Unicode
အပိုင်း (၂၅)
ခြူး ဒီနေ့တစ်နေကုန် စိတ်နဲ့လူနဲ့ ကပ်တာ မဟုတ်။ တစ်ချိန်လုံး သူ့အကြောင်းက ခေါင်းထဲမှာ ကြီးစိုးနေတော့ အလုပ်ထဲမှာလည်း အမှားမှားအယွင်းယွင်းနဲ့။ meeting မှာ ကိုဇွဲထိုက်ပြောတဲ့ စကားတွေကိုလည်း ကြားတစ်ချက် မကြားတစ်ချက်။
လှေကားတွေကို လေးကန်တဲ့ ခြေလှမ်းတွေနဲ့ တစ်လှမ်းချင်း တက်လာရင်း နောက်ဆုံးတော့ သူမ နေထိုင်ရာ ၄ လွှာသို့ ရောက်လာခဲ့ပြီ။
"ဟင်..!!"
တံခါးဖွင့်ဖို့ pin ကို နှိပ်ဖို့ ပြင်တော့ လက်က လေထဲမှာတင် အလိုလို ရပ်တန့်သွားလေသည်။
"မနေ့က ငါ တံခါးကို သေချာပိတ်ထားခဲ့တာပါ... သူ အခန်းထဲကို ဘယ်လိုဝင်လာပြီး ဆေးခန်းကို လိုက်ပို့ခဲ့တာလဲ"
မေးခွန်းများစွာဖြင့် အခန်းထဲသို့ ဝင်လာခဲ့ရင်း အဖြေတစ်ခု ရဖို့အတွက် အစီအစဉ်ဆွဲရတော့သည်။
ထင်သည့်အတိုင်းပင်။ ပိုင်ထက်ယံတစ်ယောက် သူမကို စိုးရိမ်လွန်းပြီး သူမအကွက်ထဲကို ဝင်လာခဲ့သည်လေ။•••
"လွန်ခဲ့တဲ့ ၁၇ နှစ်လောက်တုန်းက မိဘမဲ့ကလေးတစ်ယောက် ခါးပိုက်နှိုက်အလုပ်နဲ့ ဘဝကို ရုန်းကန်ခဲ့ရတယ်... တစ်နေ့ သူ အမျိုးသမီးတစ်ယောက်ရဲ့အိတ်ကို လုပြေးခဲ့မိတယ်... ဒါပေမယ့် အဲ့အမျိုးသမီးကပဲ သူ့အသက်ကို ကယ်ခဲ့တယ်...သူ့ကို ထမင်းဝယ်ကျွေးခဲ့တယ်... နောက်ဆုံး သူ့ကို သားအဖြစ်မွေးစားပြီး သားအရင်းတစ်ယောက်လို ပြုစုပျိုးထောင်ပေးခဲ့တယ်... အဲ့အမျိုးသမီးက ဒေါ်သိမ့်နွယ်ဆိုတဲ့ ခြူးရဲ့မေမေပဲ"
"ဒါဆို အဲ့ဒီကလေးကရော..?"
ထိုအမေးကြောင့် ခြူးကို ရီဝေဝေလေး စိုက်ကြည့်ရင်း ဖြေလိုက်သည်။
"အဲ့ဒီကလေးက ကိုယ်ပဲ ခြူး"
"ဟင်..!!"
"ဟုတ်တယ်...ကိုယ့်ကို ခြူးမေမေက သားအဖြစ် မွေးစားခဲ့တာ... ကိုယ့်ကို သားအရင်းတစ်ယောက်လို ချစ်ပေးခဲ့တယ်... ပြုစုပျိုးထောင်ပေးခဲ့တယ်... ပညာသင်ပေးခဲ့တယ်... မေမေ့ကျေးဇူးတွေကြောင့် ပိုင်ထက်ယံဆိုတာ ခုလို လူတစ်လုံး သူတစ်လုံး ဖြစ်လာရတာပါ ခြူး"
"ဒါဆို ကျွန်မဆီ ရောက်လာရတာက ရည်ရွယ်ချက်ရှိရှိနဲ့ပေါ့"
"ကိုယ် တမင်လုပ်ယူခဲ့တာ မဟုတ်ပါဘူး... ဒီတိုက်ခန်းကို စုံစမ်းတုန်းက ခြူးနဲ့ နီးမှန်း မသိခဲ့ရိုးအမှန်ပါ... ပြောင်းလာပြီးမှ ခြူးနဲ့ မျက်နှာချင်းဆိုင်မှန်း သိတာပါ"
"ဒါဆို ကျွန်မကို ဂရုစိုက်ပေးခဲ့တာကရော...?"
ခြူး ဘာလို့ ဒါတွေကို မေးနေရတာလဲ။ မေမေနဲ့ တွေ့ချင်တယ်လို့ ပူဆာရမယ့်အစား ခုလိုတွေ မေးနေတာက ရင့်ကျက်သွားလို့များလား။
"မေမေ့သား ဖြစ်လာကတည်းက ကိုယ့်မှာ ဆန္ဒတစ်ခုရှိခဲ့တယ်... မေမေနဲ့ ခြူးကို အမြဲတမ်း ပျော်အောင်ထားမယ်ဆိုတဲ့ ဆန္ဒလေးပဲ... ဒါကြောင့်..."
"မေမေ့ကြောင့်ပေါ့...? မေမေ့ကြောင့် ကျွန်မကို ဂရုစိုက်ပေးခဲ့တာပေါ့..?"
သူ ခေါင်းကိုသာ တညိတ်ညိတ် လုပ်နေမိတော့သည်။ တကယ်လည်း မေမေ့ကြောင့်ဆိုပြီး စတင်ခဲ့မိတာပါလေ။ ဒါပေမယ့် အဲ့ဒီအကြောင်းပြချက်က တဖြည်းဖြည်းနဲ့ ဝေဝါးလာခဲ့တာကိုတော့ သူကိုယ်တိုင် သတိထားမိခဲ့ပါသည်။