Unicode
အပိုင်း (၁၀)
မိုးသားတိမ်လိပ်တို့က မိုးကောင်းကင်တစ်ခွင်ဝယ် တရိပ်ရိပ်တက်လာလေပြီ။ သေချာပြီ။ မကြာခင် မိုးရွာတော့မည်။
မြက်ခင်းပြင်လေးပေါ်ကို ရှူးဖိနပ်အဖြူရောင်လေး စီးထားတဲ့ ခြေထောက်ဖွေးဖွေးလေးတစ်စုံ လှမ်းလျှောက်လာသည်။ သူမလက်ထဲမှာတော့ ကြာပန်းတစ်စည်းကို ကိုင်ဆောင်ထားလေသည်။
ထိုကြာပန်းစည်းလေးကို အုတ်ဂူဝါဝါလေးထက်တွင် အသာတင်လိုက်ကာ သူမ သက်ပြင်းတစ်ချက်ကို ရှည်ကြာစွာ ချလိုက်တော့သည်။
"ရှင်း..."
ခေါ်သူမရှိတော့တဲ့ နာမည်တစ်ခုကို သူမ ရွတ်ခေါ်နေမိသည်။
"နင်ထွက်သွားတာ ၅ နှစ်ပြည့်တော့မယ်နော်"
သူမရဲ့မျက်ဝန်းထဲမှာတော့ မျက်ရည်ဥလေးများ တွဲခိုလာကြသည်။
"နင်ပြောတော့ ငါနဲ့အတူ မော်ဒယ်လုပ်မယ်ဆို..ငါတို့တွေ စုံတွဲလျှောက်ကြမယ်ဆို... ရှင်း..နင်သိလား...ငါ နင့်ကို အရမ်းသတိရတယ်...မားလည်း နင့်ကို အရမ်းလွမ်းနေရှာတာဟ...ဒါပေမယ့် သူတစ်ယောက်တည်း ကျိတ်ခံစားတာ... အနီးဆုံးမှာရှိတဲ့ ငါ့ကိုတောင် ရင်ဖွင့်တာမဟုတ်ဘူး...ငါ ခုထိ မယုံနိုင်သေးဘူးဟာ..နင် လူ့လောကကြီးမှာ မရှိတော့ဘူးဆိုတာကို ခုချိန်ထိ လက်ခံလို့မရသေးဘူး...နင် ငါ့ဆီ ပြန်လာရင် သိပ်ကောင်းမှာပဲ ရှင်းရယ်...ခုဆို ငါ့မှာ နင့်လိုခင်တွယ်ရတဲ့ သူငယ်ချင်းမျိုး တစ်ယောက်မှ မရှိတော့ဘူး...လူတွေက ကြောက်ဖို့ကောင်းတယ် ရှင်းရယ်...သူတို့အားလုံးက အပေါ်ယံကိုသာ အလေးပေးကြတယ်.. ငါ့အတွက် တကယ်ယုံကြည်ရတဲ့လူဆိုတာ မားတစ်ယောက်ပဲ ရှိတော့တယ်"
မိုးသက်လေရဲ့အအေးဓာတ်က လူကို ချမ်းစိမ့်သွားစေသည်။ တဖြောက်ဖြောက်ကျဆင်းလာသော မိုးစက်တွေနဲ့အတူ သူမမျက်ရည်တွေလည်း ရောပြွန်းကုန်သည်။
"ရှင်း...ငါ နင့်ကို အရမ်းသတိရတယ်...ရှင်း..."
