဟင်း...နင့်သခင်က ငါ့ကို နင့်လောက်တောင် ဂရုမစိုက်ပါလား"
ဖြူလေးအနားသွားပြီး ငုတ်တုတ်လေးထိုင်ရင်း ညည်းတွားလိုက်မိသည်။
"နေပါဦး...ငါက ဘာဖြစ်နေတာလဲ... ငါ့အနား ဝိုင်းနေတဲ့ ယောက်ျားတိုင်းကို တဒေါက်ဒေါက် တောက်ချခဲ့ပြီး သူ့ကျမှ ဘာတွေမျှော်လင့်နေပါလိမ့်...ကျစ်... အရေးမပါတာတွေ"
![](https://img.wattpad.com/cover/170940245-288-k101405.jpg)