Unicode
အပိုင်း (၁၁)
"ဘယ်လိုအရေးကြီးတဲ့စကားမို့ အိမ်မှာမပြောဘဲ အပြင်ကို ခေါ်လာတာလဲ...မေသိမ့်သိလို့ မဖြစ်တဲ့ကိစ္စလား"
အောင်မြတ်ရဲ့အမေးကို သူ ခေါင်းရမ်းပြလိုက်ရင်း
"မေမေ့ရှေ့မှာပြောရင် မေမေစိတ်မကောင်းဖြစ်သွားမှာစိုးလို့ပါ"
"ဘာအကြောင်းလဲကွ"
အောင်မြတ်မှာ သိချင်စိတ်ကို ထိန်းမရတော့။ နှင်းကတော့ ပိုင်ထက်ကိုသာ ကြည့်နေပြီး သူဘာပြောမလဲဆိုတာကိုပဲ စိတ်ဝင်စားနေသည်။
"ငါတို့ သူငယ်ချင်းဖြစ်လာတာ အတော်ကြာခဲ့ပြီနော်...ဒါပေမယ့် ငါ့အကြောင်းကို မင်းတို့ အပြည့်အစုံမသိသေးဘူး... ဒါကြောင့် ငါ့ဘက်က ပွင့်ပွင့်လင်းလင်း ပြောပြထားချင်လို့"
"အင်း"
အောင်မြတ်က စကားထောက်ပေးတော့ သူက ဆက်ပြောသည်။
"တကယ်တော့ ငါ့ကို မေမေက မွေးစားထားတာ"
"ဟင်!!"
"အို!!"
ထင်မှတ်မထားတဲ့စကားကြောင့် နှင်းနဲ့ အောင်မြတ်ဆီမှ အာမေဍိတ်သံကိုယ်စီ ထွက်လာကြတော့သည်။
သူလည်း သူနဲ့မေမေစတွေ့ချိန်တုန်းက အဖြစ်အပျက်တွေကို မှတ်မိသလောက် ပြောပြလိုက်တော့သည်။
"ပိုင်ထက်ရယ်...ငါဖြင့် မင်းကိုယ်တိုင်ပြောလို့သာ ယုံရတယ်... လုံးဝကို ထင်မထားဘူးကွာ...မေသိမ့်က မင်းကို တကယ့်သားအရင်းလို ချစ်ရှာတာနော်"
"အင်း...ဒါကြောင့် ငါ မေမေ့ကို ပျော်အောင် ထားချင်တယ်... မေမေပြုံးနေဖို့ဆိုရင် ဘာပဲလုပ်ရလုပ်ရ ငါ လုပ်မယ်"
ဒီစကားကို ပြောနေတုန်းမှာ သူ့မျက်ဝန်းတွေ အရောင်တောက်ပနေပေမယ့် ဒီစကားက နှင်းအတွက်တော့ စိတ်ထင့်စရာတစ်ခု ဖြစ်သွားလေသည်။
'မေသိမ့်ပြုံးနေဖို့ဆို ဘာပဲလုပ်ရလုပ်ရတဲ့လား ပိုင်ရယ်... နှင်းကို ဖွင့်ပြောခဲ့တာကရော..မေသိမ့်ပြုံးတာကို မြင်ချင်ရုံသက်သက်ပဲလား'
"နှင်း..ဘာတွေငိုင်နေတာလဲ"
"သြော်..အင်း...ဘာမှမဖြစ်ပါဘူး"
"နင် ပိုင်ထက်အပေါ် မပြောင်းလဲဘူးမလား"
"ဟင်!!..ဘာကိုလဲ"
"ပိုင်ထက်က မေသိမ့်သား မဟုတ်ဘူးဆိုတော့လေ... ပြီးတော့ သူ့မိဘတွေက ဘယ်သူဘယ်ဝါဆိုတာကိုလည်း သေချာမသိရဘူးလေ"
"ဟာ..နင်ကလည်း..ငါက မေသိမ့်သားမို့ချစ်တာမဟုတ်ဘူး... ပိုင်ထက်ယံမို့ ချစ်တာ"
ပြောပြီးမှ ကိုယ့်စကားကိုယ် ရှက်သွားပြီး ပါးလေး ၂ ဖက် ရဲတက်သွားသူက နှင်းပါ။
သူကတော့ နှင်းပြောသမျှကို ပြုံး၍သာ နားထောင်နေသည်။ နှင်းမှာလည်း ချစ်သူဖြစ်တဲ့ ပိုင်ထက်ယံထက် သူငယ်ချင်းဖြစ်တဲ့အောင်မြတ်နဲ့ စကားပြောရသည့်အကြိမ်က ပိုများနေရသည်။
'ဘာလို့ အဲ့လောက် အေးစက်ရတာလဲ ပိုင်ရယ်'