မိုးရွာတဲ့နေ့ဆို သူမလည်း မျက်ရည်မိုးတွေ ရွာသွန်းရစမြဲ။ ငယ်စဉ်က ရှင်းနဲ့အတူ မိုးရေထဲမှာ ပျော်ပျော်ကြီးဆော့ကစားခဲ့ကြသည်။ ကျောင်းဆင်းချိန်ဆို ဖေဖေလာကြိုတာကို မစောင့်ဘဲ ရှင်းနဲ့အတူ မိုးရေထဲမှာ လက်ချင်းတွဲပြီး အိမ်ပြန်လမ်းကို ဖြတ်သန်းခဲ့ဖူးသည်။
၁၂ နှစ်တာကာလအတွင်းမှာ ရှင်းနဲ့အတူ အမှတ်တရများစွာကို ပိုင်ဆိုင်ခဲ့ကြသည်။ ခုတော့ဖြင့် ရှင်းက သူမအနားမှာ
မရှိတော့။ အမှတ်တရတွေကိုလည်း ဖန်တီးနိုင်စွမ်း မရှိတော့။
ရှင်းထွက်သွားပြီးကတည်းက သူမရဲ့အပြုံးအစစ်တို့ ပျောက်ကွယ်သွားခဲ့သည်။ လုပ်ငန်းသဘောအရမို့ ပြုံးလိုက် ရယ်လိုက်လုပ်နေခဲ့ရပေမယ့် တကယ်တမ်းကျ သူမဆီမှာ ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းသွားခဲ့လေပြီ။
"ဟယ်...ခြူး..မိုးရေတွေလည်း ရွှဲလို့... မနက်တုန်းက သံဃာတွေကို ဆွမ်းကျွေးပြီးကတည်းက ပျောက်သွားတာ..ဘယ်တွေသွားနေတာလဲ ခြူးရယ်"
မားက မိုးရေတွေရွှဲနေတဲ့ခြူးကို စိုးရိမ်တကြီး မေးလာသည်။ ခြူးကတော့ ဘာမှပြန်မဖြေ။
"သားဆီ သွားတာလား"
ခြူး ခေါင်းကိုသာ ညိတ်ပြလိုက်သည်။
"သမီးရယ်~~~"
ဒေါ်သီရိရှင်း စိတ်မကောင်းစွာ ရေရွတ်ရင်း ခြူးကို အိမ်ထဲထိ ခေါ်လာလိုက်သည်။ ခြူးအတွက်တော့ ဒီအိမ်လေးက ရှင်းရှိခဲ့စဉ်တုန်းကလို နွေးထွေးလျက်ပင်။
မားက ခပ်ပါးပါးလှီးထားတဲ့ ချင်းတက်တွေကိုရေနွေးစိမ်ထားတဲ့ ခွက်လေးအား သူမဆီ ကမ်းပေးသည်။
ဒါက ခြူးအတွက် သူမကိုယ်တိုင်စီမံပေးရတဲ့ ဆေးတစ်ဖုံပင်။ မိုးမိတိုင်း အအေးပတ်ပြီး ဖျားတတ်တဲ့ခြူးအတွက် ဒီချင်းရည်က ကာကွယ်ဆေးတစ်ခွက်လို ဖြစ်လာခဲ့ပြီလေ။
"ဒီညတော့ ဒီမှာပဲ အိပ်သွားပါလား... မိုးကလည်း ဒီပုံစံအတိုင်းဆို တိတ်သေးမှာ မဟုတ်ဘူး...တိုက်ခန်း ပြန်လို့တော့ မဖြစ်ဘူး...သမီးက အအေးမိထားတာ..ဟိုမှာဆို ဖြစ်သလိုနေမှာ..မားသိတယ်"
"ဟုတ်ကဲ့ပါ မား...သမီး ဒီမှာပဲ ညအိပ်လိုက်ပါ့မယ်"
"အင်း..မားအခန်းထဲ ခဏဝင်မှေးနေလိုက်ဦး... နွေးနွေးထွေးထွေး နေနော်... ညစာကျက်ရင် မား လာခေါ်မယ်"
"ဟုတ်"
ရှင်းမရှိတော့တဲ့နောက်ပိုင်း မားက ခြူးကို အရင်ကထက် ပို၍ဂရုစိုက်ပေးခဲ့သည်။ ခြူးကိုကြည့်တဲ့အကြည့်တွေက ရှင်းကိုကြည့်နေသလိုမျိုးပဲဆိုတာ အကြည့်ခံရတဲ့ခြူးက ကောင်းကောင်းသိတာပေါ့။ ခြူးက မားအတွက် ရှင်းကိုယ်ပွားလေး ဖြစ်နေခဲ့ပြီပေါ့လေ။
