Ep 12

1.5K 88 1
                                    

Unicode

အပိုင်း (၁၂)

"သမီး..ဘာတွေပြုံးနေတာလဲ"
      
ရွှေရည်မိုးတစ်ယောက် အပြင်က ပြန်လာကတည်းက ဆိုဖာပေါ်ထိုင်ပြီး တွေးလိုက်ပြုံးလိုက်ဖြစ်နေတာကို သတိထားမိတဲ့ ဒေါ်ဒေစီကျော်က မေးလာလေသည်။
      
"မာမီ..သမီးလေ..ဒီတစ်ခါတော့ တကယ်ထင်တယ်"
      
"ဘာကိုလဲ သမီးရဲ့..ရှင်းရှင်းပြောစမ်းပါ"
      
"သမီးလေ..ချစ်မိသွားပြီလား မသိဘူး"
      
"ဟင်!!..ဘယ်သူ့ကိုလဲ...ဟိုကောင်လေး ရောင်စဉ်လင်းလက်ကိုလား"
      
"ဟာ..မဟုတ်ပါဘူး မာမီရဲ့..ရောင်စဉ့်ကို ရင်ပဲခုန်တာ...ခုဟာက တကယ်ကြီးကြွေသွားတာ မာမီရ"
      
"ဟောတော်!!..ပြောပါဦး..သူက ဘယ်သူမို့လို့လဲ... နာမည်ဘယ်လိုခေါ်လဲ...ဘယ်ကလဲ...ဘာလုပ်လဲ"
      
"ဟာ...မာမီ့မေးခွန်းတွေက များလိုက်တာ...မာမီမေးတာတွေကို သမီး တစ်ခုမှမဖြေနိုင်ဘူး"
      
"ဟင်!!"
      
"ဟုတ်တယ်...သူ့နာမည်ကိုလည်း မသိဘူး...ဘယ်မှာနေလဲ.. ဘာလုပ်လဲဆိုတာကို တစ်ခုမှ မသိဘူး"
      
"ဟယ်တော်..ဒါဆို ဘယ်နှခါတွေ့ပြီးပြီတုန်း"
      
"ဟီး...၂ ခါတည်း ရှိသေးတယ်"
      
"ဟောတော်!!"
      
လက်လေး ၂ ချောင်း ထောင်ပြရင်း ပြောလိုက်တဲ့ ရွှေရည်မိုးကြောင့် ဒေါ်ဒေစီကျော်မှာ ရင်ဘတ်ကို လက်နဲ့အသာဖိမိတော့သည်။
      
"မာမီရယ်...သူကလေ..သိပ်ကို တည်ငြိမ်တာပဲ"
      
ရွှေရည်မိုးမှာ ပြောနေရင်းမှ သူနဲ့ နောက်တစ်ကြိမ် တွေ့ဆုံခဲ့တဲ့ အတိတ်ပုံရိပ်လေးကို မြင်ယောင်လာမိတော့သည်။
      
ဂါဝန်မိုးပြာရောင်တိုနန့်နန့်လေးကို ဝတ်ဆင်ထားတဲ့ ရွှေရည်မိုးက သိပ်ကိုချစ်စရာကောင်းတဲ့ ပုံစံလေးပါ။ သူမနဲ့
မျက်နှာချင်းဆိုင်မှာလျှောက်လာတဲ့ ကောင်လေးတွေက သဘောကျစွာ ငေးကြည့်ကြသလို ကောင်မလေးတွေကလည်း အားကျစွာကြည့်သွားကြသဖြင့် စိတ်ထဲမှာ အကျေနပ်ကြီး ကျေနပ်နေမိသည်။
       
အပျော်တမ်းဈေးဝယ်ထွက်လာတာမို့ အရုပ်ဆိုင်ထဲဝင်လာရင်း သဘောကျသမျှအရုပ်တွေကို တစ်ခုပြီးတစ်ခု ဝယ်နေတော့သည်။
       
"ဟယ် မျောက်ရုပ်လေးက အဖြူရောင်လေးပါလား"
      
ဆိုင်ထဲတွင် တစ်ခုတည်းရှိနေသော မျောက်ရုပ်အဖြူရောင်လေးကိုမြင်တော့ သဘောကျစွာကြည့်လိုက်ရင်း လှမ်းယူ
လိုက်သည်။
      
"အို"
      
သူမက လက်လှမ်းနေတုန်းပဲ ရှိသေး၊ ထိုမျောက်ရုပ်လေးကို တခြားလူက ဦးသွားတော့သည်။
      
"ဒါ ကျွန်မအရင်မြင်တာ"
      
ထိုလူ့ကို ရန်လုပ်ဖို့ မော့ကြည့်လိုက်တော့ သူမမျက်လုံးတွေ ဝိုင်းစက်သွားရသည်။
      
"ဟို..ဟို..ဟိုနေ့က အစ်ကို..."
      
"ဒီအရုပ်က ညီမမှာထားတာလား"
      
"ဟင်!..အဲ..မ..မဟုတ်ပါဘူး"
      
ခပ်ပြတ်ပြတ်ထွက်လာတဲ့ အသံသြသြကြောင့် သူမ စကားတွေပင် ထစ်အ ကုန်သည်။
      
"ဒါဆို အစ်ကို ယူလိုက်မယ်နော်"
      
ထိုအပြောနဲ့အတူ ပြုံးပြလိုက်တော့ လှစ်ခနဲပေါ်လာတဲ့ ပါးချိုင့်လေးတစ်စုံ။ သူက ထိုနေရာမှ ထွက်သွားပြီး ကောင်တာမှာ ငွေရှင်းနေပေမယ့် သူမကတော့ ထိုနေရာလေးမှာ မလှုပ်မယှက် ရပ်နေမိဆဲ။
      
"ငါ..ငါ အပြုစားခံလိုက်ရတာလား... သတိထားစမ်း မိရွှေရည်"
      
ကိုယ့်ကိုယ်ကိုယ်သတိပေးရင်း ဆိုင်ထဲကို ဝေ့ပတ်ကြည့်တော့ ထိုလူ့ကို ရှာမတွေ့တော့။
      
"နာမည်လေးတောင် မသိလိုက်ရဘူး"
      
ဖြစ်ခဲ့သမျှကို ပြန်ပြောပြနေတဲ့ သမီးဖြစ်သူရဲ့မျက်နှာလေးက ပြုံးရွှင်နေတာမို့ ဒေါ်ဒေစီကျော်လည်း လိုက်ပြုံးမိပါသည်။
      
"သမီးရယ်...၂ ခါပဲ တွေ့ဖူးတာနဲ့ ချစ်မိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား"
       
"မသိတော့ဘူး မာမီရယ်...သမီးလေ...သူ့ကို တွေ့ပြီးရင်း တွေ့ချင်နေတာ...သမီးတော့ သူ့စိတ်နဲ့ ရူးတော့မယ်"
       
"ဖြစ်ရလေကွယ်..ခစ် ခစ်"
       
"ဒီသားအမိ ဘာတွေသဘောကျနေကြတာလဲ"
       
"ခစ် ခစ်..ကို..ကို့သမီး အရွယ်ရောက်လာပြီ"
       
"ဟေ...ဟုတ်လား...သမီး..ကောင်လေးက ဘယ်ကလဲ"
       
"မာမီပဲ ပြောပြလိုက်တော့...သမီး ရှက်လာပြီ"
       
"ဒါလား..ရှက်တဲ့ရုပ်ကြီး....သမီးပဲ ပြောပြလိုက်... ခုနက မာမီ့ကိုပြောပြသလို ခံစားချက်အပြည့်နဲ့လေ"
       
"ဟာ...မာမီနော်"
       
"ကဲ..ပြောပါဦး သမ်ီးရဲ့...သူက ဘယ်သူတုန်း"
       
"ဟို..အဲ့ဒါတော့ မသိသေးဘူး ဒယ်ဒီ... သူနဲ့ ခုမှ ၂ ခါပဲ တွေ့ဖူးသေးတယ်"
       
"ဟေ!!!.."
       
"ဟုတ်တယ် ကိုရဲ့...ဒေစီတောင် တော်တော်အံ့သြသွားတာ"
      
"ဟားဟား..သမီးကတော့လေ...ဟုတ်ပါပြီ...ခု ဒယ်ဒီ သမီးကို ပြောစရာလေးရှိလို့"
      
"ဟုတ်"
      
ဦးစိုးမိုးနိုင်က သူ့လက်ထဲကဖိတ်စာလေးကို လှမ်းပေးရင်း
      
"အဲ့နေ့က ဒယ်ဒီ အလုပ်ကိစ္စနဲ့ ခရီးထွက်ရမှာ... ဒယ်ဒီ့ကိုယ်စား သွားပေးပါလား...လှိုင်က သမီးနဲ့ ရင်းနှီးပြီးသားဆိုတော့ သမီးကို သွားစေချင်တယ်"
      
"ဟုတ်ကဲ့ပါ ဒယ်ဒီ...အင်း...ဘာလိုလိုနဲ့ မမလှိုင်ရဲ့သမီးလေးတောင် ၂ နှစ်ပြည့်သွားပြီနော်"
      
ရွှေရည်မိုး မွေးနေ့ဖိတ်စာလေးကိုကြည့်ရင်း ရေရွတ်လိုက်လေသည်။

ခိုနားရာWhere stories live. Discover now